ချယ်လ်ဆီးအသင်းက အနာဂတ် မရေမရာဖြစ်နေသည့် ဝါရင့်ခံစစ် ကစားသမား အက်ပလီကွီတာကို နှစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆို
ချယ်လ်ဆီးအသင်းက အနာဂတ် မရေမရာဖြစ်နေသည့် အသင်းခေါင်းဆောင် ဝါရင့်ခံစစ်ကစားသမား အက်ပလီကွီတာကို အသင်းတွင် နှစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း အတည်ပြုကြေညာခဲ့သည်။
အသက် ၃၂ နှစ်အရွယ် အက်ပလီကွီတာသည် ၂၀၁၂ ခုနှစ်က မာဆေးလ်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် အသင်း၌ ဘောလုံးရာသီတိုင်းတွင် အဓိက ကစားသမားအဖြစ် ပါဝင်လာခဲ့ပြီး နောက်ပိုင်းနှစ်များတွင်လည်း အသင်းခေါင်းဆောင်အဖြစ် ပါဝင်ခွင့်ရရှိခဲ့သူဖြစ်သည်။
ချယ်လ်ဆီးအသင်းနှင့် အက်ပလီကွီတာတို့၏ စာချုပ်သက်တမ်းမှာ တစ်နှစ်သာကျန်ရှိပြီး ၎င်းအနေဖြင့် လက်ရှိ ကစားသမား အပြောင်းအရွှေ့ကာလ အစပိုင်းက အသင်းနှင့် စာချုပ်ဖျက်သိမ်းပြီး ဘာစီလို နာအသင်းသို့ ပြောင်းရွှေ့ကစားရန် ကြိုးပမ်းခဲ့သော် လည်း နောက်ပိုင်းတွင် ဆုံးဖြတ်ချက် ပြန်လည်ပြင်ဆင်ခဲ့ပြီး ချယ်လ်ဆီးအသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းက အသင်း၏ မူဝါဒအရ အသင်းမှ အသက် ၃၀ ကျော်လွန်သည့် ကစားသမားများကို စာချုပ်ချုပ်ဆိုရာတွင် တစ်နှစ်ထက်ပိုပြီး မချုပ်ဆိုသော်လည်း ယခုအခါ အက်ပလီကွီတာကို နှစ်နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့သည့်အတွက် ၎င်းအနေဖြင့် ၂၀၂၄ ခုနှစ်အထိ အသင်း၌ ဆက်ရှိနေမည် ဖြစ်ကြောင်း သိရသည်။