မန်ယူအသင်း၏ ပရီးမီးယားလိဂ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်ကို တိုက်စစ် ကစားသမား မာရှယ် ဒဏ်ရာကြောင့် လွဲချော်မည်

မန်ယူအသင်း၏ ပရီးမီးယားလိဂ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်ကို တိုက်စစ် ကစားသမား မာရှယ် ဒဏ်ရာကြောင့် လွဲချော်မည်

မန်ယူအသင်းတိုက်စစ် ကစားသမား မာရှယ်သည် ပေါင်ခြံကြွက်သားဒဏ်ရာကြောင့်  ပရီးမီးယားလိဂ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ်ကစားမည့် ဘရိုက်တန်အသင်းနှင့် ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁)အဖြစ် သြဂုတ် ၇ ရက်တွင် ဘရိုက်တန်အသင်းကို အိမ်ကွင်း၌ လက်ခံ ကစားရမည်ဖြစ်သည်။

အသက် ၂၆ နှစ်အရွယ် မာရှယ်သည် ပြီးခဲ့သည့် ဘောလုံးရာသီက ဆီဗီလာအသင်းသို့ ရာသီဝက်အငှား စာချုပ်ဖြင့်  သွားရောက် ကစားခဲ့ပြီးနောက်  စာချုပ်သက်တမ်း ကုန်ဆုံးခဲ့သည့်အတွက်  မန်ယူအသင်းနှင့် ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

မာရှယ်သည်    ပြီးခဲ့သည့် ဘောလုံးရာသီနှစ်ခု အတွင်း  ခြေစွမ်းပိုင်း ကျဆင်းခဲ့ပြီးနောက် အသင်း ပွဲထွက်ကစားသမား စာရင်းမှပင်   ချန်လှပ်ခံခဲ့ရပြီး အငှားစာချုပ်ဖြင့် အသင်းမှထွက်ခွာ ကစားခဲ့ရသော်လည်း ရာသီကြိုခြေစမ်း ပွဲစဉ်များတွင် နည်းပြသစ် တန်ဟတ်၏ အခွင့်အရေးပေးမှုနှင့် အတူ ပြန်လည် ကစားခွင့်ရရှိခဲ့ကာ ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် မန်ယူအသင်းက  ရောင်းချမည့် အစီအစဉ်ကို  ဖျက်သိမ်းပြီး  အသင်း၌  ဆက်လက်အသုံးပြုရန် စီစဉ်ခဲ့ ခြင်းဖြစ်သည်။

မာရှယ်လ်သည် အသင်းနှင့်ပြုလုပ်ခဲ့သည့် လေ့ကျင့်ရေး အစီအစဉ်တွင်    ပေါင်ခြံကြွက်သား ဒဏ်ရာရရှိခဲ့ပြီးနောက်  စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ရက်အနည်းငယ် အနားယူရန် လိုအပ်သည့်အတွက်  ဘရိုက်တန်အသင်းနှင့် ပွဲစဉ်ကို    လွဲချော်မည်ဖြစ်သည်။

မန်ယူအသင်း၏  အဖွင့်ပွဲစဉ်တွင်  နောက်ထပ်  တိုက်စစ်ကစားသမား တစ်ဦးဖြစ်သည့် ဆန်ချိုအနေဖြင့်လည်း  ကြံ့ခိုင်မှု မပြည့်ဝသေးသောကြောင့်  လွဲချော်ဖွယ်ရှိနေပြီး စီရော်နယ်ဒိုကိုသာ အသုံးပြုဖွယ်ရှိနေကြောင်း သိရသည်။