အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်တွင် မလေးရှားနှင့် သရေကျခဲ့သည့် မြန်မာ ယူ-၁၆ အသင်း

အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်တွင် မလေးရှားနှင့် သရေကျခဲ့သည့် မြန်မာ ယူ-၁၆ အသင်း

နေပြည်တော် သြဂုတ်

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် အာဆီယံ ယူ-၁၆ ပြိုင်ပွဲအုပ်စု(ဂ) ဒုတိယမြောက် ပွဲစဉ်တွင် မလေးရှားအသင်းနှင့် တစ်ဂိုးစီသရေ ရလဒ်ထွက်ပေါ်ခဲ့သည်။

 ပွဲအစတွင်  မလေးရှားအသင်းက  တိုက်စစ်ဆင်ကစားခဲ့ပြီး  ပွဲချိန်နှစ်မိနစ်တွင်  တိုက်စစ်မှူး မိုဟာမက်ဒိုင်နီဘင်မက်ဒီဆာက ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ မြန်မာအသင်း အချိတ်အဆက်မိရန် ရုန်းကန်ခဲ့ရသော်လည်း   ပထမပိုင်း  ၁၅ မိနစ်နောက်ပိုင်းတွင်  ကစားပုံ ကောင်းမွန်လာခဲ့ကာ မလေးရှား အသင်းဘက်သို့  ပြန်လည် ထိုးဖောက်လာနိုင်ခဲ့ပြီး အခွင့်အရေးများလည်း ရရှိခဲ့သည်။

ပထမပိုင်းအပြီးတွင်   မြန်မာအသင်း  လူစားလဲမှု အချို့ပြုလုပ်ခဲ့ပြီး ကောင်းခန့်ဇော်၊ စိုင်းဇေယျာကျော်၊ အောင်ဇော်မျိုး အစရှိသည့် ကစားသမားများ  လူစား ဝင်ကစားခဲ့ကြသည်။

ဒုတိယပိုင်း မိနစ် ၅၀ တွင် မြန်မာအသင်း ချေပဂိုးရရှိခဲ့ပြီး လူစားဝင် ကွင်းလယ်ကစားသမား ကောင်းခန့်ဇော်က သွင်းယူပေးခဲ့သည်။

လက်ကျန်ပွဲချိန်များတွင်  မလေးရှားအသင်းနှင့် မြန်မာအသင်းတို့  အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အခွင့်အရေးများလည်း အပြန်အလှန် ရရှိခဲ့ကြသော်လည်း ဂိုးထပ်မရသဖြင့် တစ်ဂိုးစီ သရေဖြင့် ပွဲပြီးဆုံးခဲ့သည်။

မြန်မာ ယူ-၁၆ အသင်းအနေဖြင့် နှစ်ပွဲကစားပြီးချိန်တွင် တစ်ပွဲနိုင် တစ်ပွဲသရေ ရမှတ် ၄ မှတ်ရရှိထားပြီး အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် သြဂုတ် ၈ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ကမ္ဘောဒီးယား အသင်းနှင့် ကစားရမည်ဖြစ်ကြောင်း သိရသည်။