ယူကရိန်းနိုင်ငံသို့ လက်နက် ထောက်ပံ့ပေးခြင်းက ပဋိပက္ခကို ပိုမိုရှည်ကြာအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဗြိတိန်လေဘာပါတီ အကြီးအကဲဟောင်း ဂျယ်ရမီကော့ဘင် ပြောကြား
အနောက်နိုင်ငံများက ယူကရိန်းနိုင်ငံကို လက်နက် ခဲယမ်းများ ထောက်ပံ့ပေးနေခြင်းသည် ယူကရိန်းနိုင်ငံနှင့် ရုရှားနိုင်ငံတို့ကြား လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခကို ပိုမိုရှည်ကြာအောင် လုပ်ဆောင်နေခြင်းဖြစ်သောကြောင့် ယူကရိန်းနိုင်ငံသို့ လက်နက် ထောက်ပံ့နေခြင်းကို ရပ်တန့်ကြရန် ဗြိတိန်လေဘာ ပါတီအကြီးအကဲဟောင်း ဂျယ်ရမီကော့ဘင်က ပြောကြားခဲ့သည်။
ထို့ပြင် အနောက်နိုင်ငံကြီးများသည် ရုရှား-ယူကရိန်း ပဋိပက္ခကို အဆုံးသတ်နိုင်စေမည့် ငြိမ်းချမ်း ရေး ဆွေးနွေးပွဲများအကြောင်း ဆွေးနွေးခဲ့သည့် အခြေအနေအပေါ် ကော့ဘင်က ပြစ်တင်ဝေဖန်ထား သည်။ တစ်နည်းအားဖြင့်ဆိုရပါမူ အမေရိကန် ဦးဆောင်သည့် အနောက်နိုင်ငံကြီးများသည် လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်စေမည့် ငြိမ်းချမ်းရေးဆွေးနွေးမည့်အကြောင်းကို ပြောကြားခြင်းမရှိဘဲ ယူကရိန်းနိုင်ငံသို့ လက်နက်များကိုသာ ဆက်လက် ထောက်ပံ့ပေးနေခြင်းကို ဆိုလိုခြင်းဖြစ်သည်။
ယူကရိန်းနိုင်ငံသို့ လက်နက်ခဲယမ်းများ ဆက်လက်ထောက်ပံ့ပေးခြင်းသည် ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ဘဲ အခြေအနေကို ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း ကော့ဘင်က ယခုရက်သတ္တပတ် အတွင်းက ဘေရွတ်အခြေစိုက် ရုပ်သံတစ်ခုဖြစ်သည့် Al Maya-deen နှင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ ထို့ပြင် အနောက်နိုင်ငံကြီးများသည် ငြိမ်းချမ်းရေးဟူသော စကားလုံးကို သုံးနှုန်းခြင်းထက် စစ်မက်ဖြစ်ပွားခြင်း ဟူသောစကားရပ်ကို တွင်တွင် အသုံးပြုနေသည်ဟု ၎င်းကဆက်လက်ဝေဖန်ထားသည်။
ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားမှုကို အချိန်တိုအတွင်း ထိရောက်စွာ ဖြေရှင်းနိုင်ခြင်း မရှိပါက စစ်ပွဲ၏ အကျိုးဆက်ကို ယူကရိန်းနှင့် ရုရှားပြည်သူများ ရင်ဆိုင်တွေ့ကြုံရမည့်အပြင် တစ်ကမ္ဘာလုံး အနေဖြင့်လည်း ဘေးကင်းလုံခြုံရေးနှင့် စပ်လျဉ်းသည့်စိန်ခေါ်မှုများနှင့် တွေ့ကြုံရမည်ဟု ကော့ဘင်က ဆက်လက် ပြောကြားသည်။ ထို့ကြောင့် ကမ္ဘာ့ခေါင်းဆောင်များ အနေဖြင့် အဆိုပါ လက်နက်ကိုင်ပဋိပက္ခကို ငြိမ်းချမ်း စွာဖြေရှင်း၍ အဆုံးသတ်နိုင်စေရန် ပိုမိုလုပ်ဆောင်သင့်ကြောင်း အကြံပြုထားသည်။
ကော့ဘင်သည် လေဘာပါတီ အကြီးအကဲအဖြစ် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအထိ ဆောင်ရွက်ခဲ့သူဖြစ်ပြီး ပါတီမှ နုတ်ထွက်ခဲ့ပြီးချိန်မှစ၍ ငြိမ်းချမ်းရေးနှင့် တရားမျှတရေး စီမံကိန်းအဖွဲ့ကို တည်ထောင်ခဲ့သူဖြစ်သည်။ ၎င်း၏အကြံပြုချက်များကို ကြည့်မည် ဆိုပါက အနောက်နိုင်ငံများက လက်ရှိလုပ်ဆောင်နေသည့် ဆောင်ရွက်ချက်များသည် ရုရှား-ယူကရိန်း ပဋိပက္ခကို အဆုံးသတ်စေမည် မဟုတ်ဘဲ ပိုမိုရှည်ကြာစေမည်ကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။
စင်စစ်တွင် အနောက်နိုင်ငံများက လုပ်ဆောင်သင့်သည့် အရာမှာ ရုရှားနှင့်ယူကရိန်း နှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲရေးကို ချမှတ်နိုင်ရန် ဦးစွာလုပ်ဆောင်၍ လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်ရေး ထပ်မံကြိုးပမ်းရန်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် ယူကရိန်းနိုင်ငံသို့ လက်နက်ခဲယမ်းများ ဆက်လက် ထောက်ပံ့နေခြင်းကို ရပ်တန့်ရန် ဆိုလိုခြင်းဖြစ်သည်။
ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံနှင့် ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးရန် အသင့်ရှိနေသော်လည်း လက်နက်ကိုင်ပဋိပက္ခများ ကာလရှည်စွာ ထပ်မံဖြစ်ပွား နေခြင်းကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးခြင်းကို ပိုမို ခက်ခဲစေနိုင်သည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြီးခဲ့သည့်လအတွင်းကပင် လူသိရှင်ကြား ပြောကြား ထားသည်။
ထို့ပြင် ရုရှားက ယူကရိန်းကို အပြီးသတ်တိုက်ခိုက် လာစေရန် အနောက်နိုင်ငံများက ဆန္ဒရှိနေသောကြောင့် ထိုအခြေအနေသည် ယူကရိန်းပြည်သူများ အတွက် စိတ်မကောင်းစရာပင် ဖြစ်သည်ဟု ပူတင်က ဆက်လက်ပြောကြားထားသည်။ တစ်ချိန်တည်းမှာပင် သတိပေးချက်များ ရှိနေသော်လည်း အနောက်နိုင်ငံများက ယူကရိန်းနိုင်ငံသို့ ဒေါ်လာဘီလီယံနှင့်ချီသည့် လက်နက်ခဲယမ်းများကို ဆက်လက်ထောက်ပံ့နေခြင်းသည် ရုရှားကို တိုက်ခိုက်ရန် သွယ်ဝိုက်၍ လုပ် ဆောင်နေခြင်းဖြစ်သည်ဟူသော သုံးသပ်ချက်များလည်း ထွက်ပေါ်လျက်ရှိသည်။
ယူကရိန်းနိုင်ငံသို့ ရုရှားနိုင်ငံက ဝင်ရောက်တိုက်ခိုက်ခြင်းနှင့် စပ်လျဉ်း၍ အမေရိကန်နှင့် အနောက် နိုင်ငံများက ရုရှားကို ရန်လိုသည့်နိုင်ငံအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံသို့ လက်နက်ခဲယမ်းများ ထောက်ပံ့ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အနောက်နိုင်ငံများက ရုရှားနိုင်ငံကို ပိတ်ဆို့ မှုများ ချမှတ်ခဲ့သည်။ ရုရှားနိုင်ငံကလည်း အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုကို တန်ပြန်သည့်အနေဖြင့် မိတ်ဆွေနိုင်ငံအဖြစ် ရပ်တည်နေခြင်း မရှိသောနိုင်ငံများသို့ စွမ်းအင် တင်ပို့ရောင်းချရာတွင် ယင်းနိုင်ငံများ အနေဖြင့် ရုရှားနိုင်ငံသုံး ရူဘယ်ငွေကြေးဖြင့် ပေးချေရမည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။
ရုရှားအစိုးရ၏ အဆိုပါ လုပ်ဆောင်ချက်သည် နေတိုးတပ်ဖွဲ့အတွင်းရှိ ဥရောပနိုင်ငံတချို့၌ ဂယက် ရိုက်ခတ်မှုကို ဖြစ်ပွားစေခဲ့သည်။ ထိုအခြေအနေမျိုး မှာပင် ဥရောပနိုင်ငံတချို့သည် ယူကရိန်းနိုင်ငံသို့ ဆက်လက်၍ လက်နက်ခဲယမ်းများ ထောက်ပံ့နေခဲ့ သည်။
အထူးသဖြင့် အမေရိကန်သည် ဒီမိုကရေစီ၊ လူ့ အခွင့်အရေးနှင့် အကူအညီများ ပေးအပ်ခြင်းကို လက်နက်သဖွယ်အသုံးပြု၍ ကမ္ဘာတစ်ဝန်းတွင် ကွဲပြားမှု များဖြစ်ပေါ်စေရန် လုပ်ဆောင်နေပြီး တခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်လျက်ရှိ သည်ဟု နိုင်ငံရေးလေ့လာ ကျွမ်းကျင်သူများက သုံးသပ်ပြောထားသည်။ အမေရိကန်သည် ၎င်းတို့၏အကူအညီကို လက်ခံရရှိသည့် နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်နိုင်စေရန် အမေရိကန်၏ အကျိုးစီးပွားနှင့် ရည်မှန်းချက်များကို ချမှတ်ထားပြီး ဖြစ်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြထားသည်။ အမေရိကန်အစိုးရသည် လက်ရှိ ယူကရိန်းအရေးတွင်လည်း လက်နက်ခဲယမ်း အကူအညီပေးခြင်းကို အသုံးပြု၍ ရုရှားကိုတန်ပြန်ရန် ကြိုးပမ်းလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။
အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံကြီး များသည် ဒေါ်လာဘီလီယံပေါင်းများစွာ အသုံးပြု၍ ယူကရိန်းနိုင်ငံသို့ လက်နက်ခဲယမ်းများ ထောက်ပံ့နေခြင်းသည် အမေရိကန်၏ အကျိုးစီးပွားကြောင့်ဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ကော့ဘင်ထောက်ပြ သလိုပင် ယူကရိန်းနိုင်ငံသို့ အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံကြီးများက လက်နက်ခဲယမ်းများ ပေးပို့ခြင်းသည် လက်နက်ကိုင် ပဋိပက္ခကို ပိုမိုရှည်ကြာ စေမည်ဖြစ်သည်။ ပဋိပက္ခဖြစ်ပွားမှု ပိုမိုရှည်ကြာလေ နှစ်နိုင်ငံစလုံးရှိ ပြည်သူများ ဆိုးရွားသည့်အကျိုး ဆက်နှင့် တွေ့ကြုံလာရနိုင်လေဖြစ်သည့် အပြင် ကမ္ဘာ့ နိုင်ငံများအနေဖြင့်လည်း လက်နက်ကိုင် ပဋိပက္ခ၏ နောက်ဆက်တွဲ အကျိုးဆက်ကို မလွဲမသွေတွေ့ကြုံ လာနိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
ဇေယျဘုန်း