ရုတ်တရက် ကျောက်ကပ်ရောင်ရမ်းခြင်း နာတာရှည် ကျောက်ကပ် ရောင်ရမ်းခြင်း
ရုတ်တရက်ကျောက်ကပ် ရောင်ရမ်းနာလက္ခဏာ အချို့မှာ လည်ချောင်းနာခြင်း၊ ချောင်းအနည်းငယ်ဆိုးပြီး သုံးလေးပတ်မှ သုံးလေးလအတွင်း မျက်ခွံမို့လာခြင်း၊ မျက်စိလေးလံခြင်း၊ မျက်နှာရောင်တာ၊ ဆီးသွားနည်းခြင်း၊ ခေါင်းကိုက်ခြင်းတို့ဖြစ်တယ်။
အပြင်ပန်းကျောက်ကပ် ရောင်ရမ်းနာ ဖြစ်ကာ လည်ချောင်းနာ၊ ရင်ဘတ်နာပြီး ပသိရောင်ရောဂါဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ အဆုတ်အအေးပတ်ခြင်း၊ အူရောင်ငန်းဖျားဖြစ်ခြင်း၊ တစ်နေရာရာမှာ ပြည်တည်နာရှိခြင်း တို့ဖြစ်တတ်တယ်။ ရောဂါပိုးက ကျောက်ကပ်ကို တိုက်ရိုက်ဖျက်ဆီးတာမဟုတ် ရောဂါပိုးကထုတ်တဲ့ အတိုက်ဓာတ်(Toxin)နဲ့ ကိုယ်ခန္ဓာမှ ထုတ်တဲ့ ကိုယ်ခံဓာတ်တို့မတည့်ရာမှ ကျောက်ကပ်ရောင်လာတယ်။
အပြင်ပန်းကျောက်ကပ်ရောင်ရောဂါမှာ အဆိပ်များကြောင့်ဖြစ်တယ်။ ကာဗွန်တက်ထရာ ကလိုရီဒ်ပြဒါးဓာတ် မတည့်ခြင်းနဲ့ ဆာဖာစားဆေး မတည့်ခြင်းကြောင့် ဖြစ်တယ်။သွားနုတ်ပြီး နှလုံးအတွင်းရောင်နာ ဖြစ်တတ်တယ်။ လူကြီးထက် ကလေး၊ လူငယ်လူရွယ်တွေမှာ ပိုပြီးဖြစ်တတ်တယ်။
ရောဂါရဲ့ပုံသဏ္ဌာန်အရ လည်ချောင်းနာခြင်း၊ အအေးမိခြင်း၊ ချောင်းဆိုးပြီးနောက် မျက်နှာအန်းလာတယ်။ ဆီးသွားနည်းကာ ဆီးထဲသွေး ပါလာတယ်။
အသားဓာတ်လည်းပါတယ်။ ခေါင်းကိုက်ကာ မအီမသာဖြစ်တယ်။ မျိုးရိုးရှိတယ်။
ဒုတိယတစ်မျိုးမှာ ရုတ်တရက်ချက်ချင်းမျက်နှာ သာမက ခြေထောက်နဲ့ခန္ဓာကိုယ် တစ်ခုလုံးဖောရောင်လာတယ်။ သွေးတိုးပြီး ခေါင်းကိုက်လာတယ်။ နှလုံးခုန်မြန်၊ အသက်ရှူမြန်လာတယ်။ အသက်ရှူမဝ၊ ခေါင်းကိုက်တတ်တယ်။ စားချင်စိတ်မရှိ ပျို့အန်တယ်။မေ့မြောသတိလစ် တတ်တယ်။
တတိယအမျိုးကသိပ်မသိသာပါ။ နှာရည်ယိုကာ လည်ချောင်းနာမှန်းမသိ၊ ပသိရောင်မှန်းမသိ၊ ဆီးတဖြည်းဖြည်းနည်းလာခြင်း၊ မျက်နှာနဲ့ခြေထောက် တဖြည်းဖြည်းဖောလာခြင်း၊ ခါးနာခြင်း၊ ကျောရိုးဆစ်နဲ့အောက်ဆုံးနံရိုးထိစပ်တဲ့နေရာ ကျောက်ကပ်တည်နေရာနာနေတယ်။ ဆီးစစ်၊ သွေးစစ်ကြည့်မှ ကျောက်ကပ်ရောင်နေမှန်း ဆေးကုသရမှန်း သိတယ်။
ရောဂါရဲ့လက္ခဏာများအရ -
(၁) မျက်နှာနဲ့ကိုယ်ဖောရောင်ခြင်း ရှိတတ်တယ်။ မျက်စိတစ်ဝိုက်မှာ ပိုသိသာပါတယ်။ အိပ်ရာထခါစ လှုပ်ရှားလိုက်ရင် ကိုယ်ဖောကိုယ်ရောင် သက်သာသွားတယ်။ ညနေပိုင်းကိုယ်ဖောခြင်း ပျောက်သွားတတ်တယ်။ ဆီးထုတ်နည်းခြင်း၊ ဆီးစစ်ရာမှာ ဆိုဒီယမ်ပြန်စုပ်ယူခြင်း၊ သွေးလှည့်ပတ်မှုနှေးကွေးခြင်း၊ ဆံခြည်မျှင်သွေးကြောများ ကျယ်ကုန်လို့ဖြစ်တယ်။ ဆီးထဲမှအသားဓာတ် လျော့ကုန်လို့ဖြစ်နိုင်တယ်။
(၂) သွေးဖိအားတိုးခြင်း၊ သွေးတိုးခြင်းအရ သွေးဖိအား မပြောင်းပေမယ့် ရောဂါရှင်သုံးပုံတစ်ပုံမှာ သွေးဖိအားတက်တတ်တယ်။ အပေါ်(၁၈၀-၂၀၀)၊ အောက်(၁၀၀-၁၁၀) မီလီမီတာပြဒါးထိတက်တတ်တယ်။
(၃) ဦးနှောက်ထိခိုက်နိုင်တယ်။ သွေးဖိအားတက်ခြင်း ၊သွေးဆိပ်တက်ခြင်း၊ ဦးနှောက်သွေးရောက်မှုနည်းခြင်း၊ ဦးနှောက်ရဲ့ လုပ်ငန်းကို ထိခိုက်ပါတယ်။ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အပြင်တက်ခြင်း၊ မေ့မြောခြင်း၊ မျက်စိမှုန်ဝါးခြင်းဖြစ်နိုင်တယ်။
(၄) နှလုံးထိခိုက်ခြင်းလည်းဖြစ်တယ်။ရောဂါဟာ သိပ်ပြင်းထန်လို့ သွေးဖိအား သိပ်တက်နေရင် နှလုံးခုန်မြန်ခြင်း၊ ပက်လက်မအိပ်နိုင်ခြင်း၊ မောခြင်းဖြစ်တတ်တယ်။ အဆုတ်မှာရေဝင်နိုင်တယ်။ နှလုံးအားနည်းဖြစ်နိုင်တယ်။
(၅) ဆီးသွားနည်းနိုင်တယ်။ ဖြူတူတူနောက်တောက်တောက် သွေးလည်း ပါတတ်တယ်။အသားဓာတ် အမြဲပါတယ်။ တစ်ခါတစ်ရံ လုံးဝဆီးမထွက်၊ ချက်ချင်းအားစိုက် ကုသရတယ်။ထိထိရောက်ရောက် ကုရမယ်။
(၆) ကျောက်ကပ်လုပ်ငန်း ထိခိုက်နိုင်တယ်။ ကျောက်ကပ်ရောင်ရောဂါမှာ တကယ်ဒဏ်ခံရတာ ကျောက်ကပ်သွေးချည်မျှင်ဖုလုံး နေရာဖြစ်တယ်။ သွေးစစ်ထုတ်လုပ်ငန်း ပျက်စီးသွားတယ်။ သွေးထဲမှာ အညစ်အကြေး ပိုများလာခြင်း၊ယူရီးယား ပိုများလာခြင်း၊ အက်စစ်ပိုများခြင်းဖြစ်တတ်တယ်။ မူးမေ့ပြီး သေစေနိုင်တယ်။
ရောဂါရဲ့အနုအရင့်ပေါ်မူတည်ကာ ကျောက်ကပ်ဆေးခြင်း၊ တစ်ပတ်နှစ်ခါကျောက်ကပ် ဆေးခြင်း၊ ကျောက်ကပ် လဲလှယ်ခြင်းတို့ထိ ကုသရနိုင်တယ်။
ရုတ်တရက်ကျောက်ကပ်ရောင်ရောဂါ မကုသဘဲ ထားရင် နာတာရှည်ကျောက်ကပ်ရောင် ရောဂါရလာနိုင်တယ်။ နာတာရှည် ကျောက်ကပ်ရောင်ဟာ တဖြည်းဖြည်း၊ တငွေ့ငွေ့ဖြစ်နေတဲ့ ရောဂါဖြစ်တယ်။
ရုတ်ခြည်းဖြစ်တဲ့ ကျောက်ကပ်ရောင်ရောဂါမှာ အချိန်ကြာလာတာနဲ့အမျှ နာတာရှည်ဖြစ်လာနိုင်တယ်။
ရောဂါရဲ့ ပုံသဏ္ဌာန်နဲ့ဖြစ်ရင်း အကြောင်းရင်းများစွာ ရှိနိုင်တယ်။ ရောဂါဖြစ်သူ ၁၀ ရာခိုင်နှုန်းသာ ရုတ်တရက် ကျောက်ကပ်ရောင်ရောဂါကနေ ဆိုးလာတယ်။ အရင်က ဘာမှမဖြစ်ဘဲလူနာဟာ မကြာခဏ ကိုယ်လက်ကိုက်ခဲခြင်း၊မောတတ်ခြင်း၊ အသက်ရှူမဝတတ်ခြင်း၊ အကြောင်းတစ်ခုခုအတွက် ဆေးစစ်ခံရာမှာ ဆီးထဲမှာအသားဓာတ်နဲ့ သွေးနီဥများ တွေ့ရခြင်းရောဂါ ခံစားနေရတာ ဆရာဝန်များ တွေ့ရှိထားကြတယ်။ အချို့မှာဘာမှမဖြစ်ဘဲ မောခြင်း၊ စိတ်လေးလံထိုင်းမှိုင်းခြင်း၊ ဘာလုပ်လုပ် စိတ်မဝင်စားခြင်း၊ တဖြည်းဖြည်း ပိန်ကာ ချူချာလာတတ်တယ်။ အခြားနာတာရှည် ရောဂါများ ရတတ်တယ်။
အချို့မှာ အားလုံးကောင်းနေရာမှ ရုတ်တရက်ထပြီး သတိမေ့မြောကာ စစ်ကြည့်ရင် ကျောက်ကပ်မကောင်းတာ တွေ့ရတယ်။ အချိန်မီမကုရင် သေနိုင်တယ်။
အချို့မှာ ကိုယ်ဖောကိုယ်ရောင်ဖြစ်လိုက်၊ ပျောက်လိုက် မကြာခဏဖြစ်ရာမှ သွေးတိုးရောဂါ ရလာလို့ရောဂါဖြစ်ကြောင်း သိကြရတယ်။ အချို့သွေးတိုး တစ်ခုပဲရှိတယ်။
သွေးတိုးကမပျောက်၊ နှလုံးပါကြီးလာတယ်။ နှလုံးအားနည်းနဲ့ သေဆုံးသွားတယ်။ ရောဂါရှိမှန်း သိတယ်။
လူနာအနည်းငယ်မှာ ဘာရောဂါရှိမှန်း မသိဘဲ မျက်စိမှုန်ဝါးကာ ဆရာဝန်ပြသရာမှာ မျက်စိအမြင်လွှာမှာ သွေးတိုးခြင်းရဲ့ ဒဏ်ခံရလွန်းတာ သိရတယ်။
သွေးတိုးရောဂါရှိခြင်း၊ နှလုံးကြီးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ သွေးဓာတ်သဘာဝ မညီမျှခြင်းတို့ စစ်ဆေးတွေ့ကြရတယ်။ အချိန်ကနောက်ကျသွားပြီး ရောဂါကဆေးမတိုးဘဲ ကျောက်ကပ်ဆေးကြောခြင်း၊ ကျောက်ကပ်လဲလှယ်ခြင်း မလုပ်နိုင်ရင် နှစ်လအတွင်း သေဆုံးနိုင်တယ်။
အချို့ကလေးငယ်များဟာ ပုကွနေရာ သွေးစစ်၊ ဆီးစစ်ကြည့်မှ နာတာရှည်ကျောက်ကပ်ရောင် ရောဂါကြောင့်ဖြစ်တာတွေ့ရတယ်။ အဆိုပါ ကလေးများသက်ဆိုးမရှည်ကြဘူး။ နာတာရှည် ကျောက်ကပ်ရောင် ရောဂါလက္ခဏာရှိနိုင်တယ်။ သွေးတိုးရောဂါရနေရင်၊ နှလုံးကြီးနေရင်၊ သွေးကြောများမာနေ၊ ထူနေရင်၊ မျက်စိအမြင်လွှာပုံပျက်နေရင် သွေးတွင်းအသား ဓာတ်လျော့နေရင်၊ ဆီးထဲအသားဓာတ်နဲ့ သွေးအမြဲပါရင်၊ ဆီးသိပ်သည်းဆနည်း လွန်းရင် ရောဂါရတယ်လို့ပြောနိုင်တယ်။ ရောဂါရဲ့လက္ခဏာများက လူနွမ်းခြင်း၊ နုံးခြင်း၊ လူကချည့်နဲ့နဲ့၊ ဖြူဖပ်ဖြူရော်နဲ့ မောတတ်ကာ မျက်နှာအန်းပြီး ကိုယ်ဖောနေတယ်။ သွေးတိုးရောဂါရှိနေတယ်။ နှလုံးကြီးကာခေါင်းကိုက်နေတယ်။ တက်တတ်၊ သတိမေ့တတ်ပါတယ်။ မျက်စိေ၀ဝါးခြင်း၊ သွေးအားနည်းခြင်း၊ သွေးဖျော့ရောဂါရခြင်း၊ ဆီးခဏခဏ သွားချင်ကာရေငတ်ခြင်း၊ ဆီးစစ်ကြည့်ရင် အသားဓာတ်နဲ့သွေးနီဥတွေ့ခြင်း၊ကျောက်ကပ် လုပ်ငန်း စစ်ကြည့်ရင် ကျောက်ကပ်ပျက်စီးနေခြင်း၊ အလွန်ပိန်ချုံးနေတဲ့ လူတစ်ယောက်၊ အသားဝါ၊ သွေးဖျော့၊ အဖြူခဲများကပ်ကာချွေးနံ့နံနေတယ်။
ရောဂါရဲ့အလားအလာမှာ လူနာတစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ အချိန်မီ ကုသမှုရရှိသူများ ပျောက်သွားတယ်။ အချို့သက်သာလိုက် ပြန်ဖြစ်လိုက်နဲ့ နှစ်၊ သုံးနှစ်ကြာ အသက်ရှည်နိုင်တယ်။ အချို့ ကျောက်ကပ်မဆေးကြောနိုင်ခြင်း၊ ကျောက်ကပ် အစားထိုး ကုသခြင်းမရနိုင်ရင် လပိုင်းအတွင်း သေဆုံးနိုင်ပါတယ်။
(၁)သွေးပေါင်ချိန်တက်လေဆိုးလေဖြစ်တယ်။
(၂)နှလုံးလုပ်ငန်းလျော့လေဆိုးလေဖြစ်တယ်။
(၃)မျက်စိအမြင်လွှာပြောင်းလဲမှုမှာ သွေးဖိအားဒဏ် ခံရပုံများလေ ဆိုးလေဖြစ်တယ်။
(၄)သွေးနီဥနဲ့ ဟေမိုဂလိုဘင် အရေအတွက် နည်းလေဆိုးလေဖြစ်တယ်။
(၅)နှလုံးကာမြှေးရောင်လာရင် နှလုံးခုန်တိုင်း နာကာဆိုးလေဖြစ်တယ်။
(၆)ကျောက်ကပ်စစ်ဆေးချက် ယူရီးယား၊ ခရီတီနင်၊ သွေးအတွင်းနိုက်ထရိုဂျင်များလေ ဆိုးလေဖြစ်တယ်။ သွေးထဲ ယူရီးယားမြင်ရုံနဲ့ မပြောနိုင်ဘူး။ ကျောက်ကပ်လုပ်ငန်း စစ်ဆေး စမ်းသပ်ချက်များကသာ နာတာရှည်ကျောက်ကပ်ရောင် ရောဂါအတိမ်၊ အနက်ခွဲခြားသိနိုင်ကာ ကုသပေးနိုင်တယ်။ ။
ဒေါက်တာလွင်သန့်