COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများအား ဆက်လက် လက်ခံပြီး လိုအပ်သည့်ဆေးဝါးကုသပေးမှုများ ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၁၂

တပ်မတော်အနေဖြင့် Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာများကို လက်ခံကုသပေးနိုင်ရန်အတွက် ကုသရေးနေရာများ ပြင်ဆင်ဆောင်ရွက်ထားရှိလျက်ရှိပြီး စက်တင်ဘာ ၂၅ ရက်မှစတင်၍ အတည်ပြုလူနာများကို လူမျိုး၊ ဘာသာမရွေးလက်ခံကာ လိုအပ်သည့် ဆေးဝါးကုသ ပေးမှုများ ဆောင်ရွက်ပေးလျက် ရှိသည်။ ထိုသို့လက်ခံကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ မှော်ဘီမြို့နယ်၊ တပ်မတော်ဆေးဘက် ဆိုင်ရာပညာသင်ကျောင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ သံဃာတော် ၅၅ ပါး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံဆေးတပ်ရင်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာသာသနာနွယ်ဝင်သီလရှင် ၄၀ ပါး၊ အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ ဗိမာန်တော်တွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာသံဃာတော် ၅၇ ပါး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အရပ်သား ၆၂၉ ဦးနှင့် ရဲမွန်မြို့၊ နယ်မြေခံသင်တန်းကျောင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာအရပ်သား ၂၇၅ ဦး တို့ကို အသီးသီး ဆက်လက်လက်ခံ ကုသပေးလျက်ရှိပြီး အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများ၏ နေထိုင်စား သောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်က စီစဉ်ဆောင်ရွက်ပေး လျက်ရှိသည်။ ထိုသို့လက်ခံကုသမှုများ ဆောင်ရွက်ပေးပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ အတည်ပြုလူနာ ၉၇ ဦးတို့ကို ယနေ့တွင် သက်ဆိုင်ရာ ရပ်ကွက်များသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့်မော်တော် ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးကြသည်။ ထို့ပြင် သီးသန့်စောင့်ကြည့်ရမည့်သူများကိုလည်း လက်ခံလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ ၅၀၉ ဦး၊ ရွှေညောင်မြို့ တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည်သူ ၅၀ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံ တပ်ရင်း၌ ၈၉ ဦးတို့ကို အသီးသီး လက်ခံထားရှိကြောင်းနှင့် စောင့်ကြည့်သူများအားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ သီးသန့်စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို တပ်မတော်မှ ဆောင်ရွက်ပေးနေမှုများအပေါ် သီးသန့်စောင့်ကြည့်ရမည့် သူများနှင့် အတည်ပြုလူနာများ၏ စကားသံများအား ယခုလိုကြားသိရပါတယ်

“အစစအရာရာအဆင်ပြေပါတယ်။ လိုအပ်တာမှန်သမျှလည်း သူတို့ဖြည့်ဆည်းပေးပါတယ်။ ဘာလိုအပ်လဲ၊ ဘာတွေလုပ်ပေးရမလဲ၊   နေရထိုင်ရတာအဆင်ပြေလား၊ စားရသောက်ရတာလည်း  အဆင်ပြေလား၊ မနက်စာ၊ နေ့လယ်စာ၊ ညနေစာ အဆင်ပြေလား၊  အမြဲတမ်းမေးပါတယ်။  ကြင်နာပါတယ်။ နွေးထွေးတယ်ပေါ့နော်။ တပ်မတော်အရာရှိ၊ အကြပ်၊ ရဲဘော်ကအစ ပြောစရာမလိုအောင်လုပ်ပေးတယ်။   အဲဒါတွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်”ဟု သီးသန့်စောင့်ကြည့်ထားသူ တစ်ဦးက ပြောသည်။

“ကျွန်မတို့ မျက်လုံးထဲမှာ လိုအပ်ချက်ဆိုတာ မမြင်ဘူးရှင့်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ မိန်းကလေးပဲဖြစ်ဖြစ်၊ ဟိုဘက်က ယောက်ျားလေးတွေပဲဖြစ်ဖြစ်   ရောက်တဲ့သူအကုန်လုံး ဒီကြားထဲမှာမှ ကျွန်မတို့ လိုအပ်တဲ့ ဘုရားပန်း၊ အမွှေးတိုင်ကအစ သူတို့ကိုမှာလို့ရတယ်။ ဒီကမိန်းကလေးတွေ လိုအပ်တဲ့ ပစ္စည်းတွေကို စိတ်ရှည်လက်ရှည် ဝယ်ပေးတဲ့အတွက် ကိုလည်း အရမ်းကိုကျေးဇူးတင်ပါတယ်။ အဲဒီအတွက်ကိုလည်း မုန့်ဖိုးအဖြစ်နဲ့ပေးတာတောင်မှ သူတို့မယူဘူးရှင့်။

ဘာဖြစ်လို့လဲဆိုတော့    သူတို့စေတနာကို ပိုက်ဆံနဲ့တန်ဖိုးဖြတ်သလို ဖြစ်မှာစိုးလို့တဲ့။

အဲလိုမျိုးစေတနာရှိတဲ့ သူတွေကို ကျွန်မတို့က  လိုအပ်ချက်ဆိုတာ ဘာမှမရှိဘူးဆိုတာ ပြောပါရစေ။ တပ်မတော်က အခုလိုစောင့်ရှောက်တဲ့အပေါ်မှာ ကျွန်မအနေနဲ့ ဂုဏ်ယူပါတယ်။   ဝမ်းလည်းဝမ်းသာပါတယ်”ဟု ဓာတ်ခွဲအတည်ပြု လူနာတစ်ဦးက ပြောသည်။