အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ ဝူရှူးအားကစားအဖွဲ့ ရွှေတံဆိပ်နှင့် ငွေတံဆိပ် ထပ်မံရရှိ
အကြိမ်(၂၀)မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲများကို ထိုင်းနိုင်ငံ အူဘွန်ရတ်ချဌာနီမြို့၌ ကျင်းပလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင် Sunee Tower ၌ကျင်းပသည့် ဝူရှူးအားကစားပြိုင်ပွဲ နောက်ဆုံး ပွဲစဉ်များဖြစ်သည့် အမျိုးသမီး ထိုက်ချိကျန့်ပြိုင်ပွဲ၊ အမျိုးသမီး နန်းသောင်းပြိုင်ပွဲ၊ အမျိုးသားအတွဲအတိုက်၊ အမျိုးသမီးအတွဲအတိုက် ပွဲစဉ်များ၌ မြန်မာဝူရှူး အားကစားအဖွဲ့မှ မအေးသစ္စာမြင့်က ရွှေတံဆိပ်နှင့် မမြတ်နိုးအိမ်က ငွေတံဆိပ်ဆုကို ထပ်မံဆွတ်ခူးရရှိသည်။
ယနေ့ကျင်းပသည့် ဝူရှူးပြိုင်ပွဲ ပွဲစဉ်(၁)ဖြစ်သည့် အမျိုးသမီး ထိုက်ချိကျန့်ပြိုင်ပွဲတွင် မန္တလာတက္ကသိုလ်ကျောင်းသူ မမြတ်နိုးအိမ် ဝင်ရောက်ယှဉ်ပြိုင်ရာ ရမှတ် ၉.၅၃ဖြင့် ဒုတိယငွေတံဆိပ်ဆုကို ရရှိခဲ့သည်။
ပွဲစဉ်(၂)ဖြစ်သည့် အမျိုးသမီး နန်းသောင်းပြိုင်ပွဲတွင် ဒဂုံတက္ကသိုလ်ကျောင်းသူ မအေးသစ္စာမြင့် ဝင်ရောက် ယှဉ်ပြိုင်ရာ ရမှတ် ၉.၆၉ ဖြင့် ပထမရွှေတံဆိပ်ဆုကို ရရှိခဲ့သည်။
မြန်မာဝူရှူး အားကစားအဖွဲ့တွင် အားကစားသမား သုံးဦးက ဝူရှူးအားကစားနည်း လေးမျိုး၊ ပြိုင်ပွဲခြောက်ခု ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ်တစ်ခုဖြင့် ဆုတံဆိပ် ငါးခုအထိ အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့သည်။ အကြိမ်(၂၀)မြောက် အာဆီယံ တက္ကသိုလ် အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ အားကစားအဖွဲ့အနေဖြင့် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ မြားပစ်နှင့် ဝူရှူးအားကစားနည်း လေးမျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ စုစုပေါင်းရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်နှစ်ခုကို ဆွတ်ခူးရရှိခဲ့ကြောင်း သတင်းရရှိသည်။