ရှမ်းယူနိုက်တက်အသင်း အဆင့်(၁)နေရာ၌ ဆက်လက်ရပ်တည်
နေပြည်တော် သြဂုတ် ၆
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီကကြီးမှူးကျင်းပသော ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်(၁)အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် (၇) ကို ယနေ့ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားရာ ရှမ်းယူနိုက်တက် အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူပြီး ခုနစ်ပွဲဆက် အနိုင်ရခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် နှစ်ဖက်အသင်းမှ ကစားသမားများက ဂိုးရရှိရေးအတွက် ကြိုးစားယှဉ်ပြိုင်ကစားကြရာ ပွဲကစားချိန် ၁၂ မိနစ်တွင် ရှမ်းယူနိုက်တက်ကစားသမားနှင့်ထိခိုက်မိပြီး ရန်ကုန်ယူနိုက်တက်ကစားသမား ဝင်းနိုင်ထွန်းမှာ အနီကတ်ဖြင့် ထုတ်ပယ်ခြင်းခံရသည်။ ပွဲကစားချိန် ၄၁ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်းမှ ဇင်မင်းထွန်းက ဦးဆောင်ဂိုးကို စတင်သွင်းယူပေးခဲ့ပြီး ပထမပိုင်းပွဲပြီးရလဒ်အဖြစ် ရှမ်းယူနိုက်တက် အသင်းက ရန်ကုန်ယူနိုက်တက် အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်းပွဲကစားချိန်တွင် နှစ်သင်းလုံးက အနိုင်ဂိုးရရှိရေး ကစားသမားတစ်ဦးနှင့်တစ်ဦး အပေးအယူ အချိတ်အဆက် မိမိဖြင့် ယှဉ်ပြိုင် ကစားခဲ့ကြသော်လည်း ဒုတိယပိုင်း ပွဲပြီးဆုံးချိန်ထိ တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းနိုင်ခြင်း မရှိသည့်အတွက် ရှမ်းယူနိုက်တက်အသင်းက ဇင်မင်းထွန်း၏ တစ်လုံးတည်းသော ဦးဆောင်ဂိုးဖြင့်သာ ရန်ကုန်ယူနိုက်တက် အသင်းကို အနိုင်ရရှိခဲ့ပြီး အဆင့်(၁)နေရာ၌ ဆက်လက် ရပ်တည်လျက်ရှိသည်။
သြဂုတ် ၇ ရက်(ယနေ့)တွင် မြန်မာနေရှင်နယ်လိဂ်၂၀၂၂ ပွဲစဉ်(၇)မှ ရတနာပုံယူနိုက်တက် အသင်းနှင့် ဧရာဝတီယူနိုက်တက် အသင်းတို့ ညနေ ၃ နာရီတွင် သုဝဏ္ဏ အားကစားကွင်း၌ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။