ချယ်လ်ဆီးအသင်းက လက်စတာအသင်းမှ လူငယ်ခံစစ်ကစားသမား ဖိုဖာနာကို ပြောင်းရွှေ့ကြေး တိုးမြှင့်ပြီး ဒုတိယအကြိမ် ကမ်းလှမ်းမှုပြုလုပ်မည်
ချယ်လ်ဆီးအသင်းက အပြောင်းအရွှေ့ကာလ မပြီးဆုံးမီ လက်စတာအသင်းမှ လူငယ်ခံစစ်ကစား သမားဖိုဖာနာကို ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ အထိပေးချေပြီး ဒုတိယအကြိမ် ကမ်းလှမ်းမှု ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် လက်ရှိအပြောင်းအရွှေ့ ကာလအတွင်း အသင်းခံစစ်ပိုင်းအတွက် နာပိုလီ အသင်းမှ ကူလီဘာလေနှင့်ဘရိုက်တန်အသင်းမှ ကူကူရယ်လာတို့ကို ခေါ်ယူအင်အား ဖြည့်တင်းခဲ့ပြီး ဝါရင့်ခံစစ်ကစားသမား အသင်းခေါင်းဆောင် အက်ပလီကွီတာကိုလည်း သက်တမ်းတိုး စာချုပ်ချုပ်ဆို ပြီးနောက် ယခုအခါ ဖိုဖာနာကိုခေါ်ယူရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် အစောပိုင်းက ဆီဗီလာ အသင်းမှ ခံစစ်ကစားသမား ခွန်ဒေးကို ဦးစားပေးခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ဘာစီလိုနာအသင်းထံ လက်လွှတ် ခဲ့ရပြီးနောက် ဖိုဖာနာအတွက် ပြီးခဲ့သည့် ရက်ပိုင်းက ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ ဖြင့် ကမ်းလှမ်းမှုပြုလုပ်ခဲ့သော်လည်း လက်စတာအသင်းက ပယ်ချခဲ့ခြင်းဖြစ်သည်။
လက်စတာအသင်းကလည်း ဖိုဖာနာကိုလက်မလွှတ် လိုသောကြောင့် မြင့်မားသည့် ပြောင်းရွှေ့ကြေးဖြစ်သည့် ယူရို သန်း ၈၀ နှင့်အထက်ရရှိမှသာ လက်လွှတ်မည်ဟု ကြေညာထားသည့်အတွက် ယခုအခါ ချယ်လ်ဆီး အသင်းက ယူရို သန်း ၈၀ ဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သိရသည်။