ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားအဖြစ် အာဆင်နယ်အသင်း ဂန္ထဝင်ကစားသမား အွန်နရီသတ်မှတ်ခံရ
ကမ္ဘာ့ထိပ်တန်း ဘွတ်ကီဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် Betfair နှင့် အချက်အလက် စစ်ဆေးကောက်ယူ သော အဖွဲ့ဖြစ်သည့် YouGov တို့က စစ်တမ်းကောက် ဖော်ပြချက်များအရ ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားအဖြစ် အာဆင်နယ်အသင်း ဂန္ထဝင်ကစားသမားဟောင်း တစ်ဦးဖြစ်သည့် အွန်နရီကသတ်မှတ်ခံခဲ့ရကြောင်း သိရသည်။
Betfair နှင့့် YouGov တို့က ပရိသတ်များထံမှ ဆန္ဒမဲကောက်ယူ ဖော်ပြခဲ့ခြင်းဖြစ်ပြီး အကောင်းဆုံး ကစားသမားအဖြစ် တခြားထိပ်တန်း ကစားသမားများကို ကျော်ဖြတ်ပြီး ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
အသက် ၄၄ နှစ်အရွယ် အွန်နရီသည် ၁၉၉၉ ခုနှစ်က အာဆင်နယ် အသင်းတွင် စတင်ကစားခဲ့ပြီး နောက်အသင်းနှင့်ပြိုင်ပွဲစုံ ၂၅၈ ပွဲ ပါဝင်ကစား ခဲ့ကာ သွင်းဂိုး ၁၇၅ ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။ အာဆင်နယ်အသင်း အောင်မြင်မှုများရရှိရာတွင် အဓိကပါဝင်ခဲ့ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အာဆင်နယ်အသင်း ရွှေဖလားဆွတ်ခူး နိုင်ခဲ့ရာတွင်လည်း အဓိကနေရာမှ ပါဝင်ခဲ့သူဖြစ်သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား ငါးဦးစာရင်းတွင် အွန်နရီ က မဲအရေအတွက် အများဆုံး ရရှိခဲ့ကာ ၎င်း၏နောက်တွင် လက်ရှိ မန်ယူအသင်း၌ တစ်ကျော့ပြန်လည်ကစားနေသည့် စီရော်နယ်ဒိုက ရပ်တည်နိုင်ခဲ့သည်။
၎င်းတို့နှစ်ဦးနောက်တွင် ပရီးမီးယားလိဂ်သွင်းဂိုး အများဆုံး စံချိန်တင်ထားသည့် နယူးကာဆယ်အသင်း ကစားသမားဟောင်း အလန်ရှီးယား ပါဝင်လာခဲ့ပြီး မန်ယူအသင်းဂန္ထဝင် ကစားသမားကြီး အဲရစ်ကန် တိုနာက စတုတ္ထနေရာ၌ ရပ်တည်နိုင်ခဲ့ကာ လီဗာပူး အသင်းနှင့် အောင်မြင်မှုများ ရယူနိုင်ခဲ့သည့် ဂန္ထဝင် ကစားသမား ဂျရတ်က ပဉ္စမနေရာ၌ရပ်တည်ခဲ့ ကြောင်း သိရသည်။