နိုင်ငံတကာတွင် လူပြောများနေသည့် အကြမ်းဖက်သမား(၄)ယောက်ကို  ၎င်းတို့နှင့် ထိုက်သင့်သည့်အပြစ်ဒဏ် ဘာကြောင့်ပေးရသလဲ-  (၂)

နိုင်ငံတကာတွင် လူပြောများနေသည့် အကြမ်းဖက်သမား(၄)ယောက်ကို  ၎င်းတို့နှင့် ထိုက်သင့်သည့်အပြစ်ဒဏ် ဘာကြောင့်ပေးရသလဲ-  (၂)

ယမန်နေ့မှအဆက်

    ပြစ်မှုကျူးလွန်ခဲ့သည့် မောင်ကျော်(ခ)ဖြိုးဇေယျာသော်အား   ၂၀၂၁   ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် လက်နက် ၃ လက်၊ ကျည် ၁၂၀ ကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဆက်လက်၍ ၎င်း၏ထွက်ဆိုချက်အရ လက်နက်မျိုးစုံ  ၁၇၈ လက်နှင့်  ဖောက်ခွဲရေး ဆက်စပ်ပစ္စည်း များအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။ အကြမ်းဖက် လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် တရားခံ ကျား ၂၄၇ ဦး၊ မ ၄၆ ဦး၊ ပေါင်း ၂၉၃ ဦးတို့အား လက်လုပ်သေနတ်အပါအဝင် လက်နက်မျိုးစုံ ၄၀၀ လက်၊ လက်လုပ်စိန်ပြောင်း ၆ လက်၊ ကျည်အိမ်မျိုးစုံ ၁၈၈၁၀ တောင့်၊ ဗုံးသီး၊ မိုင်း၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်း၊  လက်လုပ်စိန်ပြောင်းဗုံးသီး စသည့်ဖောက်ခွဲရေး ပစ္စည်းများနှင့်  ဆက်စပ်ပစ္စည်းမျိုးစုံ၊ ဆက်သွယ်ရေး စကားပြောစက်၊ စိတ်ကြွရူးသွပ်ဆေးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့အပေါ်ချမှတ်ခဲ့သည့် တရားစီရင်ချက်မှာ ပြစ်မှုကျူးလွန်သူများ အနေဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်ခြင်းနှင့် နိုင်ငံရေး အတိုက်အခံပြုခြင်းကြောင့် မဟုတ်ဘဲ အကြမ်းဖက်မှုဆိုင်ရာ တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန် ခဲ့ခြင်းကြောင့်သာ ဖြစ်ပါသည်။ အကြမ်းဖက်တိုက်ခိုက်၊ လူသတ်ခြိမ်းခြောက်မှု လုပ်ဆောင်ခဲ့သည်များကို မမြင်ဟန်ပြု၍ ပါတီဟူသောတံဆိပ်၊ ထင်ပေါ်ကျော်ကြားခြင်း ဟူသော လက္ခဏာတို့ကို အထူးပြုကာ မဖြစ်သင့်ဟု ဆိုနေခြင်းမှာ   ဖြစ်သင့်ဖြစ်ထိုက်သည့် အဖြေမဟုတ်နိုင်ပါ။

အနောက်နိုင်ငံများနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးတို့မှ ၎င်းတို့လုပ်ရပ် အပေါ်ကာကွယ်၍ တာဝန်မဲ့ ထုတ်ပြန် ပြောကြားချက်များသည် အပြစ်မဲ့ပြည်သူ အများအပြား  သေကျေဒဏ်ရာရစေပြီး အစိုးရနှင့် ပုဂ္ဂလိကပိုင် အဆောက်အဦနှင့် ပစ္စည်းကို ပျက်စီးစေသည့် မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့များ ဖြစ်သော NUG ၊ CRPHနှင့် PDF တို့၏ ဆက်လက် ကျူးလွန်လျက်ရှိသည့်   အကြမ်းဖက် တိုက်ခိုက်မှုများကို လျစ်လျူရှုခြင်းဖြစ်ပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အချို့၊ ယခင်အစိုးရအဖွဲ့ဝင်ဟောင်း များနှင့် ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲဝင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း အချို့တို့မှာ ယခုအထိ  တရားဥပဒေဘောင်အတွင်း မြန်မာနိုင်ငံ၌ လွတ်လပ်စွာ နေထိုင်လျက် ရှိပါသည်။   သို့ဖြစ်ပါ၍   ၎င်းတို့အား စီရင်ချက်ချမှတ်ခြင်းမှာ နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် တစ်ဖက်သတ် စီရင်ချက်ချမှတ်ခဲ့ခြင်း မဟုတ်ဘဲ  အပြစ်မဲ့ပြည်သူများ အများအပြား သေကျေဒဏ်ရာရစေခဲ့သည့် ရာဇဝတ်မှုနှင့် အကြမ်းဖက်ပြစ်မှုများ ကျူးလွန်ခဲ့ခြင်းကြောင့်သာ ဖြစ်ပါသည်။ 

အကြမ်းဖက်ပြစ်ဒဏ် ကျူးလွန်ခဲ့သည့် ဖြိုးဇေယျာသော်၊ ကျော်မင်းယု အပါအဝင် ပုဂ္ဂိုလ်အချို့ကျူးလွန်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများမှာ  တရားဥပဒေစိုးမိုး၍ ငြိမ်းချမ်းတည်ငြိမ် ကောင်းမွန်သော လူမှုစီးပွား ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးလျက်ရှိသည့် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများ အပေါ်  ကြီးမားသည့် အနှောင့်အယှက် အဟန့်အတားများ ဖြစ်စေသည့်အပြင် ပြည်သူလူထုအပေါ် တိုက်ရိုက်ခြိမ်းခြောက် အကြမ်းဖက်ခြင်းလည်း ဖြစ်ပါသည်။

ဤအပိုင်းတွင် နှိုင်းယှဉ်စဉ်းစားဖွယ် အကြောင်းအရာအချို့ကိုလည်း ထုတ်နုတ် တင်ပြလိုပါသည်။   အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊  Parkland  ရှိ အထက်တန်းကျောင်း တစ်ကျောင်းအား ၂၀၁၈ ခုနှစ်အတွင်းက နီကိုလပ်စ်ခရစ် အမည်ရှိ   သေနတ်သမားတစ်ဦးမှ ဝင်ရောက်ပစ်ခတ်မှု  ဖြစ်စဉ်ဖြစ်သည်။

ပစ်ခတ်မှုဖြစ်ပွားချိန်တွင်  အသက် ၂၃ နှစ်အရွယ်ရှိ နီကိုလပ်စ်ခရစ်၏ AR-15 ရိုင်ဖယ်ဖြင့်ပစ်ခတ်မှုကြောင့်   ဆရာ၊ ဆရာမ ၃ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၁၄ ဦး၊ စုစုပေါင်း ၁၇ ဦးထိ သေဆုံးသည်။ ယခုမြန်မာမှ အကြမ်းဖက်သမားများကို သေဒဏ်စီရင်မှုအပေါ် ကန့်ကွက်စကားဆိုခဲ့သည့် အမေရိကန်နိုင်ငံ၏ တရားရုံးမှ မည်သို့ ဆုံးဖြတ်ခဲ့ပါသနည်း။ အမှုပေါင်း ၁၇ မှုဖြင့်  စွဲချက်တင်ပြီး   သေဒဏ် ချမှတ်ခဲ့သည်။ ထိုသို့သော လူသတ်မှုများအပြင် မိုင်းဖောက်ခွဲဖျက်ဆီးမှု၊ လူသတ်မှု ကျူးလွန်ရန် လက်နက်/ခဲယမ်း/ငွေကြေး ထောက်ပံ့မှု အစရှိသည်တို့ကို ကျူးလွန်ခဲ့သော သူများအား မိမိနိုင်ငံတွင်ဖြစ်သည် ဆိုပါက မည်သို့ဆုံးဖြတ်မည်လဲ ဟူသော အမေးစကား ပေါ်လာနိုင်ပါသည်။ Double Standard ဖြင့် ငါပြောတာမှ အမှန်၊ ငါလုပ် တာမှ အမှန်ဆိုပါက ထပ်မံရှင်းဆိုရန် မရှိပါ။

ဆက်စပ်၍  အာရှနိုင်ငံတစ်ခုတွင် ဖြစ်ခဲ့သည့်ဖြစ်စဉ်ကိုလည်း ထပ်မံတင်ပြ လိုပါသည်။ ဂျပန်နိုင်ငံအတွင်း ၂၀၀၈ ခုနှစ်က လူ ၇ ဦးအား ကုန်ကားဖြင့် တိုက်ခိုက်သတ်ဖြတ်ခဲ့သည့် တိုမိုဟီရိုကာတိုအား သေဒဏ်အပြစ်ပေးခဲ့သည်။ ဂျပန်နိုင်ငံ၏ တရားဥပဒေနှင့်အညီ လူ ၇ ဦးအား သေစေမှုအပေါ် သေဒဏ်အပြစ်ပေးခြင်း အတွက် မည်သို့မှတ်ချက် ပြုခဲ့ကြပါသနည်း။ မည်သို့ စာထုတ်ခဲ့ကြပါသနည်း။ မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာစံနှုန်းနှင့်အညီ အခြေခံဥပဒေရှိသည်။ ဥပဒေ၊ နည်းဥပဒေများ ရှိသည်။ ဥပဒေရုံး၊ တရားစီရင်ရေးရုံးတို့ ရှိသည်။ အုပ်ချုပ်နေသည့် အစိုးရရှိသည်။ တို့နိုင်ငံက မကြိုက်သည့်အတွက် တို့နိုင်ငံက ခိုင်းသည့်အတိုင်း၊ ထုတ်ပြန်သည့်အတိုင်း လိုက်ပါ ဆောင်ရွက်ရမည်ဟု ယူဆထားပါသလော။ မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာပိုင်နိုင်ငံဖြစ်သည် ဆိုသည်ကို သတိပြုရန် လိုအပ်မည်ဖြစ်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၁ တွင် “မြန်မာနိုင်ငံသည်  အချုပ်အခြာ အာဏာပိုင် လွတ်လပ်သည့် နိုင်ငံဖြစ်သည်” ဟူ၍ လည်းကောင်း၊ ပုဒ်မ-၄ တွင် “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်”ဟူ၍ လည်းကောင်း၊ ပုဒ်မ-၁၁ တွင် ‘နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့်  ဥပဒေပြုရေး၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ပြုသည်”  ဟူ၍ လည်းကောင်း အသီးသီး ပြဋ္ဌာန်းထားပြီးဖြစ်ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင် နိုင်ငံဖြစ်သည့်အားလျော်စွာ နိုင်ငံတော်၏ အာဏာ ၃ ရပ်ကို မိမိနိုင်ငံသားများမှအပ အခြားမည်သူမျှ ဝင်ရောက်စွက်ဖက်ခွင့်၊ ကျင့်သုံးခွင့်မရှိပါ။   နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာသည်   မိမိနိုင်ငံ၊ မိမိသဘောအတိုင်းသာ ဖြစ်ပါသည်။ မိမိနိုင်ငံ၊ မိမိသဘောဆိုသည်မှာ မိမိနိုင်ငံသားများ စုစည်းပြီး မိမိသဘောအတိုင်း အာဏာ ၃ ရပ်ကို စီမံအုပ်ချုပ်ကိုင်စွဲခွင့်ရှိတာမျိုးကို အချုပ်အခြာအာဏာပိုင်မှုဟု ခေါ်ခြင်းဖြစ်သည်။ အချို့နိုင်ငံတကာ အဖွဲ့အစည်း၊ နိုင်ငံများမှ ကန့်ကွက် ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းတို့သည် မိမိတို့နိုင်ငံ၏ တရားစီရင်ရေး ဆောင်ရွက်ချက်များကို ဝင်ရောက်စွက်ဖက်ရန် ကြိုးစားခြင်းဖြစ်ပြီး  မိမိနိုင်ငံ၏  အချုပ်အခြာ အာဏာပိုင်ကို ထိပါးခြင်းသာဖြစ်ပါသည်။

အစိုးရ၏   ရာဇဝတ်ကျင့်ထုံးနှင့် အညီ လုပ်ဆောင်နေခြင်းသည် လက်ရှိအစိုးရ လက်ထက်မှသာ စတင်ရေးဆွဲပေါ်ပေါက်ခဲ့ခြင်း မဟုတ်ဘဲ  အင်္ဂလိပ်လက်ထက် ကတည်းက  ရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။ ရှေးယခင်ကတည်းက  ကမ္ဘာ့နိုင်ငံရှိ လူ့အဖွဲ့အစည်းတွင်လည်း   လက်ရှိပြစ်ဒဏ်ပေးမှုကဲ့သို့ ကျင့်သုံးခဲ့မှုများ ရှိပါသည်။

ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် သေဒဏ်ကျင့်သုံးမှုနှင့် ပတ်သက်ပြီး သေဒဏ် ပယ်ဖျက်ထားသည့် နိုင်ငံ  ၁၀၈  နိုင်ငံ၊ မပယ်ဖျက်သေးဘဲ   သေဒဏ်စနစ်ရှိသော်လည်း  အတည်ပြုစီရင်ခြင်း မပြုသည်မှာ အနည်းဆုံး ၁၀ နှစ်ခန့်ရှိသည့် လက်တွေ့ကျင့်သုံးမှု မရှိသည့် နိုင်ငံ ၂၉ နိုင်ငံရှိသည်။ ၎င်းနိုင်ငံများမှာ အိမ်နီးချင်း လာအိုနိုင်ငံ၊   အရှေ့တောင်အာရှတွင် ဘရူနိုင်းနိုင်ငံတို့ ပါဝင်သည်။ သေဒဏ်ကို မပယ်ဖျက်သေးဘဲ ကျင့်သုံးနေသည့် နိုင်ငံ ၅၆ နိုင်ငံထိရှိပြီး လက်ရှိကျင့်သုံးနေသော နိုင်ငံများမှာ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အာဆီယံနိုင်ငံများတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အာရှနိုင်ငံများတွင် မြောက်ကိုရီးယားနိုင်ငံ၊  ဂျပန်နိုင်ငံနှင့် လက်ရှိ ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်သော အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံ ၅၀ ကျော် ကျင့်သုံးနေသည်။

သေဒဏ်ကို အလွန်ဆိုးရွားသည့်ပြစ်မှုများအတွက်သာ ချမှတ်အတည်ပြု စီရင်သည့်နိုင်ငံ ၆ နိုင်ငံမှာ ပီရူး၊ အစ္စရေး၊ ဘရာဇီး၊ ဘာကီနာ၊ ချီလီနှင့် ဂွါတီမာလာ နိုင်ငံတို့ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံတွင် သေဒဏ် ကျင့်သုံးမှုအား ၂၀၁၆ ခုနှစ်မှ စတင် ပယ်ဖျက်ခဲ့သော်လည်း မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အမှုများတွင် သေဒဏ်ကို ဆက်လက် ကျင့်သုံးလျက်ရှိပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ၂၀၁၅ ခုနှစ်မှာ မူးယစ်မှောင်ခိုကူးမှုနှင့် သြစတြေးလျနိုင်ငံသား ၂ ဦးကို သေဒဏ်ချမှတ်ခဲ့သည့် အနီးစပ်ဆုံး ဖြစ်ရပ်ရှိခဲ့ပါသည်။ အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုကို သြစတြေးလျနိုင်ငံ၊ ဘရာဇီးနိုင်ငံနှင့် ပြင်သစ်နိုင်ငံ ခေါင်းဆောင်များမှ ဖိအားပေးကြသည်။ အင်ဒိုသမ္မတက “အင်ဒိုနီးရှား နိုင်ငံရဲ့  သေဒဏ်အပြစ်ပေးခွင့်အပေါ် ဘယ်သူတစ်ဦးတစ်ယောက်မှ ဝင်ရောက် မစွက်ဖက်သင့်ဘူး၊ သူ့နိုင်ငံရဲ့လုပ်ပိုင်ခွင့်လို့” ထုတ်ဖော် ပြောကြားခဲ့သည်။ ဆိုလိုသည်မှာ အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ တရားဝင်အစိုးရ တစ်ရပ်က နိုင်ငံအတွင်းပြဋ္ဌာန်းထားသည့် ဥပဒေ တစ်ရပ်အား   မည်သူကမှ  တားဆီးခြိမ်းခြောက်ပိုင်ခွင့်  မရှိခြင်းပင် ဖြစ်ပါသည်။ အမေရိကန်နိုင်ငံ၌ ပြည်နယ်ပေါင်း ၅၀ တွင် (၂၃) ပြည်နယ်က သေဒဏ်ပယ်ဖျက်ပြီး ပြည်နယ်(၂၀)က ပယ်ဖျက်ခြင်း မပြုသေးဘဲ (၇) ပြည်နယ်ကတော့ ဆိုင်းငံ့ထားသည်ကို တွေ့ရှိရပါသည်။

လက်ရှိတွင် သေဒဏ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည့်  ဂျင်မီ၊  ဖြိုးဇေယျာသော်တို့ သည်  အကြမ်းဖက်မှု လုပ်ငန်းများအား လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် အကြမ်းဖက်မှုဖြစ်စဉ်ကို မည်သို့စတင်ကျင့်သုံးခဲ့လဲဆိုလျှင် ၉/၁၁ ဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့်  သိရှိနိုင်ပါသည်။ ၎င်းဖြစ်စဉ်ကစ၍  အကြမ်းဖက်မှုကို ကမ္ဘာတွင် ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်ကြခြင်းဖြစ်ပါသည်။ အကြမ်းဖက်သမား ဘင်လာဒင်အတွက်  အမေရိကန်သမ္မတက စစ်ဆင်ရေးကို မည်သို့ Control လုပ်၍ အမိန့်ပေးခဲ့ကြောင်းကို ပြန်ပြောင်းကြည့်လျှင် သိနိုင်မှာဖြစ်သည်။ ကမ္ဘာပေါ်တွင်  Terrorist အား  အပြင်းထန်ဆုံးနှင့် အထိရောက်ဆုံး ချေမှုန်းရမည် ဆိုသည့်မူပင်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ဇေယျာသော်နှင့် ကျော်မင်းယုတို့ကဲ့သို့   အကြမ်းဖက် ဦးဆောင်  လုပ်ကြံသတ်ဖြတ်မှုများတွင် ၎င်းတို့မလိုလားသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို   ပစ်ခတ်သတ်ဖြတ်ခြင်းအား အပထား၍ အခြားသော အရပ်သားများ၊ နိုင်ငံ့ဝန်ထမ်းများအား ပစ်ခတ်သတ်ဖြတ်မှုများ အများအပြား ပါဝင်ပါသည်။ အများပြည်သူ သွားလာနေသည့်နေရာများ၊ အများပြည်သူပိုင် ပစ္စည်းများကို ဖောက်ခွဲဖျက်ဆီး မှုများလည်း မနည်းလှပါ။ အကြမ်းဖက် သမားများ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသွားရသူ တိုင်းတွင် မိသားစုများရှိသည်။ သူတို့ကို မှီခိုနေရသည့် မိခင်၊ ဖခင်များ၊ သား၊ သမီးများရှိသည်။ ဒလန်ဟု စွပ်စွဲသတ်ဖြတ်လိုက်သည့် အတွက် မှီတွယ်ရာ မိသားစုဘဝများ    ပျက်စီးကြရသည်။ ဝမ်းနည်းကြရသည်။ အနာဂတ်အရေး ရင်လေးကြရသည်။ သူတို့ ရင်တွင်းမှအပူနှင့် သောကမီးကိုရော ခံစားကြည့်မြင်ပေးရန် လိုမည်သာဖြစ်သည်။ ဒီမိုကရေစီရရှိရေး ဟူသောခေါင်းစဉ်၊   လူ့အခွင့်အရေး ခေါင်းစဉ်အောက်တွင်  တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ခေါင်းစဉ်များသည်   သွေဖည်နေမည် ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရ အနေဖြင့် ပြစ်မှုကျူးလွန်သူများအား သေဒဏ်အတည်ပြု ချမှတ်ရာတွင် အမိန့်များအတိုင်း၊ လုပ်ငန်းစဉ်များအတိုင်း အဆင့်ဆင့် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ လက်ရှိ သေဒဏ် ပြစ်မှုချမှတ်ခံရသူများသည် စစ်အုပ်ချုပ်ရေး အမိန့် (Martial Law) ထုတ်ပြန်ထားသည့် နယ်မြေများအတွင်း အဓိက ဖြစ်ပွားရခြင်းဖြစ်ပြီး စစ်တရားရုံးဖြင့် စစ်ဆေးနိုင်သည့် ပြစ်မှု ၂၃ မျိုးဖြင့် အကြမ်းဖက်ကျူးလွန်သူများကို ၎င်းတို့နှင့်ထိုက်သင့်သည့် ပြစ်ဒဏ်အား ချမှတ်ခြင်းဖြစ်ပါသည်။

ထိုသို့ ဆောင်ရွက်ခြင်းသည် ဥပဒေကို မထီမဲ့မြင်မပြုစေရန်နှင့် နောင်တွင်လည်း ဥပဒေအပေါ်  ဖောက်ဖျက်ကျူးလွန်ရန် ကြံစည်သူများအနေဖြင့် ရှောင်ကြဉ်စေရန်အတွက် စီရင်ချက်ချမှတ်ဆောင်ရွက်ခြင်းသာ ဖြစ်ပါသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူအများအပြား   တရားမျှတမှုရှိရေးနှင့် ပြည်သူနှင့်နိုင်ငံတော် အကြား တရားမျှတမှုရှိရေးပင်ဖြစ်သည်။ အပြစ်မဲ့ ပြည်သူများအား ဥပဒေမဲ့ အကြမ်းဖက် ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်းဖြင့် သေဆုံးနစ်နာခဲ့ရသော ပြည်သူများကိုယ်စား တရားရုံး အဆင့်ဆင့်က လုပ်ထုံးလုပ်နည်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ တရားခံများကို ခုခံချေပခွင့်ပေးပြီး သက်သေအထောက်အထား အပြည့်အစုံအပေါ်  အခြေပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သဖြင့်  တရားရုံး၏ ဆုံးဖြတ်ချက်သည် တရားမျှတမှုရှိသည်ကို တွေ့ရှိရသည်။

တရားခံ ၄ ဦးတို့အား ပြည်တွင်းဥပဒေပါ    ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ဆေးစီရင်ကာ ပြစ်ဒဏ်အတည်ပြု ချမှတ်ဆောင်ရွက်ခဲ့သည့် ကိစ္စနှင့်စပ်လျဉ်းပြီး အပြည်ပြည်ဆိုင်ရာနှင့်   နိုင်ငံတကာမှ ဝေဖန်မှုများ၊  ကန့်ကွက်မှုများ ဖြစ်ပေါ်လာနိုင်သည်ကို သိလျက်နှင့်  မလွှဲမရှောင်နိုင်သည့်   ပြည်တွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးအရ မဖြစ်မနေဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည်ကို တွေ့မြင်ရသည်။

အဆိုပါတရားခံ ၄ ဦးတို့သည် အကြမ်းဖက်ဖောက်ခွဲ တိုက်ခိုက် လူသတ်မှုများကို ကျူးလွန်ခဲ့သည့်အပြင် မြန်မာ့လူ့ဘောင် အဖွဲ့အစည်းက လက်မခံနိုင်သည့် အပြစ်မဲ့ပြည်သူ အမြောက်အမြားကို  ကြိုတင်ကြံစည်၍ ရက်ရက်စက်စက် သတ်ဖြတ် သုတ်သင်ရှင်းလင်းခဲ့သည့် ပြစ်မှု အများအပြားကို ကျူးလွန်ခဲ့ကြပြီး  ထိုသို့လုပ်ဆောင် ရန် ဦးစီးဆောင်ရွက် ညွှန်ကြားသူများ ဆိုသည့်အချက်ကို မေ့ရန် မသင့်ကြောင်းနှင့် တရားခံ ၄ ဦးတို့၏ ရက်စက်စွာ အကြမ်းဖက် တိုက်ခိုက်ခဲ့မှုများကြောင့် အပြစ်မဲ့စွာ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသူများ၏ မိသားစု၊ ဆွေမျိုးသားချင်းတို့၏  စိတ်ခံစားချက် မည်သို့ခံစားရမည်ဆိုသည်ကို  စာနာထောက်ထားမှုပြုရန်  မမေ့သင့်သဖြင့် ပြစ်မှုနှင့်ကျူးလွန်သည့် ပြစ်ဒဏ်ထိုက်သည်ဟု မြင်မိပါသည်။

၎င်းအပြင် International Convention Civil and Political Rights (ICCPR) Protocol II Abolishing of Death Penalty ကို မြန်မာနိုင်ငံမှ လက်မှတ်ရေး ထိုးထားခြင်း မရှိဘဲ နိုင်ငံနှင့်ပြည်သူတို့၏ လိုအပ်ချက်အရ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက်နှင့် နိုင်ငံလုံခြုံရေး လတ်တလော လိုအပ်ချက်များအရ ပြစ်ဒဏ်ကို အတည်ပြုဆောင်ရွက်ခြင်း ဖြစ်ပါသည်။

အစိုးရအနေဖြင့် အပြစ်တစ်စုံတစ်ရာ မရှိဘဲ လုပ်ကြံသတ်ဖြတ်ခြင်း ခံရသည့် ပြည်သူများနှင့် ၎င်းတို့၏ဆွေမျိုးသားချင်းများ၏ မျက်နှာကို  ထောက်ရှုပြီး မလွှဲမရှောင်သာဘဲ ပြစ်မှုကျူးလွန်သည့် တရားခံများကို ဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ် ဆောင်ရွက်ခဲ့ရခြင်းသာ ဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူကို  သနားညှာတာ ထောက်ထားနေမည်ဆိုပါက ပြစ်မှုကျူးလွန်ခြင်းခံရသည့် အပြစ်မဲ့ပြည်သူများအပေါ် ကိုယ်ချင်းစာနာမှုမရှိဘဲ ရက်စက်လွန်းရာ ရောက်သည်ဟု တွေးတောဆင်ခြင်သင့်ပါသည်။ ပြစ်ဒဏ်စီရင်ခံရသူ ၄ ဦးသည် ရည်ရွယ်ချက်အားဖြင့် နိုင်ငံရေးဆိုင်ရာဟု ဆိုသော်လည်း လက်တွေ့လုပ်ဆောင်နေသည်မှာ အကြမ်းဖက်မှု အသွင်ပုံစံများ ဖြစ်ကြပါသည်။ ထို့ကြောင့်လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူ အပြစ်ပေးခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်။ အကြမ်းဖက်သမားဖြစ်စေ၊ အခြားပြစ်မှု ကျူးလွန်သူဖြစ်စေ သေဒဏ်ချမှတ်ခံရခြင်းသည် လူသားချင်းစာနာမှုအရ ဝမ်းမြောက်စရာမရှိသော်လည်း ကျူးလွန်သည့်ပြစ်မှုနှင့်  ညီမျှသော ပြစ်ဒဏ်ကို ခံစားကြရမည်သာ ဖြစ်ပါသည်။ သေဒဏ်ကျခံရမည့် အကြမ်းဖက်သမား၏ အသက်တစ်ချောင်းအား  တန်ဖိုးထားသကဲ့သို့ အကြမ်းဖက်သမား၏  လုပ်ရပ်ကြောင့် သေဆုံးခဲ့ရသည့် အပြစ်မဲ့ပြည်သူများ၏ အသက်ပေါင်းများစွာနှင့် ၎င်းတို့မိသားစု၏ ပြိုပျက်ဝမ်းနည်းစရာ ဘဝများ၊ မိဘမဲ့ခဲ့ရသည့် ကလေးသူငယ်များ၏ ဘဝကိုလည်း ထည့်သွင်းစာနာ တန်ဖိုးထားကြောင်း ပြသနိုင်မှသာ  တရားမျှတမှု ရှိပေလိမ့်မည်။

နိဂုံးချုပ်အနေဖြင့် လူတိုင်းလူတိုင်းသည် တစ်ဦးနှင့်တစ်ဦး   အမြင်မတူညီခြင်း၊ အကြိုက်မတူညီခြင်းသည်  လောက၏ သဘော သဘာဝသာဖြစ်ပါသည်။  ထိုမတူညီမှုများကို အပြစ်ရှာ၍ “ငါနှင့်မတူ ငါ့ရန်သူဟု” အမျက်ဒေါသကြီး၍ အငြိုးအတေးထားကာ ဆောင်ရွက်နေသည့် ကာလပတ်လုံး ထိုသူနှင့်ထိုသူ ပါဝင်သည့်အဖွဲ့အစည်းသည် ကျဆုံးခြင်းလမ်း၌သာ အဆုံးသတ်မည်ဖြစ်ပါသည်။ နိုင်ငံတကာတွင် လူပြောများနေသည့် အကြမ်းဖက်သမား ၄ ယောက်ကို ၎င်းတို့နှင့် ထိုက်သင့်သည့်  အပြစ်ဒဏ်ပေးရခြင်းမှာ ၎င်းတို့၏ လုပ်ရပ်ကြောင့်  အကြောင်းမဲ့သေဆုံးရသူများ၊  အပြစ်မဲ့မိသားစုများ၏ ရင်နင့်ဖွယ်ရာဘဝများ၊ မိဘမဲ့ဖြစ်သွားရသော ကလေးသူငယ်တို့၏ ဘဝပေါင်းများစွာ ဖြစ်ခဲ့ရခြင်း လုပ်ရပ်တို့ကြောင့်  အကြိမ်ကြိမ်အခါခါ သေဒဏ်သင့်သော ပြစ်မှုဖြစ်သဖြင့် အပြစ်ဒဏ်များ ကျခံရခြင်းသာဖြစ်၏။ ထို့အတူ ကမ္ဘာ့နိုင်ငံများတွင်   ဖြစ်ပျက်နေသည့် အကြမ်းဖက်မှုများတွင်  ပါဝင်နေသည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည်လည်း အဆုံးသတ်မကောင်းသော ဘဝနိဂုံးတို့ဖြင့် ကြုံတွေ့ရသည်ကို ဥပမာယူ၍ နိုင်ငံသားတိုင်း မှန်ကန်စွာတွေးခေါ် စဉ်းစား ဆုံးဖြတ်နိုင်ကြပါစေဟု ဆန္ဒပြုအပ်ပါသည်။ သို့မှသာ လူ့လောကတွင်  အကျည်းတန်သော အကြမ်းဖက်မှုများ ချုပ်ငြိမ်းသွားမည်မှာ မလွဲဧကန်ဖြစ်ပေသည်။   ။

မောင်မျိုးအောင်(ပန်းဧရာ) ၊

ဝဏ္ဏ (TGI)