တစ်ကမ္ဘာလုံးကြုံတွေ့ရတဲ့ ငွေကြေးဖောင်းပွမှုဖြစ်နေစဉ်မှာ လုပ်ဆောင်သင့်တဲ့ အရာများ
ယနေ့ကမ္ဘာကြီးမှာ အစစအရာရာ ဈေးနှုန်းကြီးမြင့်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလိုအခြေအနေမျိုးကို ဘယ်သူကမှလက် မခံနိုင်ပါဘူး။ ဒါပေမဲ့လည်း မချစ်သော်လည်း
အောင့်ကာနမ်းဆိုသလို ကြိတ်မှိတ်သည်းခံပြီး အဆင်ပြေအောင် နေနေကြရတာပါပဲ။ လူသုံးကုန်၊စားသုံးကုန်အစရှိတဲ့ ကုန်စည်နဲ့ဝန်ဆောင်မှု အားလုံးဈေးတက်နေတာပါ။ အကြောင်းရင်းကို ဆန်းစစ်ရရင်တော့ ငွေကြေးဖောင်းပွမှုကြောင့်ပါပဲ။ ငွေကြေးဖောင်းပွတယ်ဆိုတာ ကိုယ့်လက်ထဲမှာ ရှိတဲ့ငွေကြေးတန်ဖိုးက ယခင်ကထက် နည်းပါးသွားတာဖြစ်ပါတယ်။ ဥပမာ အနေနဲ့ပြောရရင် အရင်က ကြက်ဥတစ်လုံးကို ၈၀၊ ၁၀၀ ပေးဝယ်ရပေမယ့် အခုအချိန်မှာ ကြက်ဥတစ်လုံးကို ၁၉၀၊ ၂၀၀ ပေးဝယ်လာရတာမျိုး ဖြစ်ပါတယ်။
အရင်က လက်ထဲမှာငွေ ၁၀၀ ရှိရင် ကြက်ဥတစ်လုံးရပေမယ့် အခုတော့ ကြက်ဥ တစ်လုံးတောင်မှ မရနိုင်တော့တဲ့ အခြေအနေမျိုး ဖြစ်လာတာကို ငွေကြေးဖောင်းပွတယ်လို့ဆိုလိုတာပါ။
တစ်ဖက်ကကြည့်ရင် ကမ္ဘာ့နိုင်ငံရေး အခြေအနေများနဲ့ ဆင့်ကဲရိုက်ခတ်မှုဖြစ်စဉ် များကြောင့်ဖြစ်ပေါ်လာတဲ့ ငွေကြေးဖောင်းပွမှုရဲ့ဒဏ်ကို ဘယ်သူကမှ ကင်းလွတ်ခွင့်မရပါဘူး။
တခြားတစ်ဖက်ကကြည့်ပြန်ရင်လည်း အိမ်ထောင်စုတွေဟာ ဝင်ငွေတိုးလာခြင်း မရှိဘဲ ကုန်ကျစရိတ်များကသာ တိုးသွားတာဖြစ်တဲ့အတွက် အခက်အခဲပေါင်း များစွာနဲ့ ရင်ဆိုင်လာရပြန်ပါတယ်။
ဒါပေမဲ့ ဒီလိုအခက်အခဲနဲ့ ရင်ဆိုင်နေရတာဟာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘဲ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ခံစားနေရတယ်ဆိုတဲ့ အသိဝင်ဖို့ အရေးကြီးပါတယ်။
ဘာကြောင့်လဲဆိုရင် လူတော်တော်များများက ဒီဒုက္ခတွေကို ငါတစ်ယောက်တည်း ခံစားနေရတယ်ဆိုတဲ့ အတွေးဝင် တတ်ပါတယ်။ ဒီအတွေးဝင်သွားတာနဲ့ တစ်ပြိုင်နက် ဘာအလုပ်မှ ဆက်လုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့်ဒီဒုက္ခကို ခံစားနေရတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို အရင်ဆုံး သိထားပေးပါ။
ဒီလိုအသိဝင်သွားပြီဆိုရင် ငွေကြေးဖောင်းပွမှုဖြစ်ပွားနေတဲ့ ကာလတစ်လျှောက်မှာ ဘယ်လိုနေထိုင် လုပ်ဆောင်ရမယ် ဆိုတဲ့ အချက်တွေကို ရှာဖွေလေ့လာ အသုံးချရပါမယ်။
အခုကျွန်တော့်အနေနဲ့ တင်ပြသွားမယ့် အချက်အလက်တွေကတော့ ငွေကြေးဖောင်း ပွမှုဖြစ်နေစဉ်ကာလမှာ ဘယ်လိုအရာတွေ လုပ်ဆောင်ပြီး နေထိုင်ရှင်သန်ရမယ် ဆိုတဲ့ အချက်တွေကို TIME မဂ္ဂဇင်းကဖော်ပြထားတဲ့အတိုင်း ပြန်လည်တင်ပြပေးသွားမှာဖြစ်ပါတယ်။
ငွေကြေးဖောင်းပွမှု မြင့်တက်လာတာကို ရင်ဆိုင်ရှင်သန်ဖို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ အခြေခံကျတဲ့အချက်တွေကိုဦးစွာသိထားခြင်းပဲဖြစ်ပါတယ်။
အခြေခံကျတဲ့ အဓိကအချက်တွေကတော့ ကိုယ့်လက်ထဲမှာ ရှိတဲ့ငွေကြေးကို ဘာအတွက် အသုံးပြုနေတာလဲဆိုတာကို သိရှိပါစေ။ ရေရှည်ရင်းနှီးမြှုပ်နှံမှု အစီအစဉ် တစ်ခုရှိပါစေ။ ကိုယ့်ဝင်ငွေတိုးလာစေမယ့် နည်းလမ်းများကို စဉ်းစားထားပါ။
ဒါ့အပြင် အောက်ပါအချက်တွေကိုလည်း လိုက်ပါ လုပ်ဆောင်ခြင်းအားဖြင့် ငွေကြေးဖောင်းပွမှုက ကိုယ့်ဘဝအပေါ် လွှမ်းမိုးမှုကနေ လျှော့ချနိုင်မှာဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုကိုဆက်လုပ်ပါ
လူတော်တော်များများက ငွေကြေးဖောင်းပွမှုဖြစ်လာပြီဆိုတာနဲ့ ကိုယ့်လက်ထဲမှာရှိတဲ့ ငွေကြေးကို အသေဖြစ်အောင် ကိုင်ထားလေ့ရှိပါတယ်။
သူတို့စိတ်ထဲမှာ ငွေကိုကိုင်ထားခြင်းအားဖြင့် တစ်ချိန်မှာငွေကြေး တန်ဖိုးတက်လာမယ်လို့ ထင်ယောင်နေဖွယ်ရှိပါတယ်။ တကယ်တမ်းက လက်ရှိကိုယ့်လက်ထဲမှာ ရှိတဲ့ငွေက နောင်တစ်ချိန်မှာ တန်ဖိုးပိုကျသွားဖို့ရာသာ ရှိပါတယ်။
ဒါကြောင့် ကိုယ့်လက်ထဲမှာ ရှိတဲ့ငွေကို အရင်းအနှီးပြုပြီး ရင်းနှီးမြှုပ်နှံမှုကို ဆက်လုပ်ပါ။ ခြေစောင့်လက်စောင့်အတွက် တော့ ချန်ထားပေါ့လေ။ တစ်နည်းဆိုရရင် အရေးပေါ်သုံးဖို့ ချန်ထားတဲ့ငွေကိုတော့ သွားမထိပါနဲ့။
ဒီလိုမျိုးရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ခြင်းအားဖြင့် ငွေကြေးဖောင်းပွမှု ဖြစ်ပွားနေချိန်မှာတောင်မှ ခေတ်နဲ့အညီဖြစ်တဲ့ ငွေကြေးတန်ဖိုး တစ်ခုကို ဆက်လက် ပိုင်ဆိုင်ထားမှာဖြစ်ပါတယ်။
တကယ်လို့များ ဘဏ်အတိုးနှုန်း တိုးမြှင့်တာတွေ၊ စတော့ဈေးကွက် ကျဆင်းတာတွေ၊ ငွေကြေးအဆမတန် ဖောင်းပွလာတာတွေကို မြင်ရတဲ့အခါမျိုးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတော့တာ၊ ဘာဆက်လုပ်ရတော့မှန်း မသိတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
ဒီလိုမျိုးတွေ မဖြစ်လာစေဖို့အတွက် အစကတည်းက ခိုင်မာမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုကို လုပ်ဆောင်ထားသင့်ပါတယ်။ အထူးသဖြင့် ရေရှည်ရင်းနှီးမြှုပ်နှံမှု လုပ်ထားရင် ဒီလိုဒုက္ခတွေကြောင့် စိတ်ဒုက္ခရောက်ခြင်းကနေ ကင်းလွတ်နိုင်မှာပါ။
အသုံးစရိတ်လျှော့ချဖို့ အတွက်နည်းလမ်းရှာပါ
ကျွန်တော်တို့အနေနဲ့ တစ်နေ့တစ်နေ့ ထွက်လိုက်ရတဲ့ ငွေတွေကိုပြန်တွက်ကြည့်ရင် မနည်းလှပါဘူး။ အဲဒီငွေတွေအားလုံးက လိုလို့သုံးတာလား၊ ပိုလို့ဖြုန်းတာလား ဆိုတာကိုလည်း တော်ရုံအားဖြင့်ပြန်မတွက်ကြပါဘူး။
အခုတော့ ကိုယ့်ရဲ့အသုံးစရိတ်ကို တတ်နိုင်သမျှလျှော့ချဖို့အတွက် နည်းလမ်းရှာရမယ့် အချိန်ရောက်လာပါပြီ။ အရင်ဆုံး ကိုယ်ကဘာတွေ သုံးနေလဲဆိုတာကို သိရဖို့ ကျသင့်ငွေတောင်းခံလွှာတွေကို အသေးစိတ် ကြည့်ရှုရပါတော့မယ်။
အဲဒီကျသင့်ငွေတောင်းခံလွှာတွေထဲကမှ နောင်မှာ ကိုယ့်အတွက် မလိုအပ်တဲ့အရာတွေအတွက် ငွေကိုအသုံးမပြုဖို့နဲ့ လိုအပ်လို့ သုံးရတဲ့ငွေတွေကိုလည်း စစ်စစ်စီစီနဲ့ တတ်နိုင်သမျှလျှော့ချနိုင်ဖို့ လုပ်ရပါမယ်။
ဒါကြောင့် အသုံးစရိတ်နဲ့ပတ်သက်ပြီး ဘယ်လိုအရာမဆို လုပ်ဆောင်ရတော့ မယ်ဆိုရင် ကျသင့်ငွေတောင်းခံလွှာတွေကို ကြည့်ခြင်းက အလွယ်ကူဆုံး စတင်နည်းဖြစ်တယ်လို့ ဘဏ္ဍာရေး ကျွမ်းကျင်ပညာရှင် အန်ဒရီးဝိုရို့ကပြောထားတာပါ။
လျှော့ချနိုင်မယ့်အသုံးစရိတ်တချို့
ကျွန်တော်တို့အနေနဲ့လျှော့ချနိုင်မယ့် အသုံးစရိတ်တချို့ရှိပါတယ်။ အဲဒီအသုံးစရိတ်တချို့ထဲမှာ ပုံမှန်ပေးဆောင်ရတဲ့ ဝင်ကြေးတွေ၊ တယ်လီဖုန်းခတွေ၊ အင်တာနက် စရိတ်တွေ၊ တချို့အာမခံ ဝယ်ယူမှုတွေပါဝင်ပါတယ်။
တယ်လီဖုန်းဘေ ကုန်ကျစရိတ်ကို လျှော့ချနိုင်မယ့် အကောင်းဆုံး နည်းလမ်းတစ်ခုက ငွေကြိုပေးစနစ်နဲ့ အသုံးပြုခြင်း ဖြစ်ပါတယ်။
အင်တာနက် အသုံးပြုမှုဆိုရင်လည်း ကိုယ်သတ်မှတ်ထားတဲ့ ပမာဏအတွင်းဝင်မယ့် ဒေတာပမာဏကိုသာ ကြိုတင်ဝယ်ယူသင့်ပါတယ်။ ကြိုက်သလောက်သုံး ကျသလောက်ပေး ဆိုတာမျိုးကျတော့ အသုံးစရိတ်ကို ချွေတာဖို့မလိုတဲ့ သူတွေအတွက်ပဲကောင်းပါတယ်။
ဒါ့အပြင် ဈေးသွားပြီး လိုအပ်တဲ့အရာတွေ (ဥပမာ-ဟင်းစား) သွားဝယ်တယ်ဆိုရင်လည်း ကိုယ်ကဒီတစ်ပတ်အတွင်းမှာ ဘာဟင်းတွေ ချက်စားမှာလဲ အစီအစဉ်ရှိထားရင် ပိုကောင်းပါတယ်။
ဒါမှသာ လိုအပ်တဲ့အရာကိုသာ ဝယ်မိမှာ ဖြစ်ပြီး မလိုအပ်တဲ့အရာကို ဝယ်မိခြင်းကနေ ရှောင်ရှားခြင်းအားဖြင့် အသုံးစရိတ်ကို ချွေတာနိုင်ပါစေလိမ့်မယ်။ အကောင်းဆုံးကတော့ တူညီတဲ့ပါဝင်ပစ္စည်းတွေကို အသုံးပြုပြီး အမယ်မတူတဲ့ ဟင်းတွေချက်ခြင်းပါပဲ။
ပညာရှင်တွေက ပြောလေ့ရှိပါတယ်။ ဘယ်တော့မှ ဝင်ငွေတစ်ခုတည်း အပေါ်မရပ်တည်ပါနဲ့တဲ့။ မှန်ပါတယ်။ ကိုယ်ရပ်တည်နေရတဲ့ ဝင်ငွေက နောင်တစ်ချိန်မှာမရနိုင်တော့ရင် ဘာဆက်လုပ်ကြမလဲ။
ဒါကြောင့် ဝင်ငွေပိုရှာဖို့ပြောကြတာဖြစ်ပါတယ်။ အခုလို ငွေကြေးဖောင်းပွမှုဖြစ်နေစဉ် ကိုယ့်ရဲ့လုပ်ခ လစာကလည်း မတိုးလာတဲ့ အချိန်မျိုးမှာဆိုရင် တခြားသောလမ်းကြောင်းကနေ ဝင်ငွေရရှိအောင် ရှာဖွေခြင်းက အသက်ရှူချောင်စေမှာ အမှန်ပါပဲ။ ဒီလိုအပိုဝင်ငွေ ရှာဖွေရာမှာ ကိုယ့်ရဲ့ပင်မ အလုပ်တာဝန်ကို မထိခိုက်စေဖို့တော့ လိုတာပေါ့လေ။
အပိုဝင်ငွေ ဘယ်လိုရှာမလဲဆိုရင် ဈေးရောင်းပါ။ ဒါမှမဟုတ် ကိုယ့်မှာရှိပြီး အသုံးမလိုတဲ့ အရာတွေကို အသုံးလိုသူတွေထံ အငှားချပါ။ ဥပမာ ကားအငှားပေးထားခြင်း၊ ပိုနေတဲ့အိမ်ခန်းကို အိမ်ငှား တင်ထားခြင်းမျိုးတို့ ဖြစ်ပါတယ်။
နောက်တစ်ခုက ကိုယ်ကအသက်မွေးဝမ်းကျောင်း အတတ်တစ်ခုခု တတ်တယ် ဆိုရင်လည်း အလွတ်တန်း ပညာရှင်အနေနဲ့ အားလပ်ချိန်မှာ အလုပ်လုပ်ပါ။ ဥပမာ အလွတ်တန်း ဒီဇိုင်းဆွဲပေးတာမျိုး၊ အလွတ်တန်း ဘာသာပြန် လုပ်တာမျိုးတွေ လုပ်သင့်ပါတယ်။
ကျွန်တော်တို့ လူသားအားလုံးမှာ တစ်ချိန်မဟုတ်တစ်ချိန်မှာ အခက်အခဲ ဆိုတာရှိစမြဲပါပဲ။
ဒီအခက်အခဲတွေနဲ့တွေ့ချိန်မှာ ထိုင်ပြီးညည်းတွားနေသူနဲ့ အဆင်ပြေအောင် နည်းလမ်းရှာ ဆောင်ရွက်တတ်သူကြား ကွာခြားချက်က ဘာလဲဆိုတော့ ပထမလူမျိုးရဲ့ဘဝဟာ ဒုံရင်းကဒုံရင်းပဲ ဖြစ်နေတာဖြစ်ပြီး ဒုတိယလူမျိုးရဲ့ဘဝကတော့ အခက်အခဲတွေကြားမှာ ပျော်ရွှင်စွာရှင်သန်ရင်း ဘဝအခြေတစ်ဆင့်ပြီး တစ်ဆင့် မြင့်တက်သွားတာပဲဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်တစ်ယောက်တည်း မဟုတ်ဘဲ တစ်ကမ္ဘာလုံး ကြုံတွေ့နေရတဲ့ ဒီကနေ့လိုငွေကြေးဖောင်းပွမှု ကာလကြီးမှာ ဒုက္ခတွေကိုထိုင်ပြီး ညည်းတွားနေမယ့်အစား ဒုက္ခတွေကို လှေကားထစ်အဖြစ် အသုံးချပြီး ကိုယ့်ဘဝ တက်လမ်း တိုးတက်ရေးကို ဆောင်ရွက်ကြစေဖို့ တိုက်တွန်း လိုက်ရပါတယ်။
Ref: TIME