တရုတ်နိုင်ငံက အနီးကပ်စောင့်ကြည့်နေမည့် အမေရိကန်နှင့် ဖိလစ်ပိုင် အစိုးရသစ်တို့၏ ထူးခြားသည့် ဆက်ဆံရေး

တရုတ်နိုင်ငံက အနီးကပ်စောင့်ကြည့်နေမည့် အမေရိကန်နှင့် ဖိလစ်ပိုင် အစိုးရသစ်တို့၏ ထူးခြားသည့် ဆက်ဆံရေး

အမေရိကန်နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံကြား ဆက်ဆံရေးသည်   အလွန်ထူးခြားသည့် ဆက်ဆံရေးဖြစ်ပြီး   အမေရိကန်အစိုးရ အနေဖြင့် ဖိလစ်ပိုင်နှင့် လက်မှတ်ရေးထိုးထားသည့်   ကာကွယ်ရေး သဘောတူညီချက်ကို   ဆက်လက်ထိန်းသိမ်း မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကန်က ပြောသည်။

အမေရိကန်-ဖိလစ်ပိုင် မိတ်ဖက်ဆက်ဆံရေးသည် ခိုင်မာမှုရှိပြီး ပိုမိုခိုင်မာလာနိုင်သည့် အနေအထားတွင်    ရှိနေကြောင်း ဘလင်ကန်က ဆက်လက်ပြောကြားသည်။

ဘလင်ကန်သည်  ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့်  အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ပြီးနောက်  ဖိလစ်ပိုင်နိုင်ငံသို့  သြဂုတ် ၅ ရက်က ရောက်ရှိလာခြင်း ဖြစ်သည်။

ဘလင်ကန်၏   အဆိုပါ ခရီးစဉ်သည် ဖိလစ်ပိုင်တွင်    ဖာဒီနန်မားကို့ဂျူနီယာသမ္မတအဖြစ် တက်ရောက်လာပြီးနောက် ရောက်ရှိလာသည့် အဆင့်အမြင့်ဆုံးသော အမေရိကန်အရာရှိ တစ်ဦး၏ ခရီးစဉ်ဖြစ်လာသည့်အပြင်  ဒေသတွင်း၌ တင်းမာမှုများ မြင့်တက်နေစဉ် အဆိုပါခရီးစဉ် ထွက် ပေါ်လာခြင်းလည်းဖြစ်သည်။

အမေရိကန်သည်   ဖိလစ်ပိုင်နှင့် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက် တစ်ရပ်ကို   လက်မှတ်ရေးထိုးထားပြီး တောင်တရုတ်ပင်လယ်အတွင်း   တရုတ်နိုင်ငံနှင့် ဖြစ်ပွားနေသည့် ရေပိုင်နက်အငြင်း ပွားမှုတွင် အမေရိကန်က ဖိလစ်ပိုင်ဘက်မှ ထောက်ခံပေးထားသည်။

ဘလင်ကန်၏  ယခုသွားရောက်သည့် ခရီးစဉ်သည် ဖိလစ်ပိုင်နှင့် လက်မှတ်ရေး ထိုးထားသည့် ကာကွယ်ရေး သဘောတူညီချက်ကို   ဆက်လက် ထိန်းသိမ်းထားရန်   ကြိုးပမ်းသည့် အနေဖြင့် ဖိလစ်ပိုင်အစိုးရသစ်နှင့်   ဆက်ဆံရေး တိုးတက်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ 

အဘယ်ကြောင့်ဆိုသော် ယခင်သမ္မတဟောင်း ရိုဒရီဂိုဒူတာတေ လက်ထက်တွင် နှစ်နိုင်ငံ ဆက်ဆံရေးမှာ   ယိုယွင်းခဲ့သည်။ ဒူတာတေသည် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခဲ့ပြီး အမေရိကန်နှင့် ဆက်ဆံရေးကို သိသိသာသာ လျှော့ချခဲ့ခြင်းကြောင့်    ဖိလစ်ပိုင်၏ အဆိုပါလုပ်ဆောင်ချက်သည်    အမေရိကန်အတွက် ထိုးနှက်ချက် တစ်ရပ်အဖြစ် ထွက်ပေါ်လာခဲ့သည်။

ထို့ကြောင့် အစိုးရသစ်လက်ထက်တွင် နှစ်နိုင်ငံကြား ဆက်ဆံရေး ပြန်လည်ကောင်းမွန်စေရန် အမေရိကန်ဘက်က ကြိုးပမ်းလာခြင်းဖြစ်ပြီး အဓိကအားဖြင့် နှစ်နိုင်ငံကြား    လက်မှတ်ရေးထိုးထားသည့် ကာကွယ်ရေး သဘောတူညီချက်ကို   ပြန်လည်ခိုင်မာလာစေရန် အဓိကထား လုပ်ဆောင်နေခြင်း ဖြစ်သည်ဟုလည်း   ဆိုနိုင်သည်။

အဆိုပါ  ကာကွယ်ရေး သဘောတူညီချက်အရ   အမေရိကန်အစိုးရ အနေဖြင့် ဖိလစ်ပိုင်ရှိ   စစ်အခြေစိုက်စခန်းများကို အသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး   လက်နက်ခဲယမ်းများကိုပါ    ဖြန့်ကြက်နိုင်မည်ဖြစ်သည်။  ထိုသို့သော အခွင့်အလမ်းမျိုးကို အမေရိကန်တို့က    လက်လွှတ်ခံမည် မဟုတ်ပေ။

ဖိလစ်ပိုင်တွင် သမ္မတသစ်အဖြစ် တက်ရောက်လာသည့် ဖာဒီနန်မားကို့ဂျူနီယာ အနေဖြင့်လည်း အမေရိကန်က ပေးအပ်သည့်အကူအညီအပေါ် အမှီသဟဲပြုနေခြင်းထက်   ယင်းနိုင်ငံနှင့် စီးပွားရေးအရဆက်ဆံမှုကို     တိုးမြှင့်ရန် ဆန္ဒရှိနေပြီး သမ္မတ    ဂျိုးဘိုင်ဒင်ချမှတ်ထားသော စီးပွားရေး ဆောင်ရွက်ချက်များတွင်    ပူးပေါင်းပါဝင်လိုကြောင်း  ပွင့်ပွင့်လင်းလင်း ပြောဆိုထားသည်။

ထို့ကြောင့်   အချုပ်အားဖြင့်ဆိုရပါမူ ဖိလစ်ပိုင်အစိုးရသစ်နှင့်  အမေရိကန်တို့ ၏ ဆက်ဆံရေးနှင့်   အရှေ့တောင်အာရှ ဒေသတွင်း လုပ်ဆောင်လာသည့် အမေရိကန်၏ ဆောင်ရွက်ချက်များကို တရုတ်နိုင်ငံက     အနီးကပ်စောင့်ကြည့် လာဖွယ်ရှိကြောင်း      ရေးသား တင်ပြလိုက်ရပါသည်။

Ref:ST