မျက်စိရောဂါအကြောင်း သိကောင်းစရာ
“မျက်စိအဆုံး၊ နားအရှုံး” ဟူသောစကားရှိသည်။ အဆုံးရော အရှုံးပါလူအတွက်နစ်နာမှုဖြစ်သည်။ နားပင်းသူနားကန်းသူမှာ ဘဝခရီးအတွက် ဆုံးရှုံးမှုတစ်ခုဖြစ်သလို မျက်စိမမြင်သူမှာလည်း ဘဝအဆုံးထိ အခက်အခဲများ ကျော်ဖြတ်ရမည်ဖြစ်သည်။
အသက်ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦးသည် မျက်စိပေကလတ်ပေကလတ ်ဖြစ်နေသည်။
လက်ကိုင်ဖုန်းတွင် ပါလာသော ဂိမ်းကစားနည်းများကို နေ့စဉ်ငါးနာရီထက်ပိုပြီးကစားရာမှ မျက်စိအဖွင့်၊ အပိတ်ကို ထိန်းချုပ်သော အာရုံကြောများ အားနည်းလာပြီး ပေကလတ်ပေကလတ် ဖြစ်နေခြင်းဖြစ်သည်။ အသက်ငယ်ရွယ်သော ကလေးများကို ဂိမ်းကစားရာတွင် တစ်နာရီအလွန်ဆုံး၊ တစ်နာရီခွဲထက် မပိုအောင် ကန့်သတ်ပေးသင့်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မျက်မှန်တပ်ရသော ကလေးများ များလာရခြင်းမှာ ဂိမ်းကစားနည်းများပါသည့် ဟန်းဖုန်းများ ပါလာပြီး ပိုများလာသည်။
ယနေ့ခေတ်မီတိုးတက်လာသော ဆက်သွယ်ရေး
နည်းပညာများကြောင့် ကွန်ပျူတာအသုံးပြုသူ၊ ဖုန်းဖြင့် အင်တာနက်သုံးစွဲသူ၊ အထူးသဖြင့် ကလေး၊ လူကြီးအရွယ်စုံ ဖေ့ဘွတ်သုံးစွဲမှု များပြားလာပြီး နေရာတိုင်းတွင် ကိုယ်ပိုင်လက်ကိုင်ဖုန်း မျက်နှာပြင် လက်ဖြင့်ပွတ်ကာ မျက်စိအာရုံ စူးစိုက်နေသူများကို တွေ့မြင်နေရသည်။
ရုံးများ၌ စာရင်းအင်းများ ပြုလုပ်ရာတွင် ရိုးရိုးစာရင်းကိုင်များထက် ကွန်ပျူတာစာရင်းကိုင်များကို ပို၍ အသုံးပြုလာသည်ကို တွေ့ရသည်။ စီမံခန့်ခွဲသူ စီအီးအိုနှင့် မန်နေဂျာများတွင် ခရီးဆောင် ကွန်ပျူတာ၊ လက်တော့များကို အသုံးပြုလာကြသည်။
ထိုသို့ ကွန်ပျူတာ သုံးစွဲသူများသည် တစ်နာရီ အသုံးပြုပြီးလျှင် ဆယ်မိနစ်ခန့်မျက်စိကို အနားပေးရမည်။ အနီးကြည့်ရာမှ အဝေးရှိစိမ်းစိုသော နေရာကို ကြည့်ရမည်ဟု ဗဟုသုတအနေဖြင့် သိထားကြသော်လည်း အလုပ်တွင် အာရုံဝင်စား မိသွားသောအခါ မရပ်နားနိုင်သဖြင့် လိုက်နာမှု အားနည်းသည်ကိုတွေ့ရသည်။
ရှေးလူကြီးများ၏ “မျက်စိအဆုံး၊ နားအရှုံး” ဟူသော စကားမှာအမှန်ပင်ဖြစ်သည်။ မျက်စိကို ပေါ့ပေါ့တန်တန် သဘောထား၍ အမြင်အာရုံချို့ယွင်းလာမှ ခွဲစိတ်ကုသရသူများ ရှိသည်။ ခွဲစိတ်ကုသမှု တိုင်း အောင်မြင်သည်မဟုတ်ပါ။ စာရေးသူ၏ မိတ်ဆွေတစ်ဦးသည် ခွဲစိတ်ကုသမည်ကိုကြောက်၍ ရက်ရွှေ့၊ လရွှေ့လုပ်နေခဲ့ရာ အမေရိကမှ အထူးကု ဆရာဝန်ကြီးများ လာရောက်ခွဲစိတ် ကုသမှုနှင့်ကြုံခဲ့သော်လည်း မျက်စိကွယ်ခဲ့ရသည်။
မျက်စိအတွက်ကာကွယ်နည်းများ
“မျက်စိမှာ ရည်(ရေ)၊ နားမှာ ဆီ၊ ဒန်တီမှာ ဆား၊ ဝမ်းမှာခါး” ဟူသော ရှေးမြန်မာလူကြီးများ ဆိုရိုးစကား ရှိသည်။ နံနက်အိပ်ရာထ မျက်နှာသစ်ပြီးလျှင် ရေကို လက်ခုပ်တစ်ဖက်ဖြင့် ခံယူပြီး မျက်လုံးအိမ်တွင်ကပ်၍ ရေဝင်အောင် ဖွင့်လိုက်၊ ပိတ်လိုက်လုပ်ခြင်းကို မျက်စိဆေးသည်ဟုခေါ်သည်။ မျက်စိတစ်ဖက်လျှင် သုံးကြိမ်ခန့် ဆေးပေးလျှင် မျက်စိတွင်းမှ အပူ၊ အခိုး၊ အငွေ့များထွက်သွားသည်။ အမြင်ကြည်လင်စေသည်။
မျက်စိအာရုံမှာ မျက်ကြည်လွှာ၏ နောက်တွင် မှန်ဘီလူးနှင့် တူသော အသားနုလုံးဖြင့်ဖွဲ့စည်းထား သည်။ လူ၏ကိုယ်တွင်းမှ တရှိန်ရှိန် ထွက်နေသော အခိုး၊ အငွေ့များသည် ရေချိုးခန်းအတွင်းရှိ မှန်တွင် ရေငွေ့များရိုက်လျှင် မှုန်သွားသကဲ့သို့ အခိုး၊ အငွေ့များဖြင့် မှုန်မှုန်မှိုင်းနေလျှင် အမြင်အာရုံမကြည်လင်နိုင်ပေ။ မီးခိုးငွေ့များ၊ ဖုန်များ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီအငွေ့များသည် ပြင်ပမှအမြဲဝင်လျက်ရှိသည်။ မျက်စိရေ ဆေးခြင်းကို အပြင်မှပြန်လာသည့်အခါတိုင်း ပြုလုပ်သင့်သည်။
အညာဒေသတွင် နေထိုင်သူများမှာ မျက်ခမ်းစပ် ရောဂါအလွန်ပေါသည်။ ထိုရောဂါမှ ကာကွယ်သည့် အနေဖြင့်ပြုလုပ်သည့် ဆေးနည်းတို နည်းလမ်းမှာ ဆီးဖြူသီးကို ထုထောင်းပြီး ညဘက်တွင် ရေစိမ်ထားသည်။ နံနက်အိပ်ရာထတွင် ထိုစိမ်ရေမှ အကြည်ကို ယူပြီး မျက်စိကိုဆေးပေးလျှင် မျက်စိအတွင်းမှ အခိုးများ ထွက်သွားပြီး မျက်စိကြည့်ကောင်းသည်။ တိမ်ဖြစ်ခြင်းမှလည်း ကာကွယ်သည်။
မျက်စိကိုက်လျှင် မျက်နှာကိုရေခွက်ထဲတွင် ရေထည့်၍ မျက်စိကိုရေမြုပ်အောင် ပြုလုပ်ပြီး အဖွင့်၊ အပိတ် ပြုလုပ်ပေးရသည်။ မျက်ရိုးကိုက်လျှင် ကွမ်းရွက်ကို ကျပ်စေ့ဝိုင်းခန့်ဖြတ်ပြီး မျက်စိထောင့်တွင် ကပ်ပေးထားလျှင် သက်သာသည်။ ကွမ်းရွက်ကို မျက်စိအရွယ်ဖောက်ပြီး တစ်ရွက်လုံးကပ်၍ ညအိပ်ပြီး နံနက်ထချိန်မှ ခွာသူလည်းရှိသည်။
စာကြည့်၊ ကွန်ပျူတာကြည့်၍ မျက်စိညောင်းလျှင် ပြေစေသော အလွယ်နည်းမှာ ငှက်ပျောရွက်စိမ်းကို မျက်လုံးအိမ်နှင့် ရွယ်တူစက်ဝိုင်း ပုံညှပ်ပြီး မျက်စိနှစ်လုံးပေါ်တွင် ဖုံးအုပ်ထားသောနည်း ဖြစ်သည်။ နာရီဝက်ခန့် ဖုံးအုပ်ထားပြီး အနားယူလျှင် မျက်စိညောင်းကိုက်ခြင်းမှ ကာကွယ်နိုင်သော လွယ်ကူသည့်နည်းဖြစ်သည်။
မျက်စိအတွက် “စက္ခုပါလ” ဆေးနည်းကောင်း
ဤဆေးသည် လူသိများ၊ အသုံးများသော တိုင်းရင်းဆေး တစ်မျိုးဖြစ်သည်။ မျက်စိကြည်ဆေး တိမ်စသော မျက်စိရောဂါများ ကာကွယ်ဆေး၊ မျက်မှန်ဒီဂရီကျစေသော ဆေးအဖြစ် အသုံးများသည်။ မျက်စိအတွက်သာမက ညောင်းကိုက်ရောဂါ၊ ဒူလာနှင့်အညောင်းအထိုင်များသူများ၊ ဝမ်းချုပ်သူများ အတွက် ဆေးစွမ်းကောင်းဖြစ်သည်။ ရေရှည်၊ နှစ်ရှည်စွဲ၍ သောက်သော်လည်း ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိဟု သုတေသနပြုလက်ခံထားသော ဆေးစွမ်းကောင်းဖြစ်သည်။
ဆေးအမှတ် (၁၂) စက္ခုပါလဆေးတွင် ကရဝေးရွက် ၂ - ပဲသား၊ ဖာလာငယ် ၂ - ပဲသား၊ လက်ခြား ၂ - ပဲသား၊ ချေးသီး ၄ - ပဲသား၊ ပန်းနု ၄ - ပဲသား၊ ရှိန်းခို ၄ - ပဲသား၊ ဇာတိပ္ဖိုလ်သီး ၄ - ပဲသား၊လေးညှင်းပွင့် ၄ - ပဲသား၊ ကလောဆန် ၄ - ပဲသား၊စမုန်ဖြူ ၄ - ပဲသား၊ စမုန်နီ ၄ - ပဲသား၊ စမုန်ညို၄ - ပဲသား၊ စမုန်ဖွဲ ၄ - ပဲသား၊ စမုန်စပါး ၄ - ပဲသား၊ဘုမ္မရာဇာ ၁ ကျပ်သား၊ ကန့်ချုပ်နီ ၁ ကျပ်သား၊ ပိတ်ချင်းသီး ၁ ကျပ်သား၊ ဆေးပုလဲ ၁ ကျပ်သား၊မဏိသြဃ ၁ ကျပ်သား၊ စမုန်နက် ၁ ကျပ်သား၊ ပွေးကိုင်း ၁၅ ကျပ်သား၊ ဆားလှော် ၁၅ ကျပ်သား(တွင်းထွက်ဆား)၊ ဆူးကောက်နက်၂၀ ကျပ်သား(စုစုပေါင်း ဆေးအလေးချိန် ၅၉ ကျပ် ၂ ပဲသား)တို့ပါဝင်သည်။ လတ်ဆတ်သောဆေး၏ အရောင် (ညိုဝါ)၊ လတ်ဆတ်သောဆေး၏ အနံ့( ပွေးကိုင်းအနံ့လွှမ်း)၊ လတ်ဆတ်သောဆေး၏ အရသာ ( အေး၊ ခါး၊ငန်၊ စပ်)။
ဓာတုဝိပါက (ဒေသနာ) ဆေးပညာအရ သီတ ဝါယော အာကာသ။ အပူငြိမ်းစေ၏။ အဇ္ဈတ္တပထဝီ ပျက်စေ၏။ ဗဟိဒ္ဓအာပေါပျက်စေ၍ အာကာသ အနည်းငယ်ရစေ၏။ အနာ(၆)ပါး၊ အနာ (၈)ပါး ဆေးပညာတွင် ကက္ခဠနနှင့် ဝိတ္ထ မ္ဘိတနာများဖြစ်သည့် မျက်စိနှင့်ပတ်သက်သော ရောဂါများတွင် ညဆေး (ညအိပ်ရာဝင် သောက်သောဆေး) အဖြစ် အဓိက သုံးစွဲနိုင်သည်။
ဆေးဝါး၏အကျိုးသွားနှင့် အသုံးပြုရမည့် ရေလဲပစ္စည်းများမှာ-
၁။ မျက်စိဝေခြင်း၊ မှုန်ခြင်း၊ တိမ်သလ္လာစွဲခြင်းတို့ကို နေ့စဉ်ရေအေးနှင့်လည်းကောင်း။
၂။ ခြေအေး၍ဝမ်းချုပ်သော မီးယပ်၊ ဒူလာ၊ ထုံကျဉ်၊ ညောင်းကိုက်သောရောဂါတို့တွင် ရေအေးနှင့် လည်းကောင်း။
၃။ မီးယပ်ကွက်၊ ဒူလာကွက်၊ နှင်းခူ၊ သွေးသားမသန့်သော ရောဂါ အမျိုးမျိုးနှင့် ခေါင်းအုံ၊ ဇက်လေးရောဂါတို့ကို ညစဉ်ရေအေးနှင့် မှန်မှန်သုံးစွဲပါ။
သောက်သုံးရမည့် ဆေးတစ်ခွက်စာပမာဏ
လူကြီး... ၂ - ပဲသား (၂ ဂရမ်) ဆေးပြား Tablet (၄)ပြား၊
ကလေး... ၁ - ပဲသား (၁ ဂရမ်) ဆေးပြား Tablet (၂)ပြား၊
သောက်ရမည့် အကြိမ်နှင့်ရက်
တိုင်းရင်းဆေးပညာရှင်၏ ညွှန်ကြားချက်အတိုင်း သုံးစွဲသင့်ပါသည်။
ဆေးဝါး၏ အခြားအာနိသင်
လိပ်ခေါင်းရောဂါကို ကုသရာတွင် ထိရောက်မှု ရှိကြောင်း သိရသည်။
(တိုင်းရင်းဆေးပညာဦးစီးဌာန ဌာနသုံး တိုင်းရင်းဆေးနည်းများနှင့် သမားစဉ်ဆေးဖုံများ။ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်စာအုပ်မှ)မျက်စိကွင်းဆေးများ
ရှေးမြန်မာများသည် မျက်စိကြည်စေရန် အတွက် လည်းကောင်း၊ မျက်စိနီရဲလျှင်၊ မျက်စိနာလျှင် အနာသက်သာစေရန်အတွက် လည်းကောင်း မန်ကျည်းေါက်(မန်ကျည်းပင်၏ အခေါက်)ကို ခွာယူပြီး ခြောက်သွေ့အောင် နေလှန်းပြီး ကျောက်ပျဉ်တွင် သွေး၍ မျက်စိကွင်းကြသည်။ မန်ကျည်းပနီခေါက်က ပို၍ ဆေးအာနိသင် ကောင်းသည်ဟု ဆိုကြသည်။ မျက်စိဒဏ်ဖြစ်လျှင် ထိခိုက်မိ၍ ဒဏ်တိမ်ဖြစ်လျှင် မန်ကျည်းပနီခေါက်ကို ရေရှည်စွဲ၍ မျက်စိကွင်းပေးလျှင် ပျောက်ကင်းနိုင်သည်ဟု ဆိုကြသည်။
မျက်စိကွင်းဆေးအဖြစ် အခြားသုံးစွဲကောင်းသော ဆေးမြစ်မှာ “ကျားမနိုင်နွယ်မြစ်” ဖြစ်သည်။ ကျောက်ကြိုကျောက်ကြားတွင်ပေါက်သော နွယ်ပင်ကြီးမျိုးဖြစ်သည်။ ပိုင်းဖြတ်လိုက်လျှင် ထိပ်ပိုင်းတွင် ကျားခြေရာသဏ္ဌာန် တွေ့ရသောကြောင့် ကျားခြေရာမြစ်ဟု လည်းခေါ်သည်။ အပူနာ၊ အဖုအပိမ့်များကို လိမ်းလျှင်အေးပြီး အဖုမှာ အကျိတ်မှာ ကျုံ့ဝင်၊ သေးပြီး ပျောက်ကင်းသွားနိုင်သည်။ မျက်စိကွင်းလျှင် အေးပြီး နီရဲနေသော မျက်စိကိုပြန်ဖြူစေနိုင်သည်။မျက်ရိုးကိုက်ခြင်း၊ မျက်မှန်ဒီဂရီ တိုးခြင်းများအတွက်လည်း မျက်စိကွင်းဆေးအဖြစ် အသုံးပြုနိုင်သည်။ ကျားမနိုင်နွယ်မြစ်ကို ပြင်ဦးလွင် (မေမြို့) နှင့် အနီးတစ်ဝိုက် တောကြီးများတွင် တွေ့ရသည်။ မန္တလေးမြို့အထွက် ပြင်ဦးလွင်အတက်လမ်းအနီး အုန်းချောရွာ ရွှေစာရံဘုရားပွဲ၌ ဆေးမြစ်များ ရောင်းချရာတွင် ရရှိနိုင်သည်။ အစွမ်းထက်သော နွယ်ပင်ဆေးမြစ်ဖြစ်သည်။ ။
ကြည်လွင်မြင့်(မုဒြာ)