အာဆီယံယူ-၁၆ ပြိုင်ပွဲမြန်မာအသင်းနှင့် ကမ္ဘောဒီးယား အသင်းတို့(ယနေ့) ယှဉ်ပြိုင်ကစားမည်

အာဆီယံယူ-၁၆ ပြိုင်ပွဲမြန်မာအသင်းနှင့် ကမ္ဘောဒီးယား အသင်းတို့(ယနေ့) ယှဉ်ပြိုင်ကစားမည်

နေပြည်တော်  သြဂုတ်  ၇

  အင်ဒိုနီးရှားနိုင်ငံ ယိုဂျာကာတာမြို့တွင် ကျင်းပသည့် အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စု(ဂ)၏ နောက်ဆုံးပွဲစဉ်အဖြစ်  မြန်မာ့လက်ရွေးစင်  ယူ-၁၆ အသင်းနှင့် ကမ္ဘောဒီးယား အသင်းတို့သည်  သြဂုတ် ၈ ရက်(ယနေ့)တွင် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။

မြန်မာအသင်း အဖွင့်ပွဲစဉ်တွင် သြစတြေးလျ အသင်းကို  အနိုင်ရရှိခဲ့ပြီး မလေးရှားအသင်းနှင့် ပွဲစဉ်တွင် သရေရလဒ် ရရှိကာ ရမှတ်လေးမှတ်ဖြင့်  အမှတ်ပေးဇယား၏ ဒုတိယနေရာ၌ ရပ်တည်နေသည်။ အုပ်စုတက်ရေးအတွက် ကမ္ဘောဒီးယား အသင်းကို အနိုင်ကစားရန် လိုအပ်နေပြီး ကမ္ဘောဒီးယားအသင်းမှာ   ရမှတ်သုံးမှတ် ရရှိထားသည့်အတွက်  နောက်တစ်ဆင့် တက်ရောက်ရန်   အခွင့်အရေးရှိနေသောကြောင့်   မြန်မာအသင်းနှင့် ပွဲစဉ်တွင် အကောင်းဆုံး ကစားရမည်ဖြစ်သည့် အပြင် ယခုပွဲစဉ်တွင် နှစ်သင်းစလုံးအတွက် အမှားခံ၍မရသည့် အခြေအနေကို ရောက်ရှိနေသည်။

အာဆီယံ  ယူ-၁၆ ပြိုင်ပွဲတွင် မြန်မာယူ-၁၆ အသင်းအနေနှင့် ကမ္ဘောဒီးယားယူ-၁၆ အသင်းတို့သည် ၂၀၁၈ ခုနှစ်က တွေ့ဆုံဖူးပြီး ထိုစဉ်က မြန်မာ  ယူ-၁၆အသင်းက ကမ္ဘောဒီးယား ယူ-၁၆ အသင်းကို  ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။