ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ ဒုတိယပွဲစဉ်တွင် ထိုင်းအသင်းကို မြန်မာအသင်း ရှုံးနိမ့်
နေပြည်တော် သြဂုတ် ၇
၂၀၂၂ ဗီယက်နမ် ယူ- ၁၉ ဖိတ်ခေါ်ပြိုင်ပွဲ ဒုတိယပွဲစဉ်အဖြစ် မြန်မာယူ-၁၉ အသင်းနှင့်ထိုင်း ယူ- ၁၉ အသင်းတို့သည် ယနေ့ နေ့လယ်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဘန်ဒေါင်းမြို့၌ ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်း ယူ-၁၉ အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့သည်။
မြန်မာအသင်းသည် အောင်ပြည့်ဖြိုး (ဂိုး)၊ လန်းဆန်းအောင်၊ ဇော်ဝင်းသိန်း၊ မိုးဆွေ၊ ထွန်းထွန်းသိန်း၊ ရဲရင့်ဖြိုး၊ ဥက္ကာနိုင်၊ သိန်းဇော်သီဟ၊ ခန့်ဇင်ဟိန်း၊ သန်းတိုး အောင်၊ စောသန်းကိုသန်းတို့ဖြင့် ပွဲထွက်ကာ ထိုင်းအသင်းအား ရင်ဆိုင်ခဲ့သည်။ ပွဲချိန် ပထမပိုင်းတွင် နှစ်သင်းစလုံးအပြန် အလှန်ကစားခဲ့ပြီး ထိုင်းအသင်းအတွက် ဦးဆောင်ဂိုးကို ဖြတ်တင်ဘောမှ ရရှိသည့် ဘောလုံးကို ကျောနံပါတ် (၉) ဖူဝါနက်က သွင်းယူခဲ့သည်။
ဒုတိယပိုင်းတွင် မြန်မာအသင်းသည် ချေပဂိုးရရှိရေး ကစားသမား အပြောင်းအလဲများ ပြုလုပ်ကာ ထိုင်းအသင်းကို တောက်လျှောက် ဖိအားပေးကစားခဲ့သည်။ သန်းတိုးအောင် အပိုင်ဂိုးသွင်းခွင့် နှစ်ကြိမ်ရရှိသည်ကို အသုံးချနိုင်ခြင်း မရှိသလို ချစ်အေး၊ လမင်းထွေး၊ ဇော်ဝင်းသိန်းတို့၏ ဂိုးရရှိရေး ကြိုးစားမှုများကိုလည်း ထိုင်းအသင်း နောက်တန်းနှင့် ဂိုးသမားတို့ အကောင်းဆုံး ကာကွယ်နိုင်ခဲ့ခြင်းကြောင့် မြန်မာအသင်း အရေးနိမ့်ခဲ့ခြင်း ဖြစ်သည်။
ယခုပွဲတွင် မြန်မာအသင်း၏ အပိုင်ဂိုး သွင်းခွင့်များကို ကာကွယ်ခဲ့သည့် ထိုင်းအသင်း ဂိုးသမား ချွန်မာဖက်သည် ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည်။
မြန်မာ ယူ-၁၉ အသင်းသည် သြဂုတ် ၉ ရက်တွင် မလေးရှားအသင်းနှင့် ဆက်လက်ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး တတိယလုပွဲနှင့် ဗိုလ်လုပွဲကို သြဂုတ် ၁၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။
ဗီယက်နမ် ယူ- ၁၉ ဖိတ်ခေါ်ပြိုင်ပွဲကို လေးသင်း ပတ်လည်စနစ်ဖြင့် ကျင်းပလျက်ရှိပြီး အမှတ်အများဆုံး နှစ်သင်းမှာ ဗိုလ်လုပွဲ၊ အဆင့် (၃ ၊ ၄) နေရာရ အသင်းများမှာ တတိယလုပွဲ ကစားရမည်ဖြစ်သည်။