ယဉ်ကျေးလိမ္မာ မျိုးမြန်မာ ဟူသော စကားလုံး တို့နှင့် လွန်ခဲ့သောနှစ်ပေါင်း သုံးဆယ်ကျော်ကပင် ရင်းနှီးခဲ့သည်။ စိတ်ထဲစွဲနေသော ထိုစကားလုံးတို့ကို ဆောင်းပါးခေါင်းစဉ်အဖြစ် ပြန်သုံးမိသည်။ နိုင်ငံတစ်နိုင်ငံနှင့် လူမျိုးတစ်မျိုးတို့၏ ဂုဏ်သိက္ခာသည် ထိုနိုင်ငံ၊ ထိုလူမျိုးတို့ ကျင့်သုံးနေသော ယဉ်ကျေးမှုအပေါ်တွင် အဓိက တည်မှီနေသည်ကို နားလည်မိသောကြောင့် လည်းပါသည်။ ယဉ်ကျေးမှုဟူသည် တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာတစ်ပုဒ် ဆန်းတတ်သည်။ ရေမြေ ကိုးကွယ်ယုံကြည်မှု စသည်တို့ခြားနားလေလေ အသွင်သဏ္ဌာန် များသည် ကွဲပြားလေလေဖြစ်သည်။ မည်သို့ပင် အသွင်သဏ္ဌာန်များ ကွဲပြားစေကာမူ ယဉ်ကျေးမှု၏ အနှစ်သာရ သဘောမှာ အတူတူပင်ဖြစ်လေသည်။
ယဉ်ကျေးမှုကို မြန်မာအဘိဓာန်က န-၁၊ သိမ်မွေ့ပြေပြစ်သော တတ်သိလိမ္မာမှု။ ၂၊ တိုးတက်ထွန်းကားလာသော လူမှုအဆင့်အတန်း။ ၃၊ အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိလာသောဓလေ့ ထုံးတမ်းဟူ၍ ဖွင့်ဆိုထားလေသည်။
ကိုးကွယ်ယုံကြည်ရာ ဘာသာတရားကို အခြေခံကာ မြန်မာ့ယဉ်ကျေးမှုသည် ဖြစ်တည်လာခဲ့သည်။ အခြေအနေနှင့် အချိန်အခါတို့ ပြောင်းလဲလာကြသော်လည်း အနှစ်သာရတို့မှာ တည်ရှိမြဲသာဖြစ်သည်။ ၎င်းတို့အထဲမှ မှန်ကန်၍ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု (Intangible Culture)တစ်ခုအဖြစ် ပြည်သူ့နီတိသည် ထင်ရှားလာခဲ့သည်။ ပြည်သူ့နီတိကို မြန်မာအဘိဓာန်က ပြည်သူများလိုက်နာ ဆောင်ရွက်ရန်ကျင့်ဝတ် ဟု ဖွင့်ဆိုထားသည်။ မြန်မာ အင်္ဂလိပ် အဘိဓာန်ကမူ-ပြည်သူ့နီတိ 1. Civics ဟူ၍ ဖွင့်ဆိုထားသည်။
Civics များသည် Civilization, Culture ၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။
ပြည်သူ့နီတိ(Civics) သည် ယဉ်ကျေးလိမ္မာသော လူ့အဖွဲ့အစည်း ( Human Society) အတွက် လိုက်နာ ဖွယ်ရာများပင်ဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှ ကျိုးကြောင်းညီညွတ်သော စနစ်တကျဖြစ် တည်လာသည့် ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများပင် ဖြစ်သည်။ လူငယ်များ စာရိတ္တထိန်းသိမ်း မြှင့်တင်ရေးအတွက် ပြည်သူ့နီတိဘာသာရပ်ကိုပြဋ္ဌာန်းပြီး သင်ကြား ပေးခဲ့ကြသည်။ လိုက်နာဆောင်ရွက်ရန် ကျင့်ဝတ်သည် ယဉ်ကျေးလိမ္မာသော မျိုးမြန်မာများဖြစ်ရန် ရည်မှန်းထားခြင်းကြောင့် ဖြစ်သည်။ ပညာသင်ကြားရာတွင် လိုက်နာဖွယ်ရာများ၊ မိသားစုရေးရာ လိုက်နာ ကျင့်ကြံဖွယ်ရာများ၊ လူမှုရေးရာလိုက်နာ ကျင့်ကြံဖွယ်ရာများသည် ယဉ်ကျေးသောဘဝကို လမ်းပြဆောင်ပေးကြသည်။ ရှိပြီးသားဆိုဆုံးမစာတို့ကို ပြန်လှန်ရွတ်ဖတ်ပေးခြင်း ဖြင့်လည်း တက်ကြွနိုးဆွစေသည်။
နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် ကိုယ်ပိုင်ရိုးရာ ယဉ်ကျေးမှုများ ရှိစမြဲဖြစ်သည်။ မြန်မာတို့တွင်လည်း ကိုယ်ပိုင်ယဉ်ကျေးမှု စရိုက်လက္ခဏာများ သီးသီးခြားခြား ထင်ရှားခိုင်မာစွာရှိခဲ့သည်။ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ထုံးဓလေ့များနှင့် ကမ္ဘာမှာ တစ်မူထူးခြားဆန်းသစ်စွာ အဆင်သစ်၊ အသွင်သစ်၊ အမြင်သစ်ဖြစ်စေခဲ့သည့် မြန်မာ့မူမြန်မာ့ဟန်စစ်စစ်ကို ရှေးဘိုးဘေး မြန်မာကြီးများက ဖန်တီးပုံဖော်တည် ဆောက်လာခဲ့သည်မှာ နှစ်ပေါင်းထောင်ချီရှိခဲ့ပြီဖြစ် သည်။ ဘာသာတရား၏ အဆုံးအမအောက်တွင် မင်္ဂလာတရား၊ သင်္ဂဟတရား၊ ဗြဟ္မစိုရ်တရားများနှင့် ဟီရိသြတ္တပ္ပတရားများအပေါ် အခြေခံလျက်၊ မောင်နှင့်နှမ၊ သားနှင့်အမိ၊ ဆရာနှင့်တပည့်၊ ဧည့်သည်နှင့် အိမ်ရှင်၊ ခင်ပွန်းနှင့် ဇနီး၊ အိမ်နီးချင်းနှင့် မိတ္တဆွေညာတို့အကြား မျှတညီညွတ်စွာနေထိုင်ဆက်ဆံ ပြောဆိုပြုမူမှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် ရိုင်းပင်းကူညီမှု၊ အပြန်အလှန်မေတ္တာထားမှု၊ ခွင့်လွှတ် စာနာထောက်ထားမှုတည်းဟူသော မင်္ဂလာရနံ့များနှင့် ဆွတ်ဖျန်း ထုံမွမ်းထားသည့် စစ်မှန်သော မြန်မာ့ယဉ်ကျေးမှုကို အတုယူစေ၊ စံပြုစေ၊ ဆက်ခံစေ၊ လိုက်နာစေရန် ထားခဲ့ကြခြင်းဖြစ်သည်။
ခေတ်သမိုင်းအဆက်ဆက်က ရှေးဘိုးဘေးများ၏ စွန့်လွှတ်စွန့်စားအားထုတ်မှုကြောင့် ယနေ့မြန်မာ နိုင်ငံတော်အဖြစ် ထည်ထည်ဝါဝါ၊ ခိုင်ခိုင်မာမာရပ်တည် နေနိုင်ခြင်းဖြစ်သည်။ မြန်မာဆိုသည့် ဗီဇနှင့်မျိုးရိုး ဇာတိနှင့် မြန်မာ့ရေမြေတောတောင်သဘာ၀ သယံဇာတများကို ပိုင်ဆိုင်စေပြီး မြန်မာဆိုသည့် ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေးမှုကို အမွေပေးခဲ့၍သာ ယနေ့တိုင် ဆက်ခံနေနိုင်ကြခြင်းဖြစ်သည်။ ဘိုးဘွားများ ပေးခဲ့သည့် အမွေကို တန်ဖိုးမှေးမှိန်ကျဆင်းမသွားရန်မှာ အမွေခံ များ၏ တာဝန်ပင်ဖြစ်သည်။
ယနေ့မျက်မှောက်ခေတ်နှင့် နီးစပ်နေသည့် ဟံသာဝတီခေတ် ကမ္ဘောဇသာဒီနန်းတော်၊ ကုန်းဘောင်ခေတ် ရွှေဘုံရတနာမင်္ဂလာနန်းတော်နှင့် မြနန်းစံကျော်ရွှေနန်းတော်တို့သည် မြန်မာ့ယဉ်ကျေးမှုမြင့်မား ထည်ဝါ ခိုင်မာလှကြောင်း သက်သေကောင်းပင်ဖြစ်သည်။ မြန်မာတို့၏ သမိုင်းကြောင်းပေါ်ရှိ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်း ခေတ်၊ ဟံသာဝတီခေတ်နှင့် ကုန်းဘောင်ခေတ်တို့သည် ဘာသာ၊ သာသနာ၊ စာပေ၊ စကားနှင့် ဝတ်စား ဆင်ယင်ထုံးဖွဲ့မှုတို့တွင် အဆင့်အတန်းမြင့်မားစွာ ထွန်းကားခဲ့သည်။ အတိတ်သမိုင်း၏ကောင်းသတင်းကို ယနေ့မျိုးဆက်သစ်များက ဆက်လက်ထိန်းသိမ်းကာ အင်အားတောင့်တင်း ခိုင်မာအောင် လုပ်ဆောင်ကြရမည်ဖြစ်သည်။ လူငယ်တို့၏ ယဉ်ကျေးသိမ်မွေ့သော စိတ်ဓာတ်အခြေခံဖြင့်သာ နိုးကြားသိမြင်အားထုတ် နိုင်ကြမည်ဖြစ်သည်။
ဤမျှခိုင်မာအားကောင်းခဲ့သည့် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာများသည် ၁၉ ရာစု နှောင်းပိုင်းတွင် တိုင်းတစ်ပါး၏ လက်အောက် နှစ်ပေါင်းတစ်ရာမျှ ကျရောက်ခဲ့ချိန်မှစကာ ပြင်ပအတိုက်ဓာတ်များ၏ ရိုက်ခတ်လှုပ်နဲ့ခြင်းကို ခံလိုက်ရသည်။ ထို့ပြင် နှစ်ဆယ်ရာစု နှောင်းပိုင်း၌လည်း အိုင်တီခေါ် သတင်းနည်းပညာ၊ အီလက်ထရွန်နစ်၊ မီဒီယာများ၏ မြန်နှုန်းစွမ်းအားမြင့်မားမှုနှင့် အလျင်အမြန် ဖွံ့ဖြိုးကြီးထွားလာမှုတို့ကြောင့် ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာအဖြစ် စကြာဝဠာ နိုင်ငံသစ်တစ်ခုသဖွယ် အသွင်ကူးပြောင်းခဲ့သည်။ ယဉ်ကျေးမှုနယ်ပယ်မှာ ထိန်းမရ၊ တားမရ၊ ဥဒဟို ဝင်ရောက်ပျံ့နှံ့လာခြင်းကိုလည်း ကြုံတွေ့နေကြရပြီဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှု စန်းသော်တာငွေစင်ကို ဆီးနှင်းမြူတိမ်၊ သူရိန်မီးခိုး၊ ညစ်မျိုးငါးပါးတို့ဖြင့် ဖုံးလွှမ်းညစ်ထေးခြင်းမှ ကာကွယ်သွားကြရန်မှာ မြန်မာတစ်မျိုးသားလုံးနှင့် သက်ဆိုင်လာသည်။ မထိန်းတော့ယိုင်၊ မခိုင်တော့လဲ၊ မမြဲတော့ရွေ့ဆိုသည့်နှယ် နှဲ့ပါများ၍ နဲ့ခဲ့ရ၊ လှုပ်ပါများ၍ ခါခဲ့ရ၊ ပွတ်ပါများ၍ ပါးခဲ့ရသည့် မြန်မာ့ယဉ်ကျေးမှုကို အမျိုးသားရေးသတိနှင့်သိမြင်အောင် ဆင်ခြင်ကြည့်ရင်း မယိမ်းမယိုင်စေရန် ဝိုင်းဝန်းထိန်းသိမ်းကြရန် လိုအပ်နေပြီဖြစ်သည်။
မျိုးရိုးဗီဇနှင့် ယဉ်ကျေးမှုပျက်ယွင်းခြင်း၏ အခြေခံအကြောင်းရင်းတို့တွင် မျိုးမစစ်ရန် မျိုးစပ်ဖျက်ဆီးခြင်းသည် အခြေခံအကြောင်းတစ်ချက်အဖြစ် ပါဝင်သည်။ ယနေ့ကာလတွင် စပ်မျိုးဆိုသည့် စကားလုံးသည် ခေတ်စားလာသည်။ အမြစ်ကိုထွင်းဖောက်၊ အခေါက် ကိုဖျက်၊ အခက်အလက်ကိုထုချေ၊ ရွက်နုလည်းခြွေ၊ သီးကင်းကြွေဟူသည့် ပြင်ပကဝင်လာမည့်အဖျက်ပိုး အန္တရာယ်ဖြစ်သည်။ တစ်ဖန်ကိုယ့်ကိုယ်ကိုယ်ဖျက် သံချေးတက်ဟူသည့် ကိုယ့်ယဉ်ကျေးမှုကို ကိုယ်တိုင်ဖျက်ဆီးသည့် အတွင်းပိုးမျိုးကိုလည်း သတိထား စောင့်ကြည့်ရမည် ဖြစ်သည်။ ယနေ့မြန်မာနိုင်ငံတွင် အတွင်းပိုးရော အပြင်ပိုးပါ ရောနှောပူးကပ်နေသည်ကို တွေ့နေရသည်။ အမျိုးသားယဉ်ကျေးမှုကို ကမ္ဘာပြု နည်းပရိယာယ်အတွင်း၌ ကျဆင်းမသွားကြစေရန် ကိုယ်ခံအားကောင်းရန်လိုအပ်သည်။ အမျိုးသားယဉ်ကျေးမှုခံကတုတ်ကို အဘက်ဘက်က ခိုင်မာတောင့်တင်းရန် တစ်မိသားစုချင်း၊ တစ်အိမ်ထောင်ချင်း တည်ဆောက်ထိန်းသိမ်းမြှင့်တင်သွားကြရန် တိုက်တွန်းလိုသည်။
မြန်မာမှုနယ်ပယ်တွင် မပစ်ပယ်တန်ကောင်းသည်များကို ပစ်ပယ်လျစ်လျူရှုလာမှုများ၊ မဖောက်ဖျက်ကောင်း သည်များကို ဖောက်ဖျက်ကျူးလွန်လာခြင်းများကို တွေ့လာနေရသည်။ နူးညံ့သိမ်မွေ့သော မြန်မာအက နေရာတွင် အဖြောင့်အတန်းများဖြင့် ပြေးလွှားခုန်ပေါက်နေကြသည်။ ခေတ်များကို ရောစပ်ကာ ဒီဇိုင်းဟူသော ခေါင်းစဉ်အောက်မှ ဝတ်စားဆင် ယင်မှုများသည် သမိုင်းကို ပျောက်ပျက်စေသည်။
ဗာလ ဆန်သော စကားစုများကို နှစ်နှစ်ခြိုက်ခြိုက် သုံးနှုန်းရေးသားခြင်းများကို ပေါ်ပေါ်ထင်ထင် ပြုလာကြသည်။ ကလေးရော လူကြီးပါ၊ တောရော မြို့ပါလက်ခံသုံးစွဲနေကြသည်။ ထို့ကြောင့် ဇာတ်ပျက်၊ အရပ်ပျက်၊ ဝတ်စားပျက်၊ မြန်မာ့ယဉ်ကျေးမှုလည်း ပျက်ရသည်။ စည်းဝါးနရီပျက်၊ သံစဉ်ပျက်၊ ဂီတဘက်လည်း ပျက်ရသည်။ သတ်ပုံလည်းပျက်၊ ရေးထုံးပျက်၊ သဒ္ဒါအနက်ပျက်ရသည်။ ထိုပျက်ခြင်းတရားများကို အမှုမဲ့အမှတ်မဲ့နေကြပါက မြန်မာ့ယဉ်ကျေးမှုများ လုံးပါးပါးလာပြီး အတိတ်ကိုပြန်လည်တူးဆွ ငိုချင်းချရမည့် ကာလသည်လည်း ရောက်လာတော့မည်ဖြစ်သည်။
ယဉ်ကျေးလိမ္မာမှုသည် ကိုယ်ကျင့်တရားပင်ဖြစ်သည်။ ကိုယ်ကျင့်တရားသည် လူမှုဆက်ဆံရေးဘဝမှ ပေါက်ဖွားလာသည်။ လူသည် တစ်ဦးတစ်ယောက်တည်းနေခြင်း မဟုတ်ချေ။ သို့ဆိုပါက နေ့စဉ်လူနှင့် လူအချင်းချင်းဆက်ဆံရေးတွင် ကိုယ်ကျင့်တရားသည် အလွန်အရေးပါလာသည်။ ကိုယ်ကျင့်တရားသည် အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိလာသော ဓလေ့၊ ထုံးတမ်း တစ်နည်းယဉ်ကျေးမှုပင်ဖြစ်သည်။ မျိုးမြန်မာတို့သည် ယဉ်ကျေးလိမ္မာသူများဖြစ်နေပါက ယဉ်ကျေးမှုဟူသည့် အုတ်တံတိုင်းသည်ခြစားခြင်းမှ ကင်းဝေးနေမည်သာဖြစ်သည်။ ယဉ်ကျေးလိမ္မာကြသည့်မျိုးမြန်မာတို့အား-
ရှေးဦးစွာ မိမိကိုယ်ကို သင့်လျော်သောအကျင့်၌ တည်စေရာ၏။ ထို့နောက်မှ သူတစ်ပါးကို ဆုံးမရာ၏။ ထိုသို့ ကျင့်သောပညာရှိသည် သူတစ်ပါးကဲ့ရဲ့ခံရခြင်းမှလွတ်၍ စိတ်ပင်ပန်းညစ်နွမ်းခြင်းမဖြစ်ရာ သူတစ်ပါးကို ဆုံးမသောနည်းအတိုင်း မိမိကိုယ်တိုင် လိုက်နာပြုကျင့်ရာ၏။ မိမိကိုယ်တိုင် ယဉ်ကျေးပြီးမှသာ သူတစ်ပါးကို ဆုံးမရာ၏။ မိမိကိုယ်ကို ယဉ် ကျေးအောင်ဆုံးမခြင်းသည် ခဲယဉ်းလှစွတကား ဟူသည့် ဓမ္မပဒလာအတိုင်း ဆောက်တည်ကျင့်ကြံသွားကြရန် တိုက်တွန်းလိုက်ပါသည်။ ။
ကိုဇော်ဌေး(ယဉ်ကျေးမှု)