သက်ကြီးနှလုံး ကျန်းမာရေး
လူ့နှလုံးသားသည် တစ်ပေါင်ခန့် အလေးချိန်ရှိသည်။ အမျိုးသားတို့၏နှလုံးက အမျိုးသမီးတို့ထက် ပျမ်းမျှနှစ်အောင်စခန့် ပိုလေးသည်။ ပုံမှန်ကျန်းမာရေးကောင်းနေသူ၏ နှလုံးသည် တစ်ရက်လျှင် အကြိမ် ၁၁၅၀၀၀ ခန့် နှလုံးခုန်ပါသည်။ အမျိုးသမီးတို့သည် အမျိုးသားများထက် နှလုံးခုန်နှုန်း အနည်းငယ်ပိုမြန်သည်။ အကယ်၍ နှလုံးကို ခန္ဓာကိုယ်ထဲက ထုတ်လိုက်လျှင်ပင် နှလုံးသည် ဆက်၍ခုန်နိုင်ပါသေးသည်။
အသက်ကြီးလာချိန်မှာ အထီးကျန်ဆန်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ကို မကြာခဏဖြစ်ပေါ် ခံစားရလေ့ ရှိသူများသည် ပြင်ပပယောဂတစ်ခုခုကြောင့် အကြီးအကျယ် စိတ်မချမ်းမသာ ကိစ္စတစ်ခုကို ရုတ်တရက် ကြုံတွေ့ရသည့်အခါ နှလုံးတိုက်ခိုက်ခံရပြီး နှလုံးကွဲကြေရောဂါ ဖြစ်ပေါ်လာတတ်သဖြင့် စိုးရိမ်ရသည်။
အထူးသဖြင့် အသက် ၇၀ ကျော်လာလျှင် လူကြီးများသည် သွားလာလှုပ်ရှားမှု နည်းပါးလာရာမှ နှလုံး၏ ကျန်းမာရေး ကျဆင်းလာတတ်သည်။ ထိုသို့ နှလုံးကျန်းမာရေး ဆုတ်ယုတ်လာကာ နောက်ပိုင်းတွင် အသက် ၈၀ မတိုင်မီ နှလုံးထိခိုက်မှုကြောင့် အသက်အန္တရာယ်ကိုပင် စိုးရိမ်ရသည်။ ထို့ကြောင့် အသက် ၇၀ ကျော်လာလျှင် အမျိုးသားရောအမျိုးသမီးပါ နှလုံးအားကောင်းစေရန်အတွက် တစ်ရက်လျှင် မိနစ် ၂၀ ကြာမျှ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ပြုလုပ်ပေးသင့်သည်။ ကိုယ်လက်လှုပ်ရှားမှုကြောင့် သွေးလည်ပတ် စီးဆင်းမှု မြန်ဆန်လာကာ နှလုံးကျန်းမာရေး ကောင်းမွန်လာရုံသာမက သွေးဖိအား၊ သွေးတွင်းရှိ သကြားဓာတ်ပါဝင်မှုတို့ကိုလည်း ထိန်းညှိပေးနိုင်သည်။
သက်ကြီးနှလုံး ကျန်းမာရေး
အသက်အရွယ်ရလာသည်နှင့်အမျှ သွေးကြောများ၏နံရံသည် တင်းမာလာပြီး သွေးကြောကျဉ်းရောဂါ ဖြစ်လာခြင်းကြောင့် သွေးပေါင်ချိန်တက်လာသည်။ ထိုသွေးကြောနံရံများတွင် အဆီဖတ်များ၊ အနည်အနှစ်များဖြင့် ပိတ်ဆို့လာပြီး သွေးကြောများကျဉ်းလာကာ နှလုံးဆီသို့ သွေးစီးဆင်းမှုနည်းလာသည်။ ထိုအခါ နှလုံးသွေးကြောကျဉ်းလာပြီး နှလုံးတိုက်ခိုက်ခံရနိုင်ခြေများလာသည်။ ထို့ပြင် အသက် ၅၀ ကျော်လာချိန်မှာ ကိုလက်စထရော စုပုံလာလေ့ရှိကာ ယင်းကိုလက်စထရော၏ ဆိုးကျိုးများအဖြစ် နှလုံးတိုက်ခိုက်ခံရနိုင်ခြေများခြင်း၊ သွေးကြောများတွင် ကိုလက်စထရောဖတ်များ ဖြစ်တည်ပြီး သွေးကြောကျဉ်းခြင်း သို့မဟုတ် သွေးကြောပိတ်ခြင်း၊ လေဖြတ်နိုင်ခြေများခြင်းတို့ကို ဖြစ်ပေါ်စေသည်။ နှလုံးသွေးကြောများသည် အသက်အရွယ်အရ ပြောင်းလဲသည်ဟု ဆိုသော်လည်း ကျန်းမာရေးနှင့် ညီညွတ်အောင်စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် နှလုံးကျန်းမာရေး ထိခိုက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်သည်။
ထို့ကြောင့် အသက်အရွယ်ကြီးချိန်တွင် နှလုံးရောဂါ ဖြစ်ပွားမှုကို လျှော့ချရန်အတွက် နည်းလမ်းကောင်း များစွာရှိသည်။ ၎င်းတို့မှာ အာဟာရပြည့်ဝအောင် စားပါ၊ အဆီ၊ အငန်၊ အချိုများလွန်းသော အစားအစာများရှောင်ပါ၊ အိုမီဂါ-၃ ပါဝင်သော အစားအစာများစားပေးပါ၊ အဆီပြည့်နို့၊ အကြော် အစားအစာမျိုးစုံ၊ အသင့်စား အစားအသောက်များ ရှောင်ပါ၊ နှလုံးကျန်းမာရေးကို အကျိုးပြုသော အစားအသောက်များ ဖြစ်ကြသည့် ဟင်းသီးဟင်းရွက်များ၊ ဆန်လုံးညို၊ ငါးအမျိုးမျိုး၊ အဆီမပါသောအသား၊ အစေ့အဆန်များ၊ ဟင်းရွက်ဆီတို့ကိုစားသောက်ပါ၊ ဝိုင်နီတစ်နေ့တစ်ခွက်ပုံမှန်သောက်ပါ သို့မဟုတ် ညအိပ်ယာဝင်ခါနီးတိုင်း စပျစ်သီးအနီရောင်၊ အနက်ရောင် တစ်ခုခုကို မိမိလက်တစ်ဆုပ်စာခန့်စားပါ၊ အစေ့နှင့်အခွံပါဝါးစားရမည်၊ ဖရဲသီးများများစားပါ၊ ဖရဲသီးက ခန္ဓာကိုယ်ထဲရှိ နိုက်ထရစ်အောက်ဆိုက် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးကာ နှလုံးနှင့် နှလုံးသွေးကြောများကို ကောင်းကျိုးပြုသည်။ အထိုင်မများစေဘဲ လှုပ်လှုပ်ရှားရှားနေပါ၊ ရက်သတ္တပတ်လျှင် ၁၅၀ မိနစ်ခန့် လေ့ကျင့်ခန်းလုပ်ပါ၊ (ဥပမာ- ခပ်သွက်သွက် မှန်မှန် လမ်းလျှောက်ခြင်း) ကျန်းမာသော ကိုယ်အလေးချိန် ထိန်းသိမ်းပါ၊ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပါ၊ အထူးသဖြင့် သွေးပေါင်ချိန်၊ ကိုယ်လက်စထရောနှင့် နှလုံးကျန်းမာရေးတို့ကိုစစ်ဆေးပါ၊ ယောဂကျင့်ခြင်း၊ တရားရှုမှတ်ခြင်းတို့ကလည်း နှလုံးကျန်းမာရေးအတွက် များစွာအထောက်အကူပြုသည်။ ဆေးလိပ်၊ အရက်ဖြတ်ပါ။
ဘဝသက်တမ်းရှည်စေရန် ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်သူတိုင်းက ဆေးလိပ်၏ ဆိုးကျိုးများစွာတို့ကို နားရည်ဝနေပြီ ဖြစ်သော်လည်း ဖြတ်ရန်ခက်လှသည်။ အသက်ကြီးရင့်လာချိန်မှာ ဆေးလိပ်သောက်သက်တမ်း ကြာမြင့်လာသည်နှင့်အမျှ လူ့ဘဝသက်တမ်းပို၍ တိုတောင်းနိုင်သည်။ အထူးသဖြင့် ဆေးလိပ်သောက်သုံးတတ်သူ နှလုံးရောဂါ ဝေဒနာရှင်များအနေဖြင့် ဆေးလိပ်ဖြတ်ပါက ဘဝသက်တမ်း ငါးနှစ်ပိုရှည်လာနိုင်ကြောင်း နယ်သာလန်နိုင်ငံ အမ်စတာဒမ်တက္ကသိုလ်မှ သုတေသနပညာရှင်များက သတိပေးထားသည်။ ၎င်းတို့၏လေ့လာတွေ့ရှိချက်အရ နှလုံးရောဂါလူနာများ ဆေးလိပ်ဖြတ်မှုသည် နှလုံးရုတ်တရက်ဖောက်မှုနှင့်လေဖြတ်မှုကို ကာကွယ်ရေးအတွက် တစ်ရက်လျှင် ဆေးသုံးကြိမ် သောက်သုံးသကဲ့သို့ပင် ထိရောက်မှုရှိကြောင်း သုတေသီများကပြောကြားသည်။
အရက်ကြောင့် အချိန်မတိုင်မီ နှလုံးပျက်စီးပြီးသေဆုံးနိုင်ထမင်းစားကောင်းအောင် ညနေခင်း တစ်ပက်နှစ်ပက် သောက်ရတယ်ဟူသော ရှေးရိုးစွဲအယူကိုဖက်တွယ်ထားသည့် သက်ကြီးအမျိုးသားများရှိကြသည်။ အသက်ကြီး ရင့်လာခြင်းနှင့်အတူ ဇီဝဖြစ်စဉ်ပြောင်းလဲလာမှုကလည်း ထိုအရက်ကြောင့် အချိန်မတိုင်မီ နှလုံးပျက်စီးခြင်းနှင့် ဆက်စပ်လျက်ရှိသည်။ အရက်သောက်ခြင်းနှင့် နှလုံးရောဂါအကြောင်း ဆက်နွှယ်နေပုံကို အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့ရှိ စိန့်ဗင်းဆင့်တက္ကသိုလ်ဆေးရုံမှ ဒေါက်တာဘေသနီဝေါင်း ဦးဆောင်သော ဆေးသိပ္ပံပညာရှင်များက သုတေသနပြုလေ့လာခဲ့ကြသည်။ ယခင်က အရက်ကို မျှတစွာသောက်လျှင် သွေးလေညီညွတ်ကာ ကျန်းမာရေးကောင်းမွန်စေသည်ဟု ဆရာဝန်များကိုယ်တိုင်ပြောကြားခဲ့ဖူးသော်လည်း သုတေသနရလဒ် အခိုင်အမာမရှိသဖြင့် နှလုံးအပေါ်သက်ရောက်သော အခြင်းအရာကို သိလိုခဲ့ကြောင်း ဒေါက်တာကရှင်းပြသည်။ ထိုသို့သိလိုသဖြင့် လေ့လာခဲ့ရာ အရက်သည် နှလုံးထိခိုက်ပျက်စီးစေကာ သောက်သုံးသူတို့ကို အရွယ်မတိုင်မီသေဆုံးစေကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ မသေဆုံးမီ အသက်ရှူကျပ်ခြင်း၊ မောပန်းခြင်း၊ ခြေမျက်စိနှင့် ခြေခုံများရောင်ရမ်းခြင်း၊ မျက်ခွံနှင့်မျက်နှာဖောသွပ်ခြင်း၊ စကားပြောဆိုသံသြ၍ လိုဏ်သံပါနေခြင်း စသော လက္ခဏာများတွေ့ရလျှင် အရက်ကြောင့် နှလုံးထိခိုက်ပျက်စီးသွားပြီဟုမှတ်ယူနိုင်ကြောင်း ဥရောပနှလုံးရောဂါဆိုင်ရာအဖွဲ့အစည်း၏ ၂၀၂၂ ခုနှစ် ညီလာခံ၌ ဒေါက်တာဘေသနီဝေါင်း ကိုယ်တိုင် စာတမ်းဖတ်ကြားရှင်းလင်းခဲ့ကြောင်း လေ့လာသိရှိရသည်။
နှလုံးထိန်းစက်ထည့်ခြင်း
ဆေးလိပ်၊ အရက်ကြောင့်မဟုတ်ဘဲ ပုံမှန်ကျန်းမာရေးနှင့် လျော်ညီစွာ နေထိုင်စားသောက်သူအမျိုးသမီးများပင် ပျမ်းမျှ အသက် ၅၅ နှစ်ကျော်ချိန်မှာ နှလုံး၏ လုပ်ဆောင်ချက်များ ယိုယွင်းလာတတ်သည်။ အရေးကြီးသော အခြေအနေ၌ နှလုံးခုန်နှုန်းထိန်းစက်ထည့်သော ကုသမှုကိုခံယူရသည်။ နှလုံးခုန်နှုန်းထိန်းစက်ဆိုသည်မှာ နှလုံးခုန်မမှန်ခြင်းကို ထိန်းချုပ်ရန်အတွက် ရင်ဘတ်အတွင်း ထည့်သွင်းထားရသော သေးငယ်သည့် ဘက်ထရီနှင့် လုပ်ဆောင်သည့်စက်တစ်ခုဖြစ်သည်။ နှလုံးခုန်နှုန်း မူမမှန်သောအခါ အဆိုပါစက်က နှလုံးသို့အချက်ပြပြီး နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်အောင်ထိန်းပေးသည်။ နှလုံးခုန်နှုန်းမမှန်ခြင်း သို့မဟုတ် နှလုံးစည်းချက်မှန်အောင် မထိန်းချုပ်နိုင်ခြင်း၊ နှလုံးခုန်နှုန်းမြန်လွန်းခြင်းကြောင့် နှလုံးခါခြင်း၊ နှလုံးခုန်နှုန်း နှေးလွန်းခြင်း၊ မွေးရာပါနှလုံးဝေဒနာရှင်များ နှလုံးခွဲစိတ်ထားသူများ စသည့် အခြေအနေတစ်ခုခုနှင့် ကြုံရသည့်အခါ နှလုံးခုန်စက်တပ်ရလေ့ရှိသည်။ နှလုံးထိန်းစက်ထည့်ထားသည့်သူများ အနေဖြင့် ကျန်းမာရေးနှင့် လျော်ညီစွာနေထိုင်စားသောက်မှုပိုင်းတွင် ယခင်ထက်ပို၍ ဂရုစိုက်သင့်ပြီး ကိုဗစ်-၁၉ ရောဂါမကူးစက်ရန်အတွက်ကိုလည်း အထူးသတိပြုသင့်သည်။
ကိုဗစ်ကာကွယ်ဆေးမထိုးသူ နှလုံးရောဂါရှိသူများ သေဆုံးနိုင်ခြေမြင့်မား
ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံထားခြင်းမရှိသော နှလုံးခုန်ရုတ်တရက် ရပ်တန့်မှုပြဿနာရှိသူ လူနာများသည် ကိုဗစ်ကူးစက်ခံခဲ့ရပါက ကာကွယ်ဆေးအပြည့်အဝ ထိုးနှံထားသူ ရောဂါတူလူနာများထက် အသက်ဆုံးပါးနိုင်ခြေ သုံးဆမြင့်မားကြောင်း အမေရိကန်သုတေသီများက ပြောကြားသည်။ နှလုံးကြွက်သားများ ရောင်ရမ်းမှု ပြဿနာပေါ်လာနိုင်ခြေနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကြောင့် နှလုံးလည်ပတ်မှု ရုတ်တရက်ရပ်တန့်မှု ပြဿနာရှိသူများမှာ ကိုဗစ်ရောဂါကာကွယ်ဆေးများ ထိုးနှံရန် တွန့်ဆုတ်နေတတ်ကြသည်။ ထိုလူနာများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံထားခြင်း မရှိပါက ကိုဗစ်ကူးစက်ခံရချိန်တွင် ယင်းရောဂါကြောင့် အသက်ဆုံးပါးနိုင်ခြေမြင့်မားနေတတ်ကြောင်း အမေရိကန်သုတေသီများက ပြောကြားသည်။
ထို့ပြင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားခြင်း မရှိသော နှလုံးလည်ပတ်မှု ရုတ်တရက်ရပ်တန့်မှု ပြဿနာရှိလူနာများသည် ကာကွယ်ဆေးထိုးနှံထားသော ရောဂါတူလူနာများနှင့် နှိုင်းယှဉ်ပါက ကိုဗစ်ကူးစက် ခံရချိန်တွင် ဆေးရုံတက်ရောက်ရနိုင်ခြေ ၁၅ ရာခိုင်နှုန်း ထိမြင့်မားကြောင်းနှင့် ကိုဗစ်ရောဂါသက်သာ ပျောက်ကင်းသွားသူများသည် တစ်နှစ်အတွင်း နှလုံးရုတ်တရက်ဖောက်နိုင်ခြေ ၆၃ ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်ကြောင်း သိရသည်။ သို့ပါ၍ နှလုံးကျန်းမာရေးအတွက် အထက်တွင် အကြံပြုထားသည့် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များကို မှတ်သားလိုက်နာကြစေလိုပါကြောင်း။ ။
ပေါက်ပေါက်