လျင်လျင်မြန်မြန်ပူးပေါင်းဆောင်ရွက်မှု
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် ဇူလိုင် ၃၁ ရက် နံနက် ၂ နာရီမှ နံနက် ၁၁ နာရီမိနစ် ၃၀ ခန့်အထိမိုးရွာသွန်းခဲ့ရာ မိုးရေချိန် ၁၀ ဒသမ ၄၇ လက်မရရှိခဲ့သည်။ ထိုသို့ရွာသွန်းမှုမှာ နှစ်ပေါင်း ၃၀ အတွင်း စံချိန်တင် ရွာသွန်းခဲ့ခြင်းဖြစ်သည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂဲလောင်းချောင်းမှာ ရေကြီးမှုဖြစ်ပေါ်ခဲ့၍ ရပ်ကွက် ၂၁ ခုတွင် ရပ်ကွက် ၉ ခုမှာရေကြီးမှုဖြစ်ပေါ်ခဲ့သည်။ အချို့ရပ်ကွက်များတွင် ၄ ပေခန့်အထိ အိမ်များအတွင်းရေဝင်ရောက်ခဲ့သည်။ ဂဲလောင်းချောင်းမှာ ၇ မိုင်ရှည်လျားပြီး မြို့ဧရိယာအတွင်း ၂ မိုင်ခွဲခန့် ဖြတ်သန်းစီးဆင်းလျက်ရှိသည်။
ရေကြီးရေလျှံမှုဖြစ်သည့်နေရာသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပြင်ဦးလွင်တပ်နယ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ရေဘေးသင့်အိမ်ထောင်စု ၁၀၈၈ စုတို့ကို ရေဘေးလွတ်ရာသို့ရွှေ့ပြောင်းကူညီ ကယ်ဆယ်ပေးခဲ့ကြသည်။ ပြိုကျနေသော အုတ်တံတိုင်းများနှင့်အဆောက်အဦများအား ဖယ်ရှားရှင်းလင်း ပေးခြင်းနှင့် လမ်းပိတ်ဆို့နေသည့် သစ်ပင်^သစ်ကိုင်းများအားခုတ်ထွင်ရှင်းလင်းပေးခြင်းများဆောင်ရွက် ပေးကြသည်။ ရပ်ကွက်ကြီး(၁)နှင့်ရပ်ကွက်ကြီး(၄)တို့ရှိ ဓမ္မာရုံများတွင် ရေဘေးသင့်ပြည်သူများအားနေရာ ချထားပေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများက စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး လိုအပ်သည် များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့ပြင်ရပ်ကွက်ကြီး (၁)အတွင်းရှိ ဂဲလောင်းချောင်းရေတိုက်စားမှုရှိသည့် ချောင်းဘေးပေါင်များပြင် ဆင်ခြင်း၊ ရပ်ကွက်ကြီး(၃)ရှိအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အမှတ်(၁)အခြေခံပညာအလယ်တန်း ကျောင်း၊ ရပ်ကွက်ကြီး(၉)ရှိ အေးမြချမ်းသာသီလရှင်ကျောင်း၊ ဂေါ်ရခါးကျောင်းနှင့် ဆင်လမ်းကျေးရွာရှိ ဓမ္မိကာရာမ စာသင်တိုက်တို့၌ ပျက်စီးမှုများအား ဖယ်ရှားရှင်းလင်းပေးခြင်း၊ ဂဲလောင်းချောင်းတစ်လျှောက် ဂန္ဓမာမြိုင်အဝိုင်းမှ မန္တလေးလားရှိုးလမ်း AGD ဘဏ်အထိ ရေစီးရေလာကောင်းမွန်စေရေးတို့ကို စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။ ဤသည်မှာ သဘာဝဘေးအန္တရာယ် ပေါ်ပေါက်လာသည်နှင့် တပ်မတော်သားများ အပါအဝင် ပြည်သူများကို အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် သြဂုတ်လ ၁ ရက်နေ့တွင် ပြင်ဦးလွင်တပ်နယ် အတွင်းရှိ ရေကြီးရေလျှံမှုဖြစ်ပွားမှုကြောင့် ပျက်စီးမှုများ ဖြစ်ပွားခဲ့သည့် ပွဲကောက်ရေတံခွန် ၊ ကန်တော်လေး ရေထွက်ပေါက်၊ ရေထိန်းတံခါး၊ ကန်တော်ကြီးအမှတ် ၄ ကန်နှင့်မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဖြစ်စဉ်အခြေအနေ အသေးစိတ်ကို သိရှိနေပြီး လိုအပ်သော စီမံမှုနှင့်ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးခဲ့သည်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ အနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား လာရောက်ခြင်းဖြစ်ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည့်အပြင် ပြင်ဦးလွင်မြို့အားကစားခန်းမ၌ ရေဘေးသင့်ပြည်သူ ၂၅၀ ဦးခန့်အား တွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ကတွေ့ဆုံ အားပေးစကားပြောကြားရာတွင် မျှော်မှန်းမထားသည့်ရုတ်တရက်ရေကြီးမှုဖြစ်ပေါ်ခဲ့သော်လည်း မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးတို့မှတာဝန်ရှိသူများ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များ၊ မြို့နေပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ ထို့ပြင်ဂဲလောင်း ချောင်းရေကြီးရေလျှံမှုကို ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၁ ရက် နံနက် ၉ နာရီအတွင်း အချိန်တိုအတွင်း မူလအခြေအနေ ရောက်ရှိအောင် ဆောင်ရွက်နိုင်မှုကို တာဝန်ရှိဌာနဆိုင်ရာများ ပေါင်းစပ်၍ ကန်တော်ကြီး၊ ကန်တော်လေးရေလှောင်တမံများ စနစ်တကျရေထိန်းသိမ်းမှု၊ ရေပိုလွှဲစနစ်များ ကောင်းမွန်မှုနှင့် ဂဲလောင်းချောင်းအားရေစီးရေလာ ကောင်းမွန်အောင်ကြိုတင်ဆောင်ရွက်ထားမှုတို့ကြောင့်ဖြစ်ပြီး အလားတူ တပ်မတော်နှင့်မြို့နေပြည်သူများ ပူးပေါင်း၍ ချောင်း၊ မြောင်းများပိတ်ဆို့မှုများကို အပတ်စဉ် စုပေါင်းရှင်းလင်း ခဲ့မှုကြောင့် ရရှိခဲ့သည့်အကျိုးတရားပင်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ရာသီဥတုနှင့်သဘာဝဘေးအန္တရာယ်သည် မျှော်မှန်းရန်ခက်ခဲ၍အစိုးမရသော်လည်း နိုင်ငံတော် အစိုးရအနေဖြင့် ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်အမျိုးမျိုးအတွက် အကောင်းဆုံးရင်ဆိုင် ကျော်လွှားနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိခြင်း၏ အကျိုးကြောင့် အချိန်တိုအတွင်းကူညီကယ်ဆယ်မှု၊ ကျန်းမာရေး စောင့်ရှောက်မှုတို့ကို ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါသည်။ ဂဲလောင်းချောင်းမှာ ပြင်ဦးလွင်မြို့ရှိ ကန်တော်ကြီး၊ ကန်တော်လေးရေလှောင်တမံတို့မှ ပိုလျှံရေစီးဆင်းသည့်ချောင်းဖြစ်သည်။ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်ထားခြင်း၊ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူလူထုကအချိန်နှင့် တစ်ပြေးညီ လျင်လျင်မြန်မြန် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းတို့မှာ ကောင်းမွန်သော စွမ်းဆောင်မှုဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။