လေးလတာ ကာလအတွင်း ပြည်ပသို့ ငါးတန်ချိန် ရှစ်သောင်းကျော် တင်ပို့ပြီးဖြစ်

လေးလတာ ကာလအတွင်း ပြည်ပသို့ ငါးတန်ချိန် ရှစ်သောင်းကျော် တင်ပို့ပြီးဖြစ်

ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ လေးလတာ ကာလအတွင်း ပြည်တွင်းမှ ပြည်ပသို့ ငါးတန်ချိန်ရှစ်သောင်းကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၉၁  သန်းကျော်ရရှိပြီးဖြစ်ကြောင်း   ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

အဆိုပါကာလအတွင်း ပုံမှန်ကုန်သွယ်မှုမှ ငါးတန်ချိန် ၃၃၂၈၈ ဒသမ ၈၁၈ တန်တင်ပို့ပြီး  အမေရိကန်ဒေါ်လာ  ၄၈ ဒသမ  ၀၈၉ သန်း၊ နယ်စပ်ကုန်သွယ်မှုမှ ငါးတန်ချိန် ၄၇၀၄၅ ဒသမ ၆၀၅ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၄၉၅  သန်း ရရှိသည့်အတွက်  ပြည်ပသို့ ငါးတန်ချိန်စုစုပေါင်း  ၈၀၃၃၄  ဒသမ  ၄၂၃ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၉၁ ဒသမ ၅၈၄ သန်းရရှိခဲ့ခြင်း ဖြစ်သည်။

“ပြည်ပကို ငါးတင်ပို့မှုအနေနဲ့ ငါးတံခွန်၊ ငါးမြစ်ချင်း၊ ငါးသလောက်၊ ရွှေငါးနဲ့ ငါးရှဉ့်အရှင်  စတာတွေ အများဆုံးတင်ပို့တယ်။ ထိုင်း၊ တရုတ်၊ ဆော်ဒီအာရေဗျ၊ ဂျပန်၊ စင်ကာပူ၊ UAE၊  ဘင်္ဂလားဒေ့ရှ်၊ ဗြိတိန် စတဲ့နိုင်ငံတွေကို    ပုံမှန်ကုန်သွယ်ရေးနဲ့  နယ်စပ် ကုန်သွယ်ရေးတွေကနေ    တင်ပို့တယ်’ ဟု  ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာ ကာလအတွင်း ပြည်ပသို့ ငါးတင်ပို့မှု အနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ ၇၉၈၂၈ ဒသမ ၄၉၈ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၁၆ ဒသမ ၁၅၉ သန်း၊ နယ်စပ် ကုန်သွယ်မှုမှ ၁၆၃၇၀၁ ဒသမ ၁၅၈ တန်တင်ပို့ပြီး အမေ ရိကန်ဒေါ်လာ ၁၄၂ ဒသမ ၂၄၄ သန်း ရရှိသည့်အတွက်  စုစုပေါင်း  ငါးတင်ပို့မှု ၂၄၃၅၂၉ ဒသမ ၆၅၆ တန်ရှိပြီး အမေ ရိကန်ဒေါ်လာ ၂၅၈ ဒသမ ၄၀၃ သန်း ရရှိခဲ့ကြောင်း သိရသည်။