ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အသင်းသစ်နှင့် အဖွင့်ပွဲစဉ်တွင် တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးနိုင်သည့် တတိယမြောက် ကစားသမားအဖြစ် ဒါဝင်နူနက်စ် မှတ်တမ်းဝင်
လီဗာပူးအသင်း တိုက်စစ်ကစားသမား ဒါဝင်နူနက်စ် သည် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် လီဗာပူးအသင်းနှင့် ဖူလ်ဟမ်အသင်းတို့ ကစားသည့်ပွဲစဉ်တွင် ကိုယ် တိုင်တစ်ဂိုးသွင်းယူနိုင်ပြီး အသင်းဖော် ဆာလက်ချ်အတွက် ဂိုးဖန်တီးပေးနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် အသင်းသစ်နှင့် အဖွင့်ပွဲစဉ်တွင် တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့သည့် တတိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် လီဗာပူးအသင်းနှင့် ဖူလ်ဟမ်အသင်းတို့ နှစ်ဂိုးစီသရေရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့ပြီး ဒါဝင် နူနက်စ်က ပွဲချိန် ၅၁ မိနစ်မှသာ ဖာမင်နို၏ နေရာတွင် အစားထိုး ဝင်ရောက်ကစားခဲ့သော်လည်း ပွဲချိန် ၆၄ မိနစ်တွင် ကိုယ်တိုင်တစ်ဂိုး သွင်းယူနိုင်သကဲ့သို့ ပွဲချိန် မိနစ် ၈၀ တွင်လည်း အသင်းဖော်ဆာလက်ချ် ဂိုးသွင်းယူနိုင်ရန် ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အသင်းသစ်နှင့် အဖွင့်ပွဲစဉ်တွင် ကိုယ်တိုင်တစ်ဂိုး သွင်းယူပြီး တစ်ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့သည့် ပထမဆုံး ကစားသမားအဖြစ် ၂၀၁၁-၂၀၁၂ ဘောလုံးရာသီက မန်စီးတီးအသင်းနှင့်အတူ အဂူရိုက မှတ်တမ်းဝင်ခဲ့ပြီး ဒုတိယမြောက် ကစားသမားအဖြစ် ၂၀၁၇-၂၀၁၈ ဘောလုံးရာသီက ချယ်လ်ဆီးအသင်းနှင့်အတူ မိုရာ တာက မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်ကာ ယခုအခါ ဒါဝင်နူနက်စ်က တတိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။
ဒါဝင်နူနက်စ်သည် ရာသီကြိုခြေစမ်း ပွဲစဉ်များတွင် လီဗာပူးအသင်းနှင့်အတူ အပိုင်ဂိုးသွင်းခွင့်များ လွဲချော်ခဲ့ပြီးနောက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ နှင့်မထိုက်တန်ဟု ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ယခုအခါ ခြေစွမ်းပြ ကစားနိုင်ခဲ့ကြောင်း သိရသည်။