ဒေသတွင်း ဆက်ဆံရေး တင်းမာမှုများ မြင့်တက်နေစဉ် အိန္ဒိယနှင့်ပူးတွဲ စစ်ရေးလေ့ကျင့်ရန် စီစဉ်ခဲ့သည့် အမေရိကန်
အမေရိကန်နှင့် အိန္ဒိယတို့ အနေဖြင့် ဒေသတွင်း ဆက်ဆံရေး တင်းမာမှုများမြင့်တက်နေစဉ် စစ်ရေးလေ့ကျင့်မှု တစ်ရပ် လုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းဌာနတစ်ခုက ထုတ်ပြန်လိုက်သည်။ အမေရိကန်နှင့် အိန္ဒိယတို့ကြား ပူးတွဲစစ်ရေး လေ့ကျင့်မှု လုပ်ဆောင်မည့် နေရာသည် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ကြား အငြင်းပွားနေသည့် နယ်စပ်မှ ကီလိုမီတာ ၁၀၀ အကွာ၌ လုပ်ဆောင်မည်ဖြစ်သည်။
အမေရိကန်နှင့် အိန္ဒိယတို့က ပူးတွဲစစ်ရေး လေ့ကျင့်မည့်နေရာကို အတိအကျ ထုတ်ပြန်ထားခြင်း မရှိပေ။ သို့သော် အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မည့် အစီအစဉ်သည် အမေရိကန်နှင့်တရုတ်တို့ကြား တရုတ်(တိုင်ပေ) အရေးနှင့်စပ်လျဉ်း၍ ဆက်ဆံရေး တင်းမာနေစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်နှင့်ပူးတွဲ လုပ်ဆောင်မည့် စစ်ရေးလေ့ကျင့်မှုကို အွတ်တရာခန်း ပြည်နယ် အူလီမြို့အနီး၌ လာမည့် အောက်တိုဘာလလယ်ခန့်တွင် ပြုလုပ်မည်ဖြစ်ကြောင်းအိန္ဒိယကြည်းတပ်မှ အရာရှိတစ်ဦးက ပြောကြားထားသော်လည်း နေရာအတိအကျကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ အူလီမြို့သည် ဟိမဝန္တာတောင်တန်းများ၏ တောင်ဘက်ရှိ တောင်စောင်း၌ တည်ရှိသည်။
ထို့ကြောင့် နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များသည် အမြင့်ပေ ၁၀၀၀၀ (မီတာ ၃၀၀၀) ခန့်တွင် စစ်ရေးလေ့ကျင့်မည်ဖြစ်သည်။ ထို့ပြင် အူလီမြို့သည် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ကြား အတိအကျ သတ်မှတ်ထားခြင်း မရှိသော နယ်စပ်မှ ၉၅ ကီလိုမီတာအကွာတွင် တည်ရှိသောကြောင့် အဆိုပါ နယ်မြေကို ၁၉၆၂ ခုနှစ်က ဖြစ်ပွားသည့် စစ်ပွဲပြီးချိန်မှစ၍ နှစ်နိုင်ငံစလုံးက ၎င်းတို့အပိုင်အဖြစ် အသီးသီး ကြေညာထားကြသည်။
အဆိုပါအငြင်းပွား ပိုင်နက်၌ တရုတ်နိုင်ငံက တံတားတစ်စင်း တည်ဆောက်ခဲ့ခြင်းနှင့် စပ်လျဉ်းပြီး အိန္ဒိယနိုင်ငံက ယခုနှစ် မေလအတွင်းက ကန့်ကွက်ပြောကြားခဲ့ချိန်မှစ၍ နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာမှုများ စတင်လာခဲ့ခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် အမေရိကန်နှင့် တရုတ်တို့သည်လည်း အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုဆီ၏ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက သွားရောက်ခဲ့သည့် တရုတ်(တိုင်ပေ)ခရီးစဉ်ကြောင့် ဆက်ဆံရေး တင်းမာလျက် ရှိသည်။ တရုတ်အစိုးရသည် အဆိုပါ ခရီးစဉ်ကို တုံ့ပြန်သည့် အနေဖြင့် စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို လုပ်ဆောင်ခဲ့သည့်အပြင်တရုတ်(တိုင်ပေ)မှ တင်သွင်းနေသည့် ကုန်ပစ္စည်းတချို့ကိုလည်း ပိတ်ပင်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရပါမူ တရုတ်(တိုင်ပေ)အပေါ် စီးပွားရေးအရ ဖိအားပေးခြင်းပင်ဖြစ်သည်။
တရုတ်နိုင်ငံသည် အဆိုပါစစ်ရေး လေ့ကျင့်မှုကို နိုင်ငံ၏ ပိုင်နက်နယ်နိမိတ် အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် ရန်သူအား တရုတ်တပ်မတော်က ပူးပေါင်း ပိတ်ဆို့၍ ရေကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းနှင့် ကြည်းနှင့်လေကြောင်းဆိုင်ရာ စစ်ရေး လေ့ကျင့်မှုများကို လုပ်ဆောင်ရန် စီစဉ်ခဲ့သည်။
ထို့ပြင် စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်နိုင်ငံက ၎င်းတို့၏ J-20 ကိုယ်ပျောက် တိုက်လေယာဉ်များ၊ အသံထက်မြန်သည့် DF-17 ဒုံးကျည်များကိုလည်း အသုံးပြုလေ့ကျင့်ခဲ့သည်ဟု ဆိုသည်။ ီၤ-၁၇ ဒုံးကျည်များသည် အသံထက် ငါးဆပိုမိုမြန်ဆန်ပြီး လေယာဉ်တင် သင်္ဘောများကဲ့သို့သော နှေးကွေးစွာ ရွေ့လျားနေသည့်ပစ်မှတ်များကို ပစ်ခတ်ချေမှုန်းရာတွင် များစွာ ထိရောက်နိုင်သောကြောင့် ယင်းဒုံးကျည်များကို လေယာဉ်တင်သင်္ဘောဖျက် ဒုံးကျည်ဟု အမည်ပေးထားသည်။
တရုတ်နိုင်ငံက လုပ်ဆောင်ခဲ့သည့် အဆိုပါစစ်ရေးလေ့ကျင့်မှု၏ အဓိကရည်ရွယ်ချက်မှာ တရုတ်အစိုးရအနေဖြင့် နိုင်ငံ၏အချုပ်အခြာ အာဏာနှင့် နယ်မြေပေါင်းစည်းမှုကို ကာကွယ်ရန်နှင့် ခွဲထွက်ရေးသမားများ၏ ပြည်မကြီးမှ ခွဲထွက်ရေး ကြိုးပမ်းမှုများကို ကာကွယ်တားဆီးရန် အပြင် ပြည်ပနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုကို ဟန့်တားရန်ဖြစ်သည်ဟု ဆိုနိုင်သည်။
တရုတ်နိုင်ငံ၏ ထိုင်ဝမ်ရေလက်ကြား အတွင်း လုပ်ဆောင်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုကို အမေရိကန်က ဝေဖန်ခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် နန်စီပီလိုဆီ၏ တရုတ်(တိုင်ပေ) ခရီးစဉ်ကို အကြောင်းပြ၍ ရန်စခြင်းမျိုး မလုပ်ဆောင်သင့်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကန်က ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့် အာဆီယံဆွေးနွေးပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ တရုတ်(တိုင်ပေ)သို့ နန်စီပီလိုဆီသွားရောက်ခြင်းသည် အမေရိကန်အစိုးရက တရုတ်နိုင်ငံအပေါ် ထားရှိသည့် မူဝါဒကို ပြောင်းလဲပစ်ခြင်း မဟုတ်သောကြောင့် တရုတ်နိုင်ငံ အနေဖြင့် မကြုံစဖူး ထူးခြားသည့် ထိုသို့သော စစ်ရေးလေ့ကျင့်မှုများကို ရပ်တန့်ပစ်ရမည်ဖြစ်ကြောင်း ဘလင်ကန်က ဆက်လက် ပြောကြားခဲ့သည်။
ထို့ပြင် နန်စီပီလိုဆီ၏ တရုတ်(တိုင်ပေ) ခရီးစဉ်ကို အကြောင်းပြ၍ လုပ်ဆောင်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုသည် တရုတ်(တိုင်ပေ)ကိုသာမက ဒေသတွင်းရှိ အိမ်နီးချင်း နိုင်ငံများကိုပါ ခြိမ်းခြောက်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု အမေရိကန်က စွပ်စွဲထားသည်။
သို့သော် တရုတ်နိုင်ငံအနေဖြင့် အဆိုပါ ခရီးစဉ်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်ရုံမျှအပ တခြားရွေးချယ်စရာမရှိဟု တရုတ်က ဆိုထားသည်။ တရုတ်နိုင်ငံဘက်မှ ကြည့်မည်ဆိုပါက နန်စီပီလိုဆီ၏ ခရီးစဉ်သည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဆိုးဆိုးရွားရွား ချိုးဖောက်သည့် အမေရိကန်၏ လုပ်ဆောင်မှုကိုတွေ့မြင်နိုင်ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပေါင်းစည်းမှုကိုပါ ထိပါးလာခြင်း ဖြစ်သည်။ထို့ကြောင့် မည်သည့်နိုင်ငံ၊ မည်သည့်အင်အားစုနှင့် မည်သူကမျှ တရုတ်နှင့် တရုတ်(တိုင်ပေ)ကို ခွဲခြားမရနိုင်ဟု တရုတ် က ဆိုထားခြင်းဖြစ်သည်။
ထို့ပြင် အမေရိကန်အနေဖြင့် တရုတ်၏ စစ်ရေးလေ့ကျင့်မှုကို လက်တုံ့ပြန်သည့် အနေဖြင့် အဆိုပါထိုင်ဝမ်ရေလက်ကြား တစ်လျှောက်၌ မကြာမီရေကြောင်းနှင့် လေကြောင်းဖြတ်သန်း သွားလာမှုများ လုပ်ဆောင်မည်ဟု အိမ်ဖြူတော်မှ အမျိုးသားလုံခြုံရေးကောင်စီ ညှိနှိုင်းရေးမှူး ဂျွန်ကာဘီက တရားဝင် ထုတ်ပြန်ထားသည်။ ထို့ပြင် အမေရိကန်အနေဖြင့့် USS Ronald Reagan လေယာဉ်တင် သင်္ဘောတစ်စင်း ပါဝင်သည့် တိုက်ရေယာဉ်တစ်အုပ်ကိုလည်း ဒေသတွင်း၌ ဆက်လက် ဖြန့်ကြက်ထားမည်ဖြစ်သည်။
အမေရိကန်၏ အဆိုပါတိုက်ရေယာဉ်အုပ်သည် ထိုင်ဝမ်ရေလက်ကြား ဒေသရှိ အခြေအနေများကို စောင့်ကြည့်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထိုသို့ အမေရိကန်နှင့် တရုတ်တို့ကြား ဆက်ဆံရေး တင်းမာမှုများ မြင့်တက်နေစဉ် တရုတ်အစိုးရအဖွဲ့မှ အရာရှိများသည် အမေရိကန်ဘက်မှ ဖုန်းခေါ်ဆိုခြင်းကို မကိုင်ဘဲ လျစ်လျူရှုထားသည်ဟု မီဒီယာကြီးတစ်ခုဖြစ်သည့် Politico တွင်ဖော်ပြထားသည်။
ယခုအခါ နန်စီပီလိုဆီ၏ တရုတ်(တိုင်ပေ) ခရီးစဉ် ပြီးဆုံးသွားပြီဖြစ်သော်လည်း ယင်းခရီးစဉ်ကြောင့် ထွက်ပေါ်လာသည့် ဂယက်ရိုက်ခတ်မှုများမှာ ဆက်လက် ဖြစ်ပေါ်လာဖွယ်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
ဇေယျဘုန်း