တရုတ်တို့ရဲ့စစ်ရေးစွမ်းရည် တစ်စိတ်တစ်ပိုင်းကို မြင်တွေ့ခွင့်ရလိုက်တဲ့ ထိုင်ဝမ်ကျွန်းပတ်လည် စစ်ရေးလေ့ကျင့်ခန်း

တရုတ်တို့ရဲ့စစ်ရေးစွမ်းရည် တစ်စိတ်တစ်ပိုင်းကို မြင်တွေ့ခွင့်ရလိုက်တဲ့ ထိုင်ဝမ်ကျွန်းပတ်လည် စစ်ရေးလေ့ကျင့်ခန်း

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က သြဂုတ် ၄ ရက်ကနေ ၇ ရက်အထိ ထိုင်ဝမ်ကျွန်းပတ်ပတ်လည်မှာ မကြုံစဖူးထူးကဲတဲ့ စစ်ရေးလေ့ကျင့်မှုကြီးကို လုပ်ဆောင်ပြီးသွားပါပြီ။

ဒီစစ်ရေးလေ့ကျင့်မှုကြီးကို ကြည့်ခြင်းအားဖြင့် တရုတ်တပ်မတော်ရဲ့ စစ်ရေးစွမ်းရည် တစ်စိတ်တစ်ပိုင်းကိုမြင်တွေ့ရတဲ့အပြင် တရုတ်(တိုင်ပေ) အနေနဲ့လည်း တပ်မတော်ကို နှစ်ပေါင်းများစွာကြာ အဆင့်မြှင့်တင်မှုကနေ ထွက်ပေါ်လာတဲ့  တရုတ်ပြည်မကြီးရဲ့ စစ်ရေးနည်းဗျူဟာတွေကို ကောင်းကောင်းကြီး အကဲဖြတ်နိုင်လိမ့်မယ်လို့ ကာကွယ်ရေးနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များက ဆိုပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်ခန်းမှာ တရုတ်က ထိုင်ဝမ်ကျွန်းကိုကျော်ဖြတ်ပြီး အမြင့်ပျံဒုံးကျည် အစင်းပေါင်းများစွာ ပစ်ပြခဲ့ပါတယ်။ ဒါ့အပြင် ထိုင်ဝမ်ရေလက်ကြား နယ်နိမိတ်သတ်မှတ်ထားတဲ့ အလယ်မျဉ်းကိုလည်း တရုတ်စစ်ရေယာဉ်များနဲ့ စစ်လေယာဉ်များက ကျော်ဖြတ်ခဲ့ပါသေးတယ်။

ဒါတင်မကသေးပါဘူး။ တရုတ်တပ်မတော်ရဲ့ မောင်းသူမဲ့လေယာဉ် တစ်စင်းက ထိုင်ဝမ်ကျွန်းအပေါ် ဝဲပျံခဲ့ပြီး အဲဒီကျွန်းကို ပိတ်ဆို့မှုအတွက် လုပ်တဲ့ သဏ္ဌာန်တူစစ်ရေး လေ့ကျင့်ခန်းမှာ အနည်းဆုံး လေယာဉ်တင် သင်္ဘောအုပ်တစ်အုပ်နဲ့ နျူကလီးယားရေငုပ်သင်္ဘောတို့လည်း ပါဝင်ခဲ့ပါတယ်။

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုဆီရဲ့ ထိုင်ဝမ်ကျွန်း တစ်ထောက်နားခရီးစဉ်ပြီးနောက် အဲဒီခရီးစဉ်အပေါ် တုံ့ပြန်တဲ့အနေနဲ့ သြဂုတ် ၄ ရက် မွန်းတည့်ချိန်မှာ တရုတ်တပ်မတော်ရဲ့ စစ်ရေးလေ့ကျင့်ခန်း စတင်တာပါ။

နန်စီပီလိုဆီရဲ့ထိုင်ဝမ်ကျွန်းခရီးစဉ်ဟာ အမေရိကန်အနေနဲ့  တရုတ်(တိုင်ပေ)ရဲ့ လွတ်လပ်ရေးကို    အားပေးထောက်ခံနေတဲ့ သဘော သက်ရောက်နေတယ်လို့  တရုတ်အစိုးရဘက်က  သတ်မှတ်ထားပါတယ်။

အမေရိကန်ကတော့ သူတို့ဟာ တရုတ်နိုင်ငံအပေါ် ထားရှိတဲ့မူဝါဒကို အရင်အတိုင်းပဲ မပြောင်းလဲဘဲ ဆက်လက်ကျင့်သုံး သွားမယ်လို့ ဆိုထားပါတယ်။

တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်ကျွန်းတို့ကြားက ခွဲရေး၊ တွဲရေးပြဿနာကို ပြန်ကြည့်မယ်ဆိုရင် ၁၉၄၉ ခုနှစ် တရုတ်ပြည်တွင်းစစ် အပြီးကာလကနေ စတင်တာကိုတွေ့ရမှာပါ။

အဲဒီအချိန်တုန်းက ကွန်မြူနစ်ပါတီရဲ့ တိုက်ခိုက်မှုကြောင့် တရုတ်ဖြူ ကူမင်တန်တွေဟာ အမေရိကန်တို့ရဲ့အကူအညီနဲ့ ထိုင်ဝမ်ကျွန်းကို ထွက်ပြေး လွတ်မြောက်သွားပါတယ်။

ဒီလိုထွက်ပြေး လွတ်မြောက်ချိန်ကစပြီး တရုတ်(တိုင်ပေ)တို့က ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီးကနေ ခွဲထုတ်ကာ သီးခြားလွတ်လပ်တဲ့ နိုင်ငံအဖြစ် ရပ်တည်နိုင်ဖို့ ကြိုးစားခဲ့တာပါ။

ဒါပေမဲ့ တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းသည် သူတို့ရဲ့ပြည်နယ်တစ်ခုသာ ဖြစ်တယ်လို့ သတ်မှတ်ပြီး လွတ်လပ်တဲ့နိုင်ငံအဖြစ် ခွဲထွက်မှုကို လက်မခံဘဲ တရုတ်တစ်နိုင်ငံတည်းဆိုတဲ့ မူဝါဒကို စွဲကိုင်လာခဲ့တာဖြစ်ပါတယ်။

အဲဒီတရုတ်တစ်နိုင်ငံတည်း မူဝါဒကိုလည်း အမေရိကန် အပါအဝင် ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံအများအပြားက သဘောတူ လက်ခံကာ တရုတ်(တိုင်ပေ)နဲ့ တရားဝင်သံတမန် ဆက်ဆံရေးကို လုပ်ဆောင်ခဲ့ခြင်း မရှိပါဘူး။

တရုတ်အစိုးရအနေနဲ့ သူ့ရဲ့တပ်မတော်ကို အဆင့်မြှင့်တင်မှု လုပ်ဆောင်ခြင်းနဲ့ ပတ်သက်ပြီး ပြန်ကြည့်မယ်ဆိုရင်တော့ ၂၀၁၅ ခုနှစ်ကစတင် တယ်လို့ဆိုရပါလိမ့်မယ်။

သူတို့ရဲ့ရည်ရွယ်ချက်က ၂၀၂၇ ခုနှစ်အရောက်မှာ တရုတ်တပ်မတော်ကို ခေတ်မီတိုက်ခိုက်ရေး အင်အားစုအဖြစ် ပြောင်းလဲနိုင်ရေးနဲ့ အမြဲတမ်းတိုက်ပွဲဝင် အသင့်ဖြစ်နေရေးပဲ ဖြစ်ပါတယ်။

အဲဒီလိုအဆင့်မြှင့်တင်ပြောင်းလဲမှုတွေထဲမှာ စစ်အင်အားသုံးသိန်းကို လျှော့ချခြင်း၊ ဌာနကြီးလေးခုဖြစ်တဲ့ စစ်ဦးစီးဌာန၊ နိုင်ငံရေးဌာန၊ ထောက်ပံ့ပို့ဆောင်ရေး ဌာနနဲ့ လက်နက်တပ်ဆင်ရေး ဌာနတို့ကို အေဂျင်စီ ၁၅ ခုအဖြစ် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်း၊  စစ်တိုင်းကြီးခုနစ်တိုင်းကို စစ်နယ်ဝန်းငါးခုအဖြစ် ပြန်လည်ဖွဲ့စည်းခြင်းတို့ ပါဝင်ပါတယ်။

တရုတ်တပ်မတော်က အခုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုဟာ သမားရိုးကျစစ်ရေးလေ့ကျင့်မှုတွေနဲ့ မတူဘဲ  တကယ်တိုက်ပွဲဝင်နေတဲ့ ပုံစံနဲ့ပိုတူကြောင်းနဲ့  အခုလိုမျိုး  ထိုင်ဝမ်ကျွန်းကိုပိတ်ဆို့ပြီး  ကျွန်းအရှေ့ဘက်ပင်လယ်ပြင်ကို လက်တွေ့ဒုံးပစ်ကွင်းအဖြစ် သတ်မှတ် လုပ်ဆောင်ခြင်း ကလည်း ပထမဆုံး အကြိမ်ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ပြောပါတယ်။

“တရုတ်တပ်မတော်ရဲ့အခုစစ်ရေးလေ့ကျင့်မှုက အမေရိကန်နဲ့မဟာမိတ်တွေ အတွက်တော့ တရုတ်ရဲ့ စစ်ရေးစွမ်းရည်ကို ထဲထဲဝင်ဝင် သိရှိခွင့်ရတဲ့ ရှားပါးအခွင့်အရေးကြီးပါပဲ။ ဒီအခွင့်အရေးကြီးမှာ ကျည်စစ်ကျည်မှန် အသုံးပြုစစ်ရေး လေ့ကျင့်မှု၊  ဆက်သွယ်ရေးနဲ့ အာရုံခံကိရိယာများ အလုပ်လုပ်မှု၊   တရုတ်ရဲ့စစ်လက်နက်ပစ္စည်းများ အသုံးပြုမှုတို့ကို စောင့်ကြည့်ခွင့်ရပါမယ်။  တရုတ်အသုံးပြုသွားတဲ့ လက်နက်စနစ်တွေမှာ ဆိုရင် ကျွန်တော်တို့တစ်ခါမှ မမြင်ဖူးတဲ့လက်နက်တွေလည်း  ပါဝင်နိုင်ပါတယ်”လို့ သြစတြေးလျနိုင်ငံမှ တရုတ်စစ်ရေးဆိုင်ရာ အထူးပြုလေ့လာသူ မယ်ကွန်ဒါးဗစ်က ပြောပါတယ်။

ဒါ့အပြင် အခုလိုထိုင်ဝမ်ကျွန်းကို နေရာခြောက်ခုကနေ  ဝိုင်းပတ်ပိတ်ဆို့ပြီး စစ်ရေးလေ့ကျင့်ခန်း လုပ်ခြင်းဟာ  ပြီးခဲ့တဲ့ ခုနစ်နှစ်အတွင်း တရုတ်တပ်မတော်ရဲ့ ပြုပြင်ပြောင်းလဲမှု ရလဒ်ကိုလည်း  မြင်တွေ့ခွင့် ရလိမ့်မယ်လို့ တရုတ်(တိုင်ပေ)အခြေစိုက်  စစ်ရေးကျွမ်းကျင်ပညာရှင် ချီလီယီက ဆိုပါတယ်။

“ဒီစစ်ရေးလေ့ကျင့်ခန်းကိုကြည့်ရတာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်အနေနဲ့ ပြုပြင်ပြောင်းလဲမှုရဲ့ ရလဒ်အဖြစ် စစ်ဖြစ်ချိန်မှာ တကယ့်ကို ထိထိရောက်ရောက်နဲ့ ပူးပေါင်းစစ်ဆင်နိုင်စွမ်းရှိ၊ မရှိဆိုတာကို စမ်းသပ်ဖို့ စစ်ရေးလေ့ကျင့်ခြင်း ဖြစ်နိုင်ပါတယ်”ဆိုပြီး ချီလီယီက ပြောထားပါတယ်။

အလားတူ   တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အနေနဲ့ သူ့ရဲ့တပ်ဖွဲ့တွေကို ဘယ်လိုမျိုးနေရာချ ကစားသွားတယ်။  ဘယ်လို စစ်နည်းဗျူဟာတွေ သုံးသွားတယ်။ တပ်ဖွဲ့ဝင်တွေကို ဘယ်လိုစုစည်းတယ်။

တိုက်ခိုက်မှုတွေကို ဘယ်လိုလုပ်တယ်။  ဘယ်လိုစစ်လက်နက်ပစ္စည်းတွေကို အသုံးပြုတယ်ဆိုတာတွေနဲ့ ပတ်သက်တဲ့ အကောင်းဆုံး ပုံရိပ်တွေကို တခြားနိုင်ငံများက  ကောင်းကောင်းကြီး လေ့လာနိုင်မှာပါလို့  သူက ဆက်ပြောပါတယ်။

ဂျိန်းအမည်ရှိ စစ်ဘက်ရေးရာ ဝက်ဆိုက်မှ   ကာကွယ်ရေးဆိုင်ရာ သုတေသီရစ်ဇဝမ်းရာမတ်က  ထိုင်ဝမ်ကျွန်းပတ်ပတ်လည်   စစ်ရေး လေ့ကျင့်ခန်းခြောက်ခုအနက်  ငါးခုက  ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းကို ကျော်လွန်ပြီး  လုပ်ဆောင်ခြင်းဖြစ်ကြောင်း  ပြောထားပါသေးတယ်။

ဒါ့အပြင်  ဒီစစ်ရေးလေ့ကျင့်ခန်းကို ကြည့်ရတာ  တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်အနေနဲ့  သူ့လက်အောက်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေ အားလုံးနဲ့  အကြီးစားပူးပေါင်း စစ်ရေးလေ့ကျင့်ခန်းကို ဘယ်လိုမျိုး လုပ်ဆောင်သွားတယ်ဆိုတာကို ပြသလိုခြင်းဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

အမေရိကန်မှလုံခြုံရေး လေ့လာသူတစ်ဦးဖြစ်တဲ့ တီမိုသီဟိကတော့ တရုတ်တို့ရဲ့ အခုစစ်ရေးလေ့ကျင့်ခန်းဟာ သူတို့အနေနဲ့ ထိုင်ဝမ်ကျွန်းကို အချိန်မရွေး သိမ်းပိုက်နိုင်ကြောင်း  သတင်းစကား ပေးလိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

“နောက်ထပ်အရေးကြီးတဲ့ သတင်းစကားပေးလိုတာက   တရုတ်တပ်မတော်ရဲ့ စစ်ရေးလေ့ကျင့်ခန်းဟာ ထိုင်ဝမ်ကျွန်း အနေနဲ့ ဘယ်လောက်အထိ ခုခံကာကွယ်နိုင်စွမ်း အားနည်းပြီး   တခြားနိုင်ငံက ပေးလာနိုင်တဲ့ အကူအညီထက် တရုတ်နိုင်ငံနဲ့ပိုပြီး နီးကပ်နေတယ် ဆိုတာရယ်၊ တရုတ်နိုင်ငံကသနားလို့ ချမ်းသာရာရနေတယ်ဆိုတဲ့ အခြေအနေရယ်ကို ဖော်ကျူးနေပါတယ်”လို့ တီမိုသီဟိက ပြောပါတယ်။

မည်သို့ပင်ဆိုစေကာမူ တရုတ်တပ်မတော်ကတော့ ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်မှာ စစ်ရေးလေ့ကျင့်ခန်း လုပ်လို့ပြီးသွားပါပြီ။ လုပ်ဆောင်ခဲ့တဲ့ စစ်ရေးလေ့ကျင့်ခန်းကလည်း ထိုင်ဝမ်ကျွန်းကို  အမှန်တကယ် တက်သိမ်းတော့မယ့် အတိုင်းနီးပါး သဏ္ဌာန်တူအောင် လုပ်ဆောင်သွားတာကို မြင်တွေ့ခဲ့ရပါပြီ။

ဒါ့အပြင် ကျွန်တော်တစ်ယောက်တည်း အမြင်ပြောရမယ်ဆိုရင် တရုတ်တပ်မတော်က သူတို့ရဲ့ဒုံးကျည်တွေကို တောင်ကြားတွေထဲမှာ နေရာချထားပြီး ပင်လယ်ပြင်အတွင်းမှာရှိတဲ့ ပစ်မှတ်ကို တိကျစွာ ထိမှန်အောင် ပစ်ခတ်နိုင်စွမ်းရှိတာကို တွေ့ရပါတယ်။

ဒီလိုပစ်ခတ်နိုင်ဖို့ဆိုရင် စစ်သုံးဂြိုဟ်တုတွေကနေ ပစ်မှတ် အချက်အလက်ပေးနိုင်တဲ့ အကူအညီက  ဘယ်လောက်အထိ အရေးပါတယ် ဆိုတာနဲ့ ပဲ့ထိန်းစနစ်က ဘယ်လောက် အတိုင်းအတာအထိ တိကျမှုရှိနေပြီလည်း ဆိုတာတို့ကို ခန့်မှန်းသုံးသပ်ခွင့်ရလိုက်ပါတယ်။

အခုစစ်ရေးလေ့ကျင့်မှုကို  တရုတ်တပ်မတော်ရဲ့ စစ်နယ်ဝန်းငါးခု ရှိတဲ့အနက် အရှေ့ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ် တစ်ခုတည်းက ဦးစီးလုပ်ဆောင်တာ ဖြစ်တဲ့အတွက် ဒီစစ်ရေး လေ့ကျင့်မှုကနေ မြင်တွေ့ရတာက တရုတ်တို့ရဲ့ စစ်ရေးစွမ်းရည် တစ်စိတ်တစ်ပိုင်းမျှသာ ရှိသေးတယ်လို့ ဆိုနိုင်ပါတယ်။

ဒါဆိုရင် ဘယ်အချိန်မှာ  တရုတ်တပ်မတော်ရဲ့ စစ်ရေးစွမ်းရည်ကို အပြည့်အဝ သိခွင့်ရမလဲဆိုတော့ အမှန်တကယ် စစ်ဖြစ်တဲ့အချိန်မှသာ သိခွင့်ရမှာဖြစ်ကြောင်း  ရေးသား တင်ပြလိုက်ရပါတယ်။  ။

Ref: SCMP