မြဝတီ FC အသင်းက မဟာယူနိုက်တက် အသင်းကို ဂိုးပြတ်အနိုင်ရရှိ
နေပြည်တော် သြဂုတ် ၈
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူး ကျင်းပသော ၂၀၂၂ မြန်မာနေရှင်နယ်လိဂ် (၁)အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၇)ကို ယနေ့ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ မဟာယူနိုက်တက် အသင်းနှင့်မြဝတီ FC အသင်းတို့ ယှဉ်ပြိုင်ကစားရာ မြဝတီ FC အသင်းက ၄ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး ယနေ့ပွဲစဉ်အပြီးတွင် မြဝတီ FC အသင်းမှာ ခုနစ်ပွဲကစားပြီး ငါးပွဲနိုင်၊ နှစ်ပွဲရှုံး ရမှတ် ၁၅ မှတ်ရရှိကာ အမှတ်ပေးပွဲစဉ် ဇယားအဆင့် ၂ နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။
ပထမပိုင်းတွင် နှစ်ဖက်အသင်းများ ဦးဆောင်ဂိုးရရှိရန် ကြိုးစားပြီး ယှဉ်ပြိုင် ကစားခဲ့သော်လည်း မြဝတီ FC အသင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ပထမပိုင်း ပြီးဆုံးချိန် ၄၅+၁ မိနစ်တွင် မြဝတီ FC အသင်းမှ ဝေယံဦးက ဦးဆောင်ဂိုးကို စတင်သွင်းယူပေးသည်။
ဒုတိယပိုင်းပွဲ ကစားချိန် ၇၇ မိနစ်နှင့် ၈၂မိနစ်တွင်မြဝတီ FC အသင်းမှ နိုင်ဇင်ထက်က လည်းကောင်း၊ ပွဲကစားချိန် ၈၇ မိနစ်တွင် သက်ဝေမိုးက လည်းကောင်း အသီးသီး သွင်းယူနိုင်ခဲ့သည့်အတွက် ဒုတိယပိုင်း ပြီးဆုံးချိန်တွင် မြဝတီ FC အသင်းက မဟာယူနိုက်တက် အသင်းကို ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
သြဂုတ် ၁၀ ရက်တွင် ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်(၁) အမှတ်ပေးဘောလုံး ပြိုင်ပွဲ ပွဲစဉ် (၇)ကို ရခိုင်ယူနိုက်တက် အသင်းနှင့် ဟံသာဝတီယူနိုက်တက် အသင်းတို့ ညနေ ၃ နာရီတွင် သုဝဏ္ဏ အားကစားကွင်း၌ ယှဉ်ပြိုင် ကစားသွားမည် ဖြစ်ကြောင်း သိရသည်။