လိုက်ပဇစ်အသင်း ကစားသမားဟောင်းဖြစ်သည့် တီမိုဝါနာကို ချယ်လ်ဆီးအသင်းထံမှ ပြန်လည်ခေါ်ယူရန် သဘောတူညီမှုရရှိ
လိုက်ပဇစ်အသင်း၏ ကစားသမားဟောင်းဖြစ်သည့် တီမိုဝါနာကို ချယ်လ်ဆီး အသင်းထံမှ ပြန်လည်ခေါ်ယူရန် သဘောတူညီမှု ရရှိပြီးဖြစ်သောကြောင့် လက်ရှိကစားသမား အပြောင်းအရွှေ့ကာလ မပြီးဆုံးမီ အပြီးသတ်စာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။
အသက် ၂၆ နှစ်အရွယ် တီမိုဝါနာသည် ၂၀၂၀ ပြည့်နှစ်က ချယ်လ်ဆီးအသင်းကို နည်းပြဟောင်း လမ်းပတ် တာဝန်ယူ ကိုင်တွယ်စဉ် လိုက်ပဇစ်အသင်းမှ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်း၌ အစောပိုင်းနှစ်များက အဓိက ကစားသမားအဖြစ် ပွဲထွက်ခွင့် ရရှိသော်လည်း အပိုင်ဂိုးသွင်းခွင့်များ လွဲချော်ခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
တီမိုဝါနာ၏ ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းမှာ ၂၀၂၅ ခုနှစ်မှသာ ကုန်ဆုံးမည်ဖြစ်သော်လည်း တီမိုဝါနာကိုယ်တိုင်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပါဝင်ကစားခွင့်ရရှိနိုင်ရေး ပွဲထွက်ခွင့်ရရှိမည့် အသင်းသို့ ပြောင်းရွှေ့လိုသည့်အတွက် အသင်းဟောင်းသို့ ပြန်လည်ပြောင်းရွှေ့ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
လိုက်ပဇစ်အသင်းသည် တီမိုဝါနာကိုခေါ်ယူရန် သဘောတူညီမှု ရရှိထားသော်လည်း ကလပ်အသင်း နှစ်သင်းကြား တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးဘဲ လိုက်ပဇစ်အသင်း အနေဖြင့် တီမိုဝါနာအတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၄၀ ခန့် ပေးချေရဖွယ် ရှိပြီး လာမည့်ရက်ပိုင်းအတွင်း အပြီးသတ်စာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။