အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်နှစ်ခု ဆွတ်ခူးရရှိ

အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်နှစ်ခု ဆွတ်ခူးရရှိ

နေပြည်တော်  သြဂုတ်  ၈

မြန်မာနိုင်ငံတက္ကသိုလ် ဝူရှူးအားကစားအဖွဲ့သည်  ယနေ့ည  ၆  နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့  ပြန်လည်ရောက်ရှိကြရာ  ရန်ကုန်တိုင်းဒေသကြီးရှိ ပါမောက္ခချုပ်များနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အားကစား ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ဝူရှူးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများက လေဆိပ်တွင် လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။

အဆိုပါ မြန်မာနိုင်ငံ တက္ကသိုလ် ဝူရှူး အားကစားအဖွဲ့သည် အုပ်ချုပ်သူ  မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်း၊ နည်းပြ  ဒေါ်ဆွေဆွေသန့်၊ ဝူရှူးအားကစားသမား မမြတ်နိုးအိမ်၊ မအေးသစ္စာမြင့်နှင့် မောင်ခန့်မင်းထက်တို့ပါဝင်လျက် ထိုင်းနိုင်ငံ အွန်ဘွန်ရတ်ချဌာနီ၌ ကျင်းပသည့် အကြိမ် (၂၀)မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲမှ ဝူရှူး အားကစားနည်းတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။   ထိုသို့ယှဉ်ပြိုင်ရာတွင် မြန်မာတက္ကသိုလ်ဝူရှူး အားကစားသမား သုံးဦးသည်  တစ်ဦးလျှင် လက်နက်မဲ့၊ လက်နက်ဖြင့် ပြိုင်ပွဲနှစ်မျိုးစီကို အားကစားပြိုင်ပွဲ ခြောက်မျိုးတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ပထမဆု ရွှေတံဆိပ်နှစ်ခု၊ ဒုတိယဆု ငွေတံဆိပ်နှစ်ခုနှင့် တတိယဆု ကြေးတံဆိပ်တစ်ခုဖြင့် ဆုတံဆိပ်ငါးခုကို အောင်မြင်စွာ ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။

ဝူရှူးအားကစားအဖွဲ့နှင့်အတူ  ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင် ဦးဆောင်သည့် အုပ်ချုပ်သူတစ်ဦး၊ နည်းပြ နှစ်ဦးနှင့် အားကစားသမား ရှစ်ဦးတို့ ပါဝင်သော မြန်မာနိုင်ငံ တက္ကသိုလ် ပိုက်ကျော်ခြင်း အားကစားအဖွဲ့သည်လည်း   ယနေ့တွင် ပြန်လည်ရောက်ရှိ ခဲ့ကြသည်။

အလားတူ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲတွင် တတိယ ဆုကြေးတံဆိပ် ရရှိခဲ့သည့် ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချစ်စိန် ဦးဆောင်သည့် အုပ်ချုပ်သူနှစ်ဦး၊ နည်းပြ သုံးဦး၊ အားကစားသမား ၁၉ ဦးတို့ ပါဝင်သော မြန်မာနိုင်ငံ တက္ကသိုလ် ဘောလုံး အားကစားအသင်းသည် သြဂုတ် ၆ ရက်  မြန်မာစံတော်ချိန် ည ၆ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဥပဒေချုပ် ဦးဌေးအောင်နှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက  လေဆိပ်၌ ကြိုဆိုခဲ့ကြသည်။

မြန်မာနိုင်ငံတက္ကသိုလ် အားကစားအဖွဲ့ အနေဖြင့် အကြိမ်(၂၀)မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ မြားပစ်နှင့် ဝူရှူးအားကစားနည်း လေးမျိုးတွင် အားကစား သမားစုစုပေါင်း ၃၃ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ စုစုပေါင်း ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်နှစ်ခုနှင့်  ကြေးတံဆိပ်နှစ်ခုတို့ကို ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။