(၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲမှ ပြန်လည် ရောက်ရှိလာသော အောင်ပွဲရ မြန်မာမသန်စွမ်း အားကစားအဖွဲ့အား သောင်းသောင်းဖြဖြ ကြိုဆို ၊ ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၇ ခုရရှိ

(၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲမှ ပြန်လည် ရောက်ရှိလာသော အောင်ပွဲရ မြန်မာမသန်စွမ်း အားကစားအဖွဲ့အား သောင်းသောင်းဖြဖြ ကြိုဆို ၊ ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၇ ခုရရှိ

ရန်ကုန်  သြဂုတ်  ၈

 အင်ဒိုနီးရှား သမ္မတနိုင်ငံ ဆိုလိုမြို့၌ ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၆ ရက်အထိ ကျင်းပခဲ့သည့် (၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၇ ခု၊ နိုင်ငံအလိုက်အဆင့် ၆ ရရှိခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြုအောင်ပွဲရ  မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစား အဖွဲ့သည် ယနေ့ နံနက် ၅ နာရီခွဲတွင် မြန်မာအမျိုးသား လေကြောင်းလိုင်း စင်းလုံးငှားလေယာဉ်ဖြင့်  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့   ပြန်လည်ရောက်ရှိသည်။

အဆိုပါအားကစားအဖွဲ့ကို အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)မှ အားကစားသမားများနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစား အဖွဲ့ချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။

မြန်မာမသန်စွမ်း အားကစားအဖွဲ့သည် (၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ် အားကစားနည်းမှ  ရွှေတံဆိပ်  ၉ ခု၊ ငွေတံဆိပ် ၇ ခု၊ ကြေးတံဆိပ် ၁၁ ခု၊ ရေကူးအားကစားနည်းမှ ရွှေတံ ဆိပ် ၅ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေး တံဆိပ် ၂ ခု၊ မသန်စွမ်းဘောလုံး အားကစားနည်းမှ ကြေးတံဆိပ် ၁ ခု၊ အလေးမ အားကစားနည်းမှ ငွေတံ ဆိပ် ၂ ခု၊ ကြေးတံဆိပ် ၂ခု၊ မြားပစ် အားကစားနည်းမှ ကြေး တံဆိပ် ၁ ခု စုစုပေါင်း ဆုတံဆိပ် ၄၃ ခုရရှိပြီး မသန်စွမ်း ဘော်လီဘော နှင့် မျက်မမြင် ဂိုးလ်ဘောအားကစားမှာ ဆုတံဆိပ်များနှင့် လွဲချော်ခဲ့ရသည်။

(၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို ၂၀၂၃ ခုနှစ်  ဇွန်လတွင် အိမ်ရှင်အဖြစ် ကမ္ဘောဒီးယားနိုင်ငံက လက်ခံ ကျင်းပသွား မည် ဖြစ်ကြောင်း သိရသည်။