ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့

ဝါခေါင်လသည်  မြန်မာ့ဆယ့်နှစ်လရာသီတွင် ပဉ္စမမြောက်လဖြစ်သည်။  ဝါခေါင်လသည် မိုးဥတု တွင် ပါဝင်ပြီး ရှေးအခါက ဝါခေါင်လကို “နံကာ”လ ဟုခေါ်သည်။ ပုဂံခေတ်ထိုးကျောက်စာများတွင် ဝါခေါင် လကို ဝါခေါင်ဟု လည်းကောင်း၊ နံကာလဟုလည်း ကောင်းရေးထိုးထားကြောင်း တွေ့ရ သည်။ နံကာလ၏ အဓိပ္ပာယ်မှာ စိုက်ပျိုးချိန်၊ လယ်လုပ်ချိန်၊ စိုက်ပျိုးချိန် လ၊ လယ်လုပ်ချိန်လဟု ယူဆ၍ရသည်။ ဝါခေါင်လသည် ဗေဒင်အခေါ် သိဟ်ရာသီ၊ သရဝဏ်နက္ခတ် နှင့် လမင်းတို့ယှဉ်ပြိုင်ကာ မွန်းတည့်သည်။ ဖုသျှနက္ခတ်နှင့် နေမင်းတို့ယှဉ်ပြိုင်သည်။ ရာသီရုပ်ခြင်္သေ့၊ ရာသီပန်း ခတ္တာ၊ ရာသီပွဲတော် “စာရေးတံပွဲ”ဖြစ် သည်။

ယနေ့အချိန်တွင် ဝါခေါင်လပြည့်နေ့ကို မေတ္တာ အခါတော်နေ့အဖြစ် သတ်မှတ်ပြီး ဒေသအလိုက်ရှိ ဗုဒ္ဓဘာသာဝင်တို့က မေတ္တာအခါတော် နေ့ကျင်းပကြ ကာ ရှေးအစဉ်အလာအတိုင်း စာရေးတံပွဲများဆင်နွှဲ လှူဒါန်းကြသည်။ ဝါခေါင်လပြည့်မေတ္တာအခါတော် နေ့ဖြစ်တည်လာပုံ အကျဉ်းမှာ မြတ်စွာဘုရားရှင် လက်ထက်တော်က စတင်ခဲ့သည်။ ရှေးအခါ က ရဟန်း ငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတရားနာယူ ပြီးနောက် ဝါဆိုဝါကပ်ကမ္မဋ္ဌာန်းတရားပွားများအားထုတ် ကြသည်။ ရဟန်း တော်တို့ ကမ္မဋ္ဌာန်းတရားအားထုတ်ရာ တောအုပ်ရှိနတ်များသည် ရဟန်းတို့၏အကျင့် သီလနှင့် မြတ်တရားတို့ကြောင့် ယင်းတို့၏ ဗိမာန် များတွင် မနေနိုင်ဖြစ်ကြသဖြင့် ရဟန်းတို့အား နည်း မျိုးစုံဖြင့် ခြောက်လှန့် ကြသဖြင့် ရဟန်းတို့သည်လည်း ကမ္မဋ္ဌာန်းတရားကို ကောင်းစွာအား မထုတ်နိုင်ကြ တော့ပေ။

ထိုအခါရဟန်းတို့က ထိုအရေးကိုမြတ်စွာဘုရား ထံ သွားရောက်လျှောက် ထားကြသည်။ မြတ်ဘုရား က ဝါခေါင်လပြည့်နေ့တွင် ရဟန်းတို့ကို မေတ္တသုတ္တန် ဒေသနာတော်ဟောကြားသွန်သင်ပြီး တောအုပ်သို့ ပြန်စေ သည်။ ရဟန်းတို့သည် တောအုပ်၌ပင် မေတ္တသုတ္တန်လာ မေတ္တာ ဘာဝနာပွားများကြရာ နတ်များက နှစ်သက်ကြကုန်သဖြင့် ကြိုဆိုနေရာ ပေးအလေးဂရု ပြုလာကြသည်။ ထိုဖြစ်စဉ်အရ မေတ္တာတရားသည် ရန်သူသော်မှမိတ်ဆွေအဖြစ် ပြောင်းလဲသွားတတ် ကြောင်းသိ မှတ်ဖွယ်ပင်ဖြစ်သည်။

မြတ်စွာဘုရားဟောကြားတော်မူအပ်သော မေတ္တသုတ္တန်သည် ပရိတ်ကြီး ၁၁ သုတ်၌ အပါအဝင်ဖြစ် သည်။ ဗုဒ္ဓဘာသာဝင်တို့ အထူးတလည်ရွတ်ဖတ်သရဇ္ဈာယ်ပွားများရာ   သုတ်တော်လည်းဖြစ်သည်။ ထို့ကြောင့် မေတ္တသုတ္တန် ၏အနက်အဓိပ္ပာယ်ကို သိရှိ ရန်လိုအပ်လာသည်။ အနက်ကိုသိလျှင် ပို၍ထက်မြက် ပေလိမ့်မည်။ မေတ္တသုတ်၏အာနုဘော်ကြောင့် ဘီလူး၊ ဘုမ္မစိုးနတ်တို့သည် ကြောက်မက်ဖွယ်ရာကောင်းသော ရုပ်အဆင်းကို ဖန်ဆင်း၍ လူသားတို့အား မပြဝံ့ကြ ကုန်။ မေတ္တသုတ်တော်ကို ညဉ့်အခါ၌ လည်းကောင်း၊ နေ့အခါ၌လည်းကောင်း မပျင်းမရိရွတ်ဖတ်လေ့ရှိသော သူသည် အိပ်သောအခါချမ်းသာစွာအိပ်ရလေ၏။ အိပ်ပျော်နေစဉ်၌လည်း အိပ်မက်ဆိုးကိုမမြင်မမက်နိုင်။ ဤသို့သော ကျေးဇူးဂုဏ်နှင့် ပြည့်စုံသည့် မေတ္တသုတ် ပရိတ်တော်ကို ကျွနု်ပ်တို့စုပေါင်းရွတ်ဆိုကြပါကုန်စို့  ဟူ၍ မေတ္တသုတ်၏ယဿာနုဘာဝတောယက္ခာအစချီအပိုဒ်တွင် ပါရှိသည်။

မြတ်ဘုရားကဆက်လက်ဟောကြားသည်မှာ အကျိုး စီးပွား၌ လိမ္မာသောသူ သည် ငြိမ်သက်စွာသောနိဗ္ဗာန် သို့ဉာဏ်ဖြင့် သက်ဝင်ခြင်းကိုပြုရာ၏။ ပြုနိုင် စွမ်းရှိ သူလည်းဖြစ်ရာ၏။  ဖြောင့်မတ်ရာ၏။ ကောင်းစွာဖြောင့်မတ်ရာ၏။ ပညာရှိတို့ဆိုလွယ်ဆုံးမလွယ်သူ လည်းဖြစ်ရာ၏။ နူးညံ့သိမ်မွေ့ရာ၏။ မာန်မာနမထား ရာ။ ရောင့်ရဲလွယ်ရာ၏။ သူတစ်ပါးတို့က ပြုစုလွယ်၊ မွေးမြူလွယ်သူမျိုးဖြစ်ရာ၏။ ကိစ္စနည်းစေရာ၏။ အသက်မွေးမှုပေါ့ပါးခြင်း ရှိရာ၏။ မျက်စိစသောဣန္ဒြေတည်ငြိမ်မှုရှိရာ၏။ ရင့်ကျက်သော ပညာရှိ ရာ၏။  အမူအရာမကြမ်းတမ်းစေရာ။ ဒါယကာများ၊ ဆွေမျိုးများ၌ သံယောဇဉ်ငြိတွယ်လွန်းခြင်းမဖြစ်စေရာ။ ပညာရှိတို့ကဲ့ရဲ့ဖွယ်ဖြစ်သော မကောင်းမှုတစ်စုံ တစ်ခုကို အနည်းငယ်မျှပင်မပြုမကျင့်ရာ။ သတ္တဝါ ခပ်သိမ်းချမ်းသာကြပါစေ။ ဘေးမရှိကြပါစေနှင့်။  ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေ။  သက်ရှူရှိုက်သောသတ္တဝါအားလုံး၊ ထိတ် လန့်လွယ်သောသတ္တဝါအားလုံး၊ တည်ကြည်သော သတ္တဝါအားလုံး၊ ကိုယ်ခန္ဓာရှည်သောသတ္တဝါအားလုံး၊ ကြီးသောသတ္တဝါ၊ မတိုမရှည်မကြီးမငယ်အလယ် အလတ်ဖြစ်သောသတ္တဝါ၊ ပုသော၊ တိုသောသတ္တဝါ၊ ပိန်သောကြုံသောသတ္တဝါ၊ ဆူသောဖြိုးသောသတ္တဝါ၊ မျက်စိဖြင့်မြင်နိုင်သောသတ္တဝါ၊ မျက်စိဖြင့်မမြင်နိုင် သောသတ္တဝါ၊ အဝေးမှာရှိသောသတ္တဝါ၊ မနီးမဝေး မှာရှိသောသတ္တဝါ၊ ဖြစ်ပြီးသောသတ္တဝါ၊ နောင်ဖြစ် လတ္တံသောသတ္တဝါ၊ ဆိုခဲ့ပါသောသတ္တဝါအားလုံးသည် ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေကုန်သတည်း။

တစ်ယောက်နှင့်တစ်ယောက်အမျက်ဒေါသမထွက် ရာ၊ အလုပ်ကိစ္စ တစ်ခုခု နှင့် စပ်လျဉ်း၍ တစ်ယောက် ယောက်ကိုချုပ်ချယ်သောစကားမပြောရာ၊ မုန်းတီး သောစိတ်ဖြင့်အမှတ်မထားရာ၊ အနည်းငယ်မျှမထီမဲ့မြင် မထင် ကောင်း၊  အချင်းချင်းတစ်ယောက်နှင့် တစ်ယောက် ဆင်းရဲဒုက္ခ ကိုအလို မရှိသင့်ပေ။ အမိ သည် မိမိဝမ်း၌လွယ်၍မွေးရသော တစ်ဦးတည်း သောသားကို အသက်လောက်ချစ်မြတ်နိုး၍ အစဉ် မပြတ်စောင့်ရှောက် သည့်နည်းတူ သတ္တဝါအားလုံး တို့အပေါ်၌ အတိုင်းမသိကြီးမားသော မေတ္တာစိတ် ကိုပွားများရာ၏။

အထက်အောက်ဘေးဘီအရပ်မျက်နှာအားလုံး ၌ အကျဉ်းအမြောင်းမရှိ၊ အတွင်းရန်အပြင်ရန်မရှိ၊  အတိုင်းမသိမြတ်နိုးတတ်သော မေတ္တာစိတ်ကို ပွားများ  စေရာ၏။ အိပ်ငိုက်သောအခါမှ တစ်ပါး၊ မတ်တတ်ရပ်နေစဉ်ဖြစ်စေ၊ လမ်းလျှောက်သွားနေစဉ်ဖြစ်စေ၊  ထိုင်နေစဉ်ဖြစ်စေ၊ လဲလျောင်း နေစဉ်ဖြစ်စေအမြဲမပြတ်သတိချပ်လျက်မေတ္တာပို့နေရာ၏။ ယင်းသို့မေတ္တာစိတ်နှင့်အမြဲမပြတ်နေခြင်း၊ ထိုင်ခြင်းကို “မြတ် သောနေခြင်း” ဟူ၍ မြတ်ဘုရားဟောကြားသည်။

ဆက်လက်၍မှားသောအယူဝါဒကို  လက်မခံဘဲ ကိုယ်ကျင့်သီလရှိစေရာ၏။ မဂ်ဉာဏ်အမြင်နှင့်ပြည့်စုံ စေရာ၏။ ကိလေသာအာရုံကာမဂုဏ်တို့၌ တပ် မက်နှစ်သက်ခြင်းကို ပယ်ဖျောက်ရာ၏။ ဤသို့သော လူမျိုးသည် အမိဝမ်းတွင်း၌တစ်ဖန်ပဋိသန္ဓေမနေရ တော့ပေဟု မေတ္တသုတ်တွင် နိဂုံးထားဟောကြားခဲ့ သည်။

အထက်တွင်ဖော်ပြခဲ့သောမေတ္တသုတ္တန်သည် မေတ္တာဟူသောသတ္တဝါတို့၏ စီးပွားချမ်းသာကိုလိုလား သည့် “အဒေါသစေတသိက်” ပင်ဖြစ်သည်။ အေးမြသင်းပျံ့သည့်သဘောကို ဆောင်ယူသည်။ မေတ္တာဖြင့်တဏှာရာဂနှင့် ဒေါသကို ပယ်သတ်နိုင်သည်။ တစ်ပါး သော တရားအားထုတ်ခြင်းတို့သည် တစ်ဦးတစ်ယောက် အတွက်ကိုသာ အကျိုးပြုစေသည်။ မေတ္တာတရား သည်ကား မိမိ၊ သူတစ်ပါးနှစ်ရပ်လုံးအတွက် အကျိုးပြု သည်။ ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံ မေတ္တာဟူ၍ မေတ္တာသုံးပါးရှိရာ အဆုံးမရှိကျယ်ပြန့် ပြီး အဆုံးမရှိသော အကျိုးကိုရရှိစေသည်။

မြတ်စွာဘုရားသည် မေတ္တာတရားကို အခြေခံ သော ဗြဟ္မဝိဟာရတရား လေးပါးကိုလည်း ဟော ကြားတော်မူသည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရားလေးပါးသည် မြတ်သော အကျင့်ဖြစ်ပြီး မြင့်မြတ်ခြင်း၊ ဖြူစင်သန့်ရှင်းခြင်းကို ဆောင်သည်။ ဗြဟ္မဝိဟာရတရား တို့သည် လူသား တစ်ဦး၏ဘဝကို မြှင့်တင်ပေးနိုင်သည်။ လူ့ဘဝကို မြင့်မြတ်စေသည်။ သာမန်လူသားဘဝမှသည် ကြီးကျယ် မြင့်မြတ် သူဖြစ်စေနိုင်သည်။ လူတိုင်းလည်းဤတရား တို့ကို ပွားများနိုင်သည်။ ဘာသာရေး၊ အသား အရောင်၊ လူမျိုး၊ အဖိုအမ မခွဲခြားဘဲ အားလုံးသော ပုဂ္ဂိုလ်တို့အနေဖြင့် ဤတရားကိုပွားများမည်ဆိုလျှင် ဤကမ္ဘာလောကကြီးသည် ငြိမ်းချမ်းစွာမွေ့လျော် ဖွယ်ရာသုခဘုံဖြစ်လာမည်မှာ   အသေအချာပင် ဖြစ်သည်။

မေတ္တာ၏လက္ခဏာကား  အကျိုးလိုလားခြင်း  ဖြစ်သည်။ အကျိုးစီးပွားဆောင်ရွက်ခြင်းသည် မေတ္တာ၏ကိစ္စဖြစ်သည်။ မေတ္တာ၏သရုပ်သကန်မှာ ဒေါသ ကို ပယ်ပျောက်စေခြင်းဖြစ်သည်။ အကောင်းဘက်မှ ရှုမြင်ခြင်းသည် မေတ္တာနှင့်နီးစပ်လျက်ရှိသည်။ ကရုဏာ သည်ကား ဒုက္ခမှလွတ်မြောက်စေလိုသော သဘော ဖြစ်သည်။ ကရုဏာ၏ လက္ခဏာမှာ ဆင်းရဲဒုက္ခကို ပယ်ပျောက်ပေးခြင်းဖြစ်သည်။ သူတစ်ပါးတို့၏ ဆင်းရဲဒုက္ခကိုသည်းမခံနိုင်ခြင်းကိစ္စရှိသည်။ မညှဉ်း ဆဲလိုခြင်းသည် ကရုဏာ၏သရုပ်သကန်ဖြစ်သည်။

မုဒိတာသည်ဝမ်းမြောက်ခြင်းဖြစ်သည်။ သူတစ်ပါး တို့၏ရပြီးစည်းစိမ်ကို မပျက်စီးစေလိုခြင်း၊ တည်မြဲ စေလိုခြင်းသည် မုဒိတာ၏သဘောဖြစ်သည်။ မုဒိတာ သည်   မမွေ့လျော်ခြင်းကိုပယ်ဖျောက်ကြောင်း ဖြစ်သည်။ မမွေ့လျော်ခြင်းကင်းခြင်းသည် မုဒိတာ၏ ပြည့်စုံခြင်းပင်ဖြစ်သည်။ အမျက်မထွက်မှုသည် မုဒိတာ၏သရုပ်သကန်ဖြစ်သည်။ ဥပေက္ခာသည်ကား

ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ လာဘ်ရခြင်း၊ လာဘ်မရခြင်း၊ အခြံအရံအကျော်အစော ရရှိခြင်း၊ မရရှိခြင်းဟူသော လောကဓံတရားရှစ်ပါးနှင့် တွေ့ကြုံသောအခါ စိတ်ကိုအလယ် အလတ်ထား၍  မျှမျှတတရှုမြင်တတ်ခြင်းပင်ဖြစ်သည်။ချစ်ခြင်း၊ မုန်းခြင်း အစွန်းနှစ်ဖက်ကို ရှောင်ရှားနိုင်ခြင်း၊ ချစ်ခြင်း၊ မုန်းခြင်း မရှိခြင်းသည်  ဥပေက္ခာနှင့်ပြည့်စုံခြင်းဖြစ်သည်။

ဥပေက္ခာတွင် ရန်လိုမှုကိုငြိမ်းစေလိုသော သရုပ်သကန် ရှိသည်။ ထို့ကြောင့်မေတ္တာကိုအခြေခံလျက် ဗြဟ္မဝိ ဟာရတရားတို့နှင့်ပြည့်စုံအောင်  ကောင်းစွာထိန်းသိမ်း စောင့်ရှောက်အပ်သည်။

အချုပ်အားဖြင့် ဆိုရသော် မေတ္တာသည်သာ အေးငြိမ်းစေရာဖြစ်သည်။ ဝါခေါင်လပြည့်မေတ္တာ အခါတော်နေ့၏ ထူးခြားမွန်မြတ်မှုအရ မေတ္တာ ဘာဝနာ၏အစွမ်းထက်ပုံ၊ အကျိုးပြုပုံများကို သိရှိ ပြီး မေတ္တာပွားများကာ   ဗြဟ္မစိုရ်တရားလေးပါးနှင့် အညီ ကျင့်ကြံကြမည်ဆိုပါလျှင် နေရာဌာနအသီးသီး တို့၌ ငြိမ်းချမ်းသာယာမှုအပေါင်းခညောင်းစေမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။   ။

လင်းအာရုဏ်ဦး(ပဲခူး)