ယဉ်ကျေးလိမ္မာ မြန်မာ့အနုပညာ
“ယဉ်ကျေးလိမ္မာ မြန်မာ့အနုပညာ”အစီ အစဉ်သည် ပညာရေးဝန်ကြီးဌာန၊ မန္တလေး တိုင်းဒေသကြီးအစိုးရနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန တို့ ပူးပေါင်းညှိနှိုင်း၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ တွင် ဂီတ၊ သဘင်၊ ပန်းချီအနုသုခုမပညာရပ်တွေကို လက်ဆင့် ကမ်းမျှဝေ ပေးသောအစီအစဉ်ဖြစ်သည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ မူဝါဒတစ်ခုမှာ “နိုင်ငံသား အားလုံးကိုယ်ကျင့် တရားကောင်းမွန်ပြီး ယဉ်ကျေးသိမ်မွေ့သော လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ထွန်းပေါ်ပေါက် လာစေရေး စီမံဆောင်ရွက်ရန်” ဖြစ်၏။ အမျိုး သားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆောင်ရွက်ရန် လုပ်ငန်းစဉ်များတွင်”တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် အခြေခံပညာသင်ကျောင်းများတွင် မြန်မာ့သုခုမအနုပညာများ (သဘင်၊ ဂီတ၊ ပန်းချီ) တိုးတက်ပြန့်ပွားထိန်းသိမ်းနိုင်ရေးအတွက် ယဉ်ကျေးလိမ္မာမြန်မာ့အနုပညာ အစီအစဉ်ကို သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့်အခြေခံပညာကျောင်းများနှင့်ပူးပေါင်း မြှင့်တင် ဆောင်ရွက်ရန်ဟု ထည့်သွင်းရေးဆွဲ ထားသည်။ ဤမူဝါဒနှင့်လုပ်ငန်း စဉ်တို့အရ ယဉ်ကျေးလိမ္မာမြန်မာ့အနုပညာအစီအစဉ် ပေါ်ပေါက်လာရ သည်။
ဤအစီအစဉ်ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၅ ရက်က မန္တလေးတိုင်း ဒေသကြီး မြို့တော် ခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မန္တလေးတိုင်း ဒေသကြီး ပညာရေးမှူး၊ ခရိုင်^မြို့နယ်ပညာရေးမှူးများ၊ အခြေခံ ပညာ ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မှ ပါမောက္ခချုပ်၊ဒုတိယပါမောက္ခ ချုပ်နှင့် တာဝန်ရှိသူများတက်ရောက် ခဲ့ကြ သည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက “ယဉ်ကျေးမှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံလူမျိုးတစ်မျိုး၏ အဆင့်အတန်းကို တိုင်းတာသည့် ပြဒါးတိုင်ဖြစ်ကြောင်း၊ ယနေ့မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုပြဒါးအမှတ်သည် နိမ့်ကျနေပြီဖြစ်ကြောင်း၊ ဒီ့ထက်နိမ့်ကျ သွားလျှင် ယဉ်ကျေးမှု ပျောက်ကွယ် သွားနိုင် ကြောင်း၊ ယဉ်ကျေးမှုပျောက်ခြင်းမှာ လူမျိုး ပျောက်ခြင်းပင်ဖြစ်ကြောင်း၊ ယဉ်ကျေးမှု အပျောက်မခံနိုင်ပါကြောင်း၊ ယဉ်ကျေးမှုကွယ် ပျောက်စေသော အဓိကအကြောင်းတရား နှစ်ခုမှာ မသမာသူတွေက ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းနှင့် ပြင်ပကစီးဝင် လာသော ယဉ်ကျေးမှုတွေကို ဆင်ခြင်တုံတရားကင်းမဲ့စွာ အထင်ကြီး လက်ခံကြခြင်းတို့ဖြစ်ကြောင်း၊ ဒီအန္တရာယ်တွေကိုကာကွယ်နိုင်သော တစ်ခုတည်းသောနည်းလမ်းမှာ မိမိတို့၏ယဉ်ကျေးမှု ကိုယ်ခံအားကောင်းဖို့၊ ယဉ်ကျေးမှုခံတပ်ကြီး ခိုင်မာတောင့်တင်းဖို့ဖြစ်ကြောင်း” ပြောကြား သွားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ဆက်လက်၍ “အနာဂတ်မျိုးဆက်သစ်လူငယ် တွေဖြစ်သော ကျောင်းသား၊ ကျောင်းသူများ၏ ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားသော စိတ် သည် အလွန်အရေးကြီးပါကြောင်း၊ ယနေ့ လူငယ် နောင်ဝယ်လူကြီးဆိုသောစကားနှင့်အညီ ယနေ့ခေတ်လူငယ်များ သည် အနာဂတ် ၏ခေါင်းဆောင်တွေဖြစ်သောကြောင့် ပညာရေးအဆင့်မြင့် မားမှုနှင့်အတူ အမျိုးသားရေး လက္ခဏာတွေမကွယ်ပျောက်စေဘဲ ယဉ်ကျေးမှုကိုယ်ခံအားကောင်းလာစေရေးကို ရည်မှန်းပြီး ဤအစီအစဉ်ကို ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်း၊ လက်ဆင့်ကမ်းမျှဝေပေးမယ့် အမျိုး သားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် အမွေဆက်ခံယူကြမည့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရရှိလာသော အခွင့်အလမ်းကိုအကျိုးရှိရှိ အသုံးချသွားကြစေလိုကြောင်း”တိုက်တွန်းမှာကြားသွားခဲ့သည်။
“ယဉ်ကျေးလိမ္မာမြန်မာ့အနုပညာ” အစီအစဉ်ကို မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်း ခြောက်ကျောင်း၌ သြဂုတ် ၉ ရက်တွင် စတင်မည်ဖြစ်သည်။
ဘာသာရပ်တိုင်းကိုပို့ချခြင်း၊ သရုပ်ပြခြင်း၊ ဖျော်ဖြေတင်ဆက်ခြင်းနည်းဖြင့် လက်ဆင့်ကမ်းပေးသွားမည်ဖြစ်သည်။ ဂီတနှင့်သဘင် အဖွဲ့တို့တွင် အဖွဲ့ခေါင်းဆောင်တစ်ဦး၊ ဟောပြောပို့ချမည့်ဆရာတစ်ဦး၊ သရုပ်ပြ ဖျော်ဖြေမည့်(မျိုးယဉ်နုတက္ကသိုလ်တက်ဆဲ) ကျောင်းသား၊ ကျောင်းသူရှစ်ဦးစီဖွဲ့စည်းပေး ထားသည်။ ပန်းချီအဖွဲ့တွင် ခေါင်းဆောင် တစ်ဦး၊ ပို့ချမည့်ဆရာတစ်ဦး၊ သရုပ်ပြရေးဆွဲ မည့်(မျိုးယဉ်နုတက္ကသိုလ်မှ) ကျောင်းသား၊ ကျောင်းသူသုံးဦးပါဝင်သည်။ ထို့ပြင် ရုပ်ရှင် နှင့်ပြဇာတ် ဌာနမှ ဆရာ၊ ဆရာမနှစ်ဦးနှင့်ကျောင်းသား၊ ကျောင်းသူသုံးဦးတို့ က တင်ဆက် မှုများကို ဗီဒီယိုဖြင့် မှတ်တမ်းတင်ရိုက်ကူး ပေးဦးမည်ဖြစ်သည်။
မြန်မာ့လူ့ဘောင်အဖွဲ့အစည်း၏ ကိုယ် ကျင့်တရားနှင့်ယဉ်ကျေးမှုသည် ဗုဒ္ဓ၏ အဆုံး အမနှင့်ရဟန်းပညာရှိ၊ လူပညာရှိတို့၏ မေတ္တာစာ၊ ဆုံးမစာများအပေါ်တွင်အခြေခံ သည်။ သာသနာရေးဘက်ကမျိုးဆက်သစ်လူငယ်ကလေးတွေကို ယဉ်ကျေးလိမ္မာ သင်တန်း၊ ၃၈ ဖြာမင်္ဂလာသင်တန်းတွေဖွင့်လှစ်ပေးနေသည်။ ယဉ်ကျေးမှုဘက် ကလည်း မျိုးဆက်သစ်လူငယ်ကလေးတွေကို အနုသုခုမပညာရပ်တွေနှင့် မိတ်ဆက်ပေးခြင်း ဖြင့် နူးညံ့သိမ်မွေ့သောနှလုံးသား ပိုင်ရှင် လူငယ်လေးတွေ၊ ရိုးရာအနုပညာအမွေကို ချစ်မြတ်နိုးသည့် လူငယ်ကလေးတွေဖြစ်လာမည်ဟု ယုံကြည်မိပါကြောင်း။ ။