ရုရှား၏လွှမ်းမိုးမှု တန်ပြန်ရေးအဖြစ် ထွက်ပေါ်လာသည့် အန်တိုနီဘလင်ကန်၏ တောင်အာဖရိက ခရီးစဉ်

ရုရှား၏လွှမ်းမိုးမှု တန်ပြန်ရေးအဖြစ် ထွက်ပေါ်လာသည့် အန်တိုနီဘလင်ကန်၏ တောင်အာဖရိက ခရီးစဉ်

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင် ကန်သည်     အာဖရိကခရီးစဉ်၏ ပထမဆုံးခရီးစဉ် အဖြစ် တောင်အာဖရိကနိုင်ငံသို့ သြဂုတ် ၇ ရက်က ရောက်ရှိလာသည်။  ဘလင်ကန်သည်   ဂျိုးဘိုင်ဒင် အစိုးရ၏ သံတမန်ဆက်ဆံမှု တိုးမြှင့်ရေး ခရီးစဉ်အဖြစ် အဆိုပါနိုင်ငံများသို့ ရောက်ရှိလာခြင်း ဖြစ်သော်လည်း စင်စစ်တွင် အာဖရိကတိုက်ရှိ ရုရှားလွှမ်းမိုးမှုကို တန်ပြန်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်သည်။ ဘလင်ကန်၏ အဆိုပါခရီးစဉ်သည် ပြီးခဲ့သည့် လအတွင်းက ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့၏ ခရီးစဉ်အပြီး တစ်ဆက်တည်း ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ ဘလင်ကန်သည် နောက်ပိုင်းတွင် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံနှင့်  ရဝမ်ဒါသို့  ဆက်လက်ထွက်ခွာ မည်ဖြစ်သည်။

ဘလင်ကန်  ပထမဆုံး ခရီးစဉ်အဖြစ်  သွားရောက်သည့် တောင်အာဖရိကနိုင်ငံသည် လက်ရှိတွင် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ဦးဆောင်နိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။ ယင်းနိုင်ငံသည် လက်ရှိဖြစ်ပွားနေသည့် ရုရှား-ယူကရိန်းပဋိပက္ခတွင်လည်း  ဘက်လိုက်ခြင်းမရှိဘဲ ကြားနေနိုင်ငံအဖြစ် ရပ်တည်နေသည့် နိုင်ငံဖြစ်သည်။

ထို့ပြင် အဆိုပါပဋိပက္ခနှင့်စပ်လျဉ်း၍ ရုရှားနိုင်ငံအား   ပြစ်တင်ဝေဖန်ရန်   အနောက်နိုင်ငံများ၏ တောင်းဆိုချက်ကို တောင်အာဖရိကအစိုးရက လိုက်နာရန် ငြင်းဆိုခဲ့သည့် နိုင်ငံဖြစ်သည်။ ထို့ကြောင့် တောင်အာဖရိကနိုင်ငံသည်  အမေရိကန်အစိုးရ အနေဖြင့် သတိထားဆက်ဆံရမည့်  နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု လည်း ဆိုနိုင်သည်။

အာဖရိကဒေသ  သို့မဟုတ်  အာဖရိကတိုက်ရှိ နိုင်ငံများသည် ယခုအခါ အမေရိကန်က အရေးတယူ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်ဟု ခံယူထားသော ကိစ္စရပ်များအတွက် ပထဝီနိုင်ငံရေးအရ အရေးပါလာသည့် နိုင်ငံများအဖြစ် အမေရိကန်အစိုးရက ယူဆ ထားသည်။

အရေးတယူ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည့် ကိစ္စရပ်များတွင် နိုင်ငံတကာ နိုင်ငံရေးစနစ်ကို တည်ငြိမ်စွာ ဆက်လက် ထိန်းသိမ်းထားနိုင်ရေး၊ ရာသီဥတုပြောင်းလဲ မှုလျှော့ချရေး၊  စားနပ်ရိက္ခာ ဖူလုံရေးနှင့်  တစ်ကမ္ဘာလုံးဆိုင်ရာ  ရောဂါကူးစက်မှု ဖြစ်ပွားခြင်းကို  တုံ့ပြန် ဖြေရှင်းရေးတို့ ပါဝင်သည်။ အဆိုပါ ကိစ္စရပ်များအနက် အမေရိကန်အတွက် အရေးအကြီးဆုံးသော ကိစ္စရပ်မှာ အာဖရိက နိုင်ငံများအပေါ် ရုရှားနိုင်ငံက လွှမ်းမိုးမှု မရှိစေရေးပင်ဖြစ်သည်။

တောင်အာဖရိကနိုင်ငံသည် ယခုအခါ အာဖရိကဒေသ၌  သံတမန်ရေးအရ လွှမ်းမိုးမှုကို  ချဲ့ထွင်လာ နိုင်ခဲ့သည့်အပြင် ရုရှားအပါအဝင် တခြားအင်အားကြီး နိုင်ငံများနှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်နေသည့် BRICS  အဖွဲ့တွင်လည်း တက်ကြွစွာပါဝင် လုပ်ဆောင်လျက်ရှိသည်။   BRICS  အဖွဲ့တွင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊  တရုတ်နှင့်  တောင်အာဖရိကနိုင်ငံတို့ ပါဝင်သည်။ အနောက်အင်အားကြီး နိုင်ငံများက ကမ္ဘာပေါ်ရှိ  တခြားနိုင်ငံများအပေါ်  ပိတ်ဆို့မှုများ ချမှတ်လာချိန်တွင် BRICS အဖွဲ့အနေဖြင့် ပူးပေါင်းလုပ်ဆောင်ကြရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က ယခုနှစ်ဇွန်လအတွင်းက တောင်းဆိုခဲ့သည်။ ထို့ပြင် ရုရှားနိုင်ငံမှ အဖွဲ့ဝင် နိုင်ငံများဖြစ်သည့်  တရုတ်နှင့်  အိန္ဒိယနိုင်ငံတို့သို့   တင်ပို့နေသည့်   ရေနံပမာဏကို တိုးမြှင့်၍ စိုက်ပျိုးရေးကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှုကိုလည်း ဆက်လက်တိုးမြှင့် လုပ်ဆောင်မည်ဟု သမ္မတပူတင်က ဆိုသည်။ အဓိကအားဖြင့် အမေရိကန် ဦးဆောင်သည့်  အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုနှင့်  ရင်ဆိုင်နေရစဉ် ရုရှားနိုင်ငံအနေဖြင့် တခြားအင်အားကြီး နိုင်ငံများနှင့်   ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

တောင်အာဖရိကသို့ လာရောက်သည့် ဘလင်ကန်၏ ခရီးစဉ်သည် ယင်းနိုင်ငံကို အမေရိကန် ဦးဆောင်သည့် အုပ်စုအတွင်းသို့ သွတ်သွင်းရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု တချို့ကျွမ်းကျင်သူများက သုံးသပ်ထားသည်။သို့သော် လက်တွေ့တွင် အဆိုပါ ခရီးစဉ်သည် တောင် အာဖရိက၏ ရပ်တည်ချက်ကို အမေရိကန်က နားလည် သဘောပေါက်စေရန် များစွာ အထောက်အကူပြုနိုင်ဖွယ် ရှိသည်ဟု ပရစ်တိုးရီးယားမြို့ အခြေစိုက် လုံခြုံရေး ဆိုင်ရာလေ့လာမှု အဖွဲ့ကြီးတစ်ခုမှ   ကျွမ်းကျင်သူ ဒေါက်တာဖွန်တေအာကွန်က သုံးသပ်ထားသည်။

ယခုအာဖရိကခရီးစဉ်သည် ဘလင်ကန်၏ ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်သည်။ ၎င်းင်းသည် ပြီးခဲ့သည့် နှစ်နိုဝင်ဘာလ အတွင်းက နိုက်ဂျီးရီးယား၊ ဆီနီဂေါနှင့် ကင်ညာနိုင်ငံတို့သို့ သွားရောက်ခဲ့သည်။ ယခု တောင် အာဖရိကသို့ လာရောက်သည့် ခရီးစဉ်တွင် ဘလင်ကန်အနေဖြင့် အဓိကရည်မှန်းချက် နှစ်ရပ်ရှိသည်ကို တွေ့ရ မည်ဖြစ်သည်။ အဓိက ရည်မှန်းချက်များအနက် တစ်ရပ်မှာ   ဘလင်ကန်အနေဖြင့်   တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီး နာလေဒီပန်ဒေါနှင့် မဟာဗျူဟာ မြောက် တွေ့ဆုံဆွေးနွေးမှုများကို လုပ်ဆောင်ရန်ဖြစ်ပြီး  တခြားတစ်ရပ်မှာ   တောင်အာဖရိကနိုင်ငံသို့ ရောက်ရှိနေစဉ် အမေရိကန်အစိုးရ၏ အာဖရိကနိုင်ငံ များအပေါ်ထားရှိသည့်  မဟာဗျူဟာကို  တရားဝင် ထုတ်ဖော်ပြောကြားခြင်းပင် ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရပါမူ အမေရိကန်အစိုးရ၏ အာဖရိကဒေသအပေါ် ထားရှိသည့် မဟာဗျူဟာကို ဖော်ပြရာတွင် တောင်အာဖရိက နိုင်ငံသည် အသင့်လျော်ဆုံးသော နေရာဒေသ တစ်ခုဖြစ်သောကြောင့်ပင် ဖြစ်သည်။   သို့သော်  အမေရိကန် အစိုးရအနေဖြင့် များစွာကြိုးပမ်း လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်သည်။ အကြောင်းမှာ တောင်အာဖရိကနိုင်ငံနှင့်  အမေရိကန်တို့ကြား ဆက်ဆံရေးသည် နက်နဲရှုပ်ထွေးလျက် ရှိသောကြောင့်ဖြစ်သည်။

နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ဆက်ဆံရေးများကို   အမေရိကန်သမ္မတ   ဘားရက်အိုဘားမားနှင့် တောင်အာဖရိကသမ္မတ  ဂျက်ကော့ဇူးမားတို့ လက်ထက်  ၂၀၁၀ ပြည့်နှစ်အတွင်းက  စတင်ခဲ့သည်။သို့သော်  အမေရိကန်၌  ဒေါ်နယ်ထရမ့်   သမ္မတ အဖြစ် တက်ရောက်လာပြီးနောက် အဆိုပါနှစ်နိုင်ငံကြား တွေ့ဆုံဆွေးနွေးပွဲများကို ရပ်ဆိုင်းပစ်ခဲ့သည်။

စင်စစ်တွင်  ဒေါ်နယ်ထရမ့်သည်  အမေရိကန်-တောင်အာဖရိက ဆက်ဆံရေးကို စိတ်ဝင်တစား မရှိလှပေ။  ထို့ပြင် ယခင် အိုဘားမား အစိုးရလက်ထက်က ကတိကဝတ်ပြုထားသည့် ရာသီဥတု ပြောင်းလဲလာမှု လျှော့ချရေးအတွက်   ရန်ပုံငွေထောက်ပံ့မည့် အစီအစဉ်ကိုပါ  ရပ်ဆိုင်းပစ်ခဲ့သည်။   အဆိုပါရန်ပုံငွေ ပေးအပ်ရေး အစီအစဉ်သည်  ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ခဲ့ရသည့် တောင်အာဖရိကနှင့် တခြား နိုင်ငံများကို အကူအညီပေးအပ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ဒေါ်နယ်ထရမ့်၏  အဆိုပါ လုပ်ဆောင်ချက်သည် တောင်အာဖရိက နိုင်ငံအတွင်း အံ့သြတုန်လှုပ်ခြင်းများ ဖြစ်ပေါ်စေခဲ့သည်။

ထို့ကြောင့် လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဒေါ်နယ်ထရမ့်၏ လုပ်ဆောင်ချက်အများအပြားကို  ပြန်လည်ပြုပြင် ပြောင်းလဲခဲ့ရသည်။  သို့သော် တောင်အာဖရိကနိုင်ငံအတွက်   အမေရိကန်အပေါ် မည်မျှအားကိုးအားထား ပြုနိုင်သည်ဟူသော အချက်မှာ   မေးခွန်းထုတ်စရာဖြစ်လာသည်။   ထို့ကြောင့် အမေရိကန်အစိုးရအနေဖြင့် အာဖရိကဒေသရှိ ရုရှား၏ လွှမ်းမိုးမှုကို  တန်ပြန်နိုင်ရေးအတွက်   ဒေသတွင်း ဦးဆောင်နိုင်ငံအဖြစ်  ရပ်တည်နေသည့်  တောင်အာဖရိကသို့  ဘလင်ကန်ကို  ဦးစွာ စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။      ။                    

Ref: Theconversation,ST