ပင်လယ်ထွက်ကုန် သဘာဝဂျင်းများ ဈေးကောင်း ရရှိသဖြင့် တစ်နိုင်တစ်ပိုင် ဂျင်းမွေးမြူသူများနှင့် ဝယ်ယူရောင်းချသူများ အဆင်ပြေ

ပင်လယ်ထွက်ကုန် သဘာဝဂျင်းများ ဈေးကောင်း ရရှိသဖြင့် တစ်နိုင်တစ်ပိုင် ဂျင်းမွေးမြူသူများနှင့် ဝယ်ယူရောင်းချသူများ အဆင်ပြေ

တနင်္သာရီတိုင်းဒေသကြီး  မြိတ်ခရိုင် ကျွန်းစုမြို့နယ် ဒေသတွင်းမှ ပင်လယ်ထွက် ကုန်သဘာဝဂျင်းများ  ဈေးကောင်းရရှိသဖြင့် ဂျင်းကောက်သူများ၊ တစ်နိုင်တစ် ပိုင်မွေးမြူသူများနှင့် ဝယ်ယူရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း ကျွန်းစု မြို့နယ်ဒေသတွင်းမှ ဂျင်းကောက်၊ ဂျင်း မွေးမြူရေး လုပ်သူများနှင့် မြိတ်မြို့ရှိ ဂျင်း အဝယ်ဒိုင်များမှ သိရသည်။

ပင်လယ်ထွက်ကုန်  တစ်မျိုးဖြစ်သော သဘာဝဂျင်းများသည် ဒီရေတောများ ပေါက်ရောက်ရာ  ပင်လယ်ကမ်းခြေနှင့်    မြစ်ကမ်းစပ် တစ်လျှောက်တို့တွင် သဘာဝအလျောက် ပေါက်ပွားလာသည့် ပင်လယ်ရေသတ္တဝါ တစ်မျိုးဖြစ်ပြီး    ပုံ သဏ္ဌာန်မှာ လုံးဝန်း၍ အရွယ်အစားအားဖြင့်   တစ်လက်မခန့်သာရှိကာ   ဂျင်းထီး (ဂျင်းခေါင်းဖြူ)၊ ဂျင်းမ၊ ဂျင်းတူး၊ ဂျင်းသား ပေါက်စသည်ဖြင့် ဂျင်းအမျိုးအစားပေါ် မူတည်၍ အရွယ်အစား အနည်းငယ်ကွာဟ မှု ရှိကြောင်း သိရသည်။

လက်ရှိတွင်  ဂျင်းတစ်ကီလိုလျှင် မြိတ်ဒေသပေါက်ဈေး ငွေကျပ် ၄၀၀၀ ရရှိနေ ပြီး အရွယ်အစားပိုကြီးသည့် ဂျင်းမမျိုးနှင့် ဂျင်းထီး (ဂျင်းခေါင်းဖြူ) မျိုးတို့မှာ တစ် ကီလိုလျှင် ငွေကျပ် ၄၀၀၀ ကျော်အထိ ရရှိသည်။

“ဂျင်းက  ကီလိုနဲ့ရောင်းရတာပါ။တစ်ကီလိုကို  ငွေကျပ်  ၄၀၀၀  ရပါတယ်။ ကျွန်တော်တို့က ပင်လယ်ကမ်းစပ်မှာ တွေ့ရှိတဲ့ သဘာဝဂျင်းတွေကို ဒေသတွင်းဂျင်း ဝယ်သူတွေနဲ့  မြိတ်ဘက်က  အဝယ်ဒိုင် တွေဆီ  ပြန်ရောင်းချတာပါ။  တစ်ရက်ကို အနည်းဆုံး ဂျင်း ၁၀ ကီလိုနဲ့ အများဆုံး ကီလို ၂၀ လောက်တော့  ကောက်လို့ရ တယ်" ဟု ကျွန်းစုမြို့နယ် ကျေးရွာဒေသ ဘက်မှ  သဘာဝဂျင်းကောက်ယူရောင်းချ နေသူတစ်ဦးကပြောသည်။

ပင်လယ်ထွက်ကုန်  သဘာဝဂျင်းများ သည် ကျွန်းစုမြို့နယ်ဒေသဘက်မှ အများ ဆုံးထွက်ရှိပြီး မြစ်ကမ်းစပ်တစ်လျှောက် သဘာဝအလျောက်တွေ့ရှိသော ဂျင်းများ ကို ကောက်ယူရောင်းချသူများနှင့် တချို့မှာ   တစ်နိုင်တစ်ပိုင်   ဂျင်းမွေးမြူရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်ကြသည်။ ဂျင်းတစ်ကီလိုတွင်  ဂျင်းကောင်အလုံး အရွယ်အစားအလိုက်  ဂျင်းကောင်အလုံး ၄၀ ခန့်မှ ၅၀ အထိ ပါရှိသည်။

ကျွန်းစုမြို့နယ်ဒေသတွင်းမှ ထွက်ရှိသော သဘာဝဂျင်းများကို ဒေသတွင်းဝယ် လက်များနှင့် မြိတ်မြို့ ဂျင်းအဝယ်ဒိုင်များသို့ တင်ပို့ရောင်းချကြကာ မြိတ်မြို့မှ ဂျင်း ဝယ်ယူရောင်းချသူများသည် ဂျင်းများကို မောတောင်မြို့နှင့် ထိုင်းနိုင်ငံ ရနောင်းမြို့ တို့မှ ဂျင်းအဝယ်ဒိုင်ဖောက်သည်ကြီးများ ထံ  တစ်ဆင့်ပြန်လည်တင်ပို့ရောင်းချကြကြောင်း၊   ပင်လယ်ရေထွက်ကုန် သဘာ၀ဂျင်းများကို ကျွန်းစုမြို့နယ်ဒေသတွင်းရှိ ရေကန်တောင်၊   ရေအေး၊   ကလိန်ဘဲ၊  မင်းချမ်းတောင်၊ မအိုင်၊ ကတန်နှင့် ပရည် ကျွန်း စသည့်ပင်လယ်ကမ်းစပ်ရှိ ကျေးရွာ ဒေသတို့ဘက်မှ   အဓိကထွက်ရှိကြောင်း  သိရသည်။