ဒီဂျောင်း ပီကေး လင်းဂလက်နှင့် ဂိုးသမား တာစတီဂန်တို့ကို စာချုပ်သစ် ပြန်လည်ပြင်ဆင် မချုပ်ဆိုပါက တရားစွဲဆိုမည်ဖြစ်ကြောင်း ဘာစီလိုနာ အသင်း သတိပေး

ဒီဂျောင်း ပီကေး လင်းဂလက်နှင့် ဂိုးသမား တာစတီဂန်တို့ကို စာချုပ်သစ် ပြန်လည်ပြင်ဆင် မချုပ်ဆိုပါက တရားစွဲဆိုမည်ဖြစ်ကြောင်း ဘာစီလိုနာ အသင်း သတိပေး

ဘာစီလိုနာအသင်းက အသင်းမှ ဝါရင့်ကစားသမား ပီကေးအပါအဝင် ဒီဂျောင်း၊ လင်းဂလက်နှင့် ဂိုးသမား တာစတီဂန်တို့ကို စာချုပ်သစ်များ ပြန်လည်ပြင်ဆင် မချုပ်ဆိုပါက တရားစွဲဆိုမှုများပြုလုပ်မည်ဟု သတိပေးခဲ့ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည်  လက်ရှိတွင်  အသင်းဘဏ္ဍာရေး အကျပ်အတည်းများကြောင့် အသစ်ခေါ်ယူ ထားသည့် ကစားသမားများကို ကစားသမားစာရင်း မှတ်ပုံတင်သွင်းနိုင်ရန် အသင်းအသုံးစရိတ်လျှော့ချရန် လိုအပ်နေသည့်အတွက်  ကစားသမားများကို လုပ်ခလစာလျှော့ယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ပီကေး၊ ဒီဂျောင်း၊ တာစတီဂန်နှင့်  လင်းဂလက်တို့ကို  အသင်းဥက္ကဋ္ဌဟောင်း   ဘာတိုမြူတာဝန်ယူ ကိုင်တွယ်စဉ်က သက်တမ်းတိုး စာချုပ်များချုပ်ဆိုခဲ့ ခြင်းဖြစ်သည်။

သက်တမ်းတိုး စာချုပ်ချုပ်ဆိုမှုများအရ  ပီကေးသည် ၂၀၂၄ ခုနှစ်အထိ လည်းကောင်း၊ တာစတီဂန်က ၂၀၂၅ ခုနှစ်အထိ လည်းကောင်း၊ ဒီဂျောင်းနှင့်လင်း ဂလက်တို့က ၂၀၂၆ ခုနှစ်အထိ လည်းကောင်း ချုပ်ဆို ခဲ့ကြပြီး အဆိုပါစာချုပ် ကာလအတွင်း ဘာစီလိုနာ အသင်းအနေဖြင့်   အဆိုပါကစားသမား လေးဦးကို စတာလင်ပေါင်  ၂၆၃  သန်း ပေးချေရမည့် အနေအထားတွင် ရှိနေခြင်းဖြစ်သည်။

လက်ရှိ ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက အဆိုပါကစားသမား လေးဦးနှင့် ချုပ်ဆိုထားသည့် စာချုပ်များမှာ တရားမဝင်သည့် အချက်များ ပါရှိနေသည်ဟု စွပ်စွဲခဲ့ကာ  လုပ်ခလစာများ  လျှော့ယူပြီး  စာချုပ်သစ်များကို ပြန်လည်ပြင်ဆင် ချုပ်ဆိုရမည်ဟု  သတိပေးခဲ့ပြီး ငြင်းဆန်သူများကို တရားစွဲဆိုမည်ဟု  သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။