ကတ္တရီခတ္တာ ပင်တိုင်းဖြာသား နံကာဆန်းစ ဝါခေါင်လ

ကတ္တရီခတ္တာ ပင်တိုင်းဖြာသား နံကာဆန်းစ ဝါခေါင်လ

ကျောက်စာတို့၌ နံကာဟု အရေးများသော ဝါတွင်းသုံးလ၏ အလယ်ဟု အဓိပ္ပာယ် ကောက်ယူနိုင်သော ဝါခေါင်လသည် စာရေးတံမဲပွဲနှင့် ယှဉ်သောလရာသီဖြစ်သည်။ နွေဦးမှသည် နွေနိဂုံးတိုင်ခဲ့ပြီးသည်၏နောက် မိုးဦးကိုလွန်ကာ မိုးလယ်ကာလသို့ပင်ရောက်ခဲ့ပြန်လေပြီ။ တန်ခူးရေကုန် ကဆုန်ရေခန်းပြီးသော်နယုန်မိုးသေး မြက်သားမွေးပြီးသကာလ ရေဖောင်ဖောင်ရေကြီးတတ်သော ဝါဆိုဝါခေါင်တွင် မိုးရေမိုးစက်တို့   ချောင်းရိုးမြောင်းရိုးတစ်လျှောက် တသွင်သွင်စီးလေပြီ။

ဝါခေါင်လသည် ဝသန်ခါမီ မိုးရာသီပီပီ မိုးသားမိုးတိမ်တို့ ညိုမှောင်အုံ့ပျနေသော လွမ်းဖွယ်ရာသီလည်းဖြစ်သည်။ ဖူးသွယ်ညိုစိမ်းမြလေ၊ စုံခြေပျံရှား၊ရွှေသားစီစီ၊ ကတ္တရီခတ္တာ၊ ခက်ဖြာရွှန်းရွှန်း၊ လရောင်ထွန်းသား၊ လှည့်ဝန်းပတ်ပတ်၊ များနက္ခတ်နှင့် ကြွေလွှတ်မိုးပွင့်တိမ်သားဆင့်သော ရာသီဟု ဝန်ကြီးပဒေသရာဇာ၏ ဝါခေါင်လဘွဲ့က ပြဆိုနေသည်။

ရာသီသဘာဝအရ ဆွတ်ပျံ့ဖွယ်အခင်းကို ခပင်းငယ်ကြည်းရေ၊ သာစွထွေမူ၊ မြူရွှေတစ်ကြော၊ ကမ်းကြွေစောလို့ ဒိုက်မျောငယ်သုန်သုန်၊ ငှက်တောင်စုံဆဲမို့ ဟူသော အဖွဲ့ကိုမူ ကုန်းဘောင်ခေတ်စာဆို လူဦးမင်း၏ သိဟ်ရာသီ ဝါခေါင်လဘွဲ့ လေးချိုးကြီးတွင်တွေ့ရှိရသည်။

ခေတ်ပြိုင်စာဆို ဖိုးသူတော်ဦးမင်းကလည်း လတ်လတ်သာရှိမ်းတော့တယ်၊ ဖလ်စိမ်းခုံသာလျှင်၊ ဘုံညာဖော်ရွှေဆိုင်က၊ ခွေယိုင်ငယ်ကြည်နူးအောင်၊ ရည်စူးမာန်ဂုဏ်နှင့် အမ္ဗုန်ဆွေဆင်မျိုးသာလှ မင်ခိုးနယ် ဟု ဝါခေါင်လ၏ ရာသီပန်းချီကို ဖော်ကျူးသည်။

ဤမျှဂုဏ်တင့်သော ဝါခေါင်လပါပေ။ ပန်းနှင့်ရာသီ၊ရာသီနှင့်ပန်းကား လောကအလှတစ်ရပ်ဖြစ်သည်။ ရာသီမသိ ပန်းနှင့်ညှိ ဆိုရိုးအတိုင်းခတ္တာငုံပန်းနှစ်ဆင့်ငယ်နှင့် လှမ်းလင့်လို့ရွာအဝင် အစချီ ငယ်စဉ်က ကျက်မှတ်ခဲ့သည့် ကဗျာလေးမှ ခတ္တာပန်းတို့ကို ပြန်တွေးမိတိုင်းဝါခေါင်လရောက်ပြန်ပေါ့တကားဟူသော သံဝေဂအတွေ့က ရင်ဝယ်စိုးမိုးလာချေသည်။ ပန်းကံ့ကော် ရွှေစံကား၊ ငွေသားနုစံပယ်မှန်၊ မုလေးခတ္တာနှင့် ရွှေရင်းမာကြာခဝဲ၊ ဖွဲစနှင်းလျှံ အစချီ ဆယ့်နှစ်ရာသီ  ပန်းလေးဆစ်ကလေးမှာလည်း စိတ်ဝယ်တစ်ရေးနိုးလာပြန်သည်။ စပ်ဆိုသူ ကင်းဝန်မင်းကြီး၏ ကျေးဇူးကြောင့် အနှီကဗျာလေးကို မှတ်သားထားရုံဖြင့် ရာသီနှင့်ပန်းသည် တန်းတန်းမတ်မတ်နှလုံးသားဝယ် စွဲမြဲနေပါတော့သည်။

ခတ္တာသည် ဂမုန်းမျိုးတွင် ပါဝင်သောကြောင့် ယင်းကို ဂမုန်းခတ္တာဟုလည်းခေါ်သည်။ လက်ဝါးခန့်ရှည်ဝန်းသော အရွက်ရှိ၍ အရွက်နားလက်တစ်လုံး ခန့်နီသည်။ ဆွေးမြည့်သောမြေနှင့် ကျောက်မြေတို့တွင်ပေါက်၍   ဥမှာကြက်ဥအရွယ်ခန့်ရှိသည်။

အကြောင်၊ အနီ၊ အနက်၊ အဖြူ၊ အရွှေဟူ၍ အရောင်လိုက်ကာ အမျိုးမျိုးခေါ်ကြသည်။ ကိုယ်ရံကြီးနှင့်လည်းကောင်း၊ လေးကျွန်းကြာခိုင်နှင့်လည်းကောင်းတူသည်ဟုဆိုသည်။ ဤကား မြန်မာဆယ့်နှစ်လအကြောင်းစာအုပ်လာ ခတ္တာပန်းအပွင့်ဖြစ်သည်။

မြန်မာအဘိဓာန်၌ ကတ္တရီကို ခတ္တာကလေးပင်ဟုဖွင့်ဆို၏။

ဝါခေါင်လတွင် တောင်ပြုန်းညီနောင်နတ်ပွဲကိုကျင်းပကြသည်။ ထိုနတ်ပွဲများတွင် လှေပွဲများကို လည်း ကျင်းပကြောင်း ဦးအောင်ကြီး၏ ဆယ့်နှစ်ရာသီလူးတား ဝါခေါင်လဘွဲ့တွင်  တွေ့ရသည်။

တောင်ပြုန်းပွဲတော်သည် ယနေ့တိုင် ပုပ္ပားရပ်၌ အလွန်စည်ကားစွာ ကျင်းပမြဲဖြစ်သော ပွဲတော်ဖြစ်သည်။ သို့ရာတွင် ထိုပွဲတော်သည် စာရေးတံပွဲစသည်တို့ကဲ့သို့ တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံးနှင့် ဆိုင်သောပွဲတော်မဟုတ်၊ ဒေသတစ်ခု၌သာ ကျင်းပသောပွဲတော် ဖြစ်ကြောင်းလည်း ယင်းစာအုပ်အဆိုရှိသည်။ နတ်မှာ ညီနောင်၊ လျှံပြောင်ကဲလွန်၊ သရဝဏ်နှင့် စာရေးတံပွဲ၊ လှူမြဲရွှင်ပျော် ဟူသော နဝဒေးကြီး၏ ဆယ့်နှစ်ရာသီဘွဲ့ပိုဒ်စုံရတုတွင်    တောင်ပြုန်းနတ်ပွဲအကြောင်းဖွဲ့ဆိုထားသည်ကို တွေ့ရသည်။

ဝါခေါင်လ၏ ရာသီပွဲမှာ စာရေးတံမဲပွဲဖြစ်သည်။

ဝါခေါင်လသည် မိုးရာသီ၏ အလယ်လဖြစ်၍ ထိုလတွင် ထွန်တုံးထွန်တံတို့ကိုကိုင်၍ တောင်သူလယ်သမားတို့ အင်တိုက်အားတိုက်လယ်စိုက်ကြသည်။

ဤသို့စိုက်ပျိုးချိန်အတွင်း လူအများသည် လုပ်ငန်းခွင်၌ မအားမလပ်ရှိကြ၍ ပွဲကြီးပွဲလမ်းများစွာမရှိချေ။ သို့ရာတွင် တစ်ခါတစ်ရံ အစာရေစာ ခေါင်းပါးသောအဖြစ်နှင့်ကြုံတွေ့ရတတ်သည်။ မနှစ်ကသိုမှီးထားသော ဝမ်းစာစပါးကုန်၍ မျက်မှောက်ကာလ၌လည်း စိုက်ပျိုးဆဲဖြစ်၍  ဆန်စပါးမရသေးသောကြောင့် တိုင်းသူပြည်သားတို့ အခက်တွေ့ကြရသည်။

မြတ်စွာဘုရားလက်ထက်၌ ဝေရဉ္စာမြို့ အစာခေါင်းပါး၍ အသက်မွေးမြူရန် ခဲယဉ်းလျက်ရှိ၏။ ထို့ကြောင့် လူတို့သည် စာရေးတံလက်မှတ်ဖြင့် အသက်မွေးကြရသည်။ စာရေးတံလက်မှတ်ဆိုသည်မှာ ယခုခေတ်ရာရှင် စနစ်ခေါ် စားနပ်ရိက္ခာအသုံးအဆောင်တို့ကို အများအတွက် မျှတအောင်ဝေငှပေးရသော စနစ်မျိုးဖြစ်သည်။ ထိုကဲ့သို့ အကျပ်အတည်းတွေ့ရသောကာလတွင် ရဟန်းသံဃာတို့သည် ဆွမ်းခံရန်ခက်ခဲ၏။  တစ်ခါသော  ဥတ္တရာပထတိုင်းသားမြင်းကုန်သည်တို့သည် မြတ်စွာဘုရားသီတင်းသုံးတော်မူသော အစာရေစာရှားပါးလှသည့် ဝေရဉ္စာမြို့ သို့ဆိုက်ရောက်လာကြ၏။

ထိုအခါ ရဟန်းတို့သည် ဝေရဉ္စာမြို့၌ ဆွမ်းခံဝင်သော်ဆွမ်းမရကြသဖြင့် မြင်းကုန်သည်တို့ထံ၌ ဆွမ်းအတွက် လှည့်လည်ကြ၏။ ထိုအခါ မြင်းကုန်သည်တို့သည် တစ်စလယ်စီမျှသော မုယောဆန်ကို သံဃာတော်တို့အား လှူဒါန်းရာ   သံဃာတော်တို့လည်း ယင်းမုယောဆန်ကို ကျောင်းအတွင်းသို့ ယူဆောင်ပြီးလျှင် ဆုံ၌ဖွပ်၍ အာဟာရကို မျှတရ၏။ ဤကဲ့သို့ ဆွမ်းအခက်အခဲနှင့် ကြုံတွေ့ရသော ကာလ၌ ရဟန်းသံဃာတို့သည် သကာလဘတ္တခေါ် စာရေးတံဆွမ်းအလှူကို လက်ခံကြရသည်။

စာရေးတံဆိုသည်မှာ စာအက္ခရာ အမှတ်အသားပါသော ဝါးခြမ်းပြားပင်ဖြစ်သည်။ ဤအလှူမျိုးကား သံဃာတော်အများကို ဒကာ၊ ဒကာမတို့က ဆွမ်းပင့်ဖိတ်သောအခါ မည်သည့်ဒကာ၊ ဒကာမသည် မည်သည့်သံဃာကို ဆွမ်းကျွေးစေဟုဆုံးဖြတ်ရန် မရကောင်းသောကြောင့် စာရေးတံဝါးခြမ်းပြား၌ သံဃာအရေအတွက်ကို အမှတ်အသားပြု၍ တံအလျောက်ဆွမ်းကပ်နိုင်ကြစေရန် အိမ်စဉ်အရမဲနှိုက်စေ၍ လှူသောအလှူဖြစ်သည်။ တစ်နည်းအားဖြင့်လည်း စာရေးတံဝါးခြမ်းပြားပေါ်တွင် အလှူခံပုဂ္ဂိုလ်၏ အမည်ကိုရေး၍ စာမတတ်သူ မျက်မမြင်စသူတို့က စာရေးတံမဲကို မွှေနှောက်နှိုက်ယူပြီးလျှင်   လှူဖွယ်ဝတ္ထုပေါ်၌

ချထားရသည်။ ထိုအခါအလှူခံပုဂ္ဂိုလ်သည် မိမိကံကုသိုလ်အလျောက်ရအပ်သော လှူဖွယ်ဝတ္ထုကိုရလေသည်။

ယင်းသာဓကတို့အရ ရှေးမြန်မာဘုရင်တို့သည် ဝါခေါင်လတွင် စာရေးတံမဲဖြင့် ဆွမ်းကွမ်းလှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းကြသည်။ ထို့ကြောင့် ဝါခေါင်လတွင် စာရေးတံလှူပွဲ ကျင်းပကြသည်ဟု ဆိုသည်။ ဦးယာ၏ ဆယ့်နှစ်ရာသီဘွဲ့လူးတားဝါခေါင်လဘွဲ့၌

ရတုသာခေါင်

တိမ်တောင်ပတ်ယှက်

သည်ရက်အခါ

မြတ်စွာထွတ်ထား

ရွှေစကားတွင်

ပွဲများခြိမ်ခံ

စာရေးတံဟု

စီမံခင်းကျင်း စသည် စပ်ဆိုခဲ့ပေသည်။

ဝါခေါင်လသည် ဝါတွင်းကာလပီပီ အလှူအတန်းလည်း စုံလင်သည်။ မြန်မာ့ဓလေ့အရ အဖွဲ့အစည်းအလိုက် ရဟန်းသံဃာတော်တို့ကို သပိတ်တစ်ခု သို့မဟုတ် သပိတ်အများကို တာဝန်ယူလှူဒါန်းကြလေသည်။ ဆွမ်းဟင်းလျာ၊ အချိုပွဲအပြင် ကံစမ်းဖွယ်တို့လည်းပါနေသော  သပိတ်ကပ်လှူပွဲသည် ရင်ခုန်ကြည်နူးဖွယ်အတိ ဖြစ်၏။ ယင်းပွဲတော်ကို မဟာဒုက်ပွဲဟုလည်း ခေါ်သေးသည်။

မြတ်စွာဘုရားလက်ထက်က မဟာဒုက်အမည်တွင်သူ သူဆင်းရဲမှာ ကောင်းမှုကုသိုလ်ပြုရန်ပင် မစွမ်းနိုင်သူပါပေ။ တစ်နေ့သ၌ သူနေသောမြို့မှ မြတ်စွာဘုရားနှင့် ရဟန်းသံဃာတော်တို့ကို ဆွမ်းဟင်းကပ်လှူရန် ဖိတ်လေသည်။ သံဃာတစ်ပါး သို့မဟုတ် တစ်ပါးထက်ပို၍ ဆွမ်းဟင်းအတွက် တာဝန်ယူနိုင်သူများသောကာလတွင် မဟာဒုက်သည် သံဃာတစ်ပါးကိုပင့်ဖိတ်ရန် စိတ်ပိုင်းဖြတ်လိုက်၏။ သူဆင်းရဲမောင်နှံသည် အလှူပွဲဆင်နွှဲရန် အလုပ်ကြိုးစားလုပ်ကြသည်။

သူဌေးနှင့် သူဌေးကတော်တို့ပေးသော အကောင်းဆုံးဆန်၊ ဆီဦးထောပတ်ကဲ့သို့ ဟင်းလျာချက်ပြုတ်ဖွယ်တို့ဖြင့် ဆွမ်း၊ ဆွမ်းဟင်းတို့ကို ချက်ပြုတ်၏။ သူဆင်းရဲနှစ်ဦး၏ သဒ္ဓါထက်သန်မှုကြောင့် သိကြားမင်းပင် ဆင်းရဲသား အသွင်ဖြင့် ပါဝင်ချက်ပြုတ်သည်ဟူ၏။

လူအများက ရောက်လာသောရဟန်းတို့အား ပင့်ဆောင်ရသောနေ့သို့ အရောက်တွင် မဟာဒုက်အမည်သည် စာရင်းမတင်ဘဲ ကျန်နေခဲ့သည်ကို တွေ့ကြရသည်။

အကြောင်းတစ်ရပ်လည်း ရှိခဲ့သည်။ ရဟန်းသံဃာများ ဝေငှရေးတွင် သိကြားမင်း၏ဖန်တီးမှုဖြင့် မေ့လျော့ကျန်ရစ်ခဲ့သူတစ်ပါး ရှိနေသည်။ မြတ်စွာဘုရားပင်ဖြစ်သည်။

မဟာဒုက်သည် ကျောင်းတော်သို့သွား၍ မြတ်စွာဘုရား၏ သပိတ်တော်ကို ချီးမြှောက်ပါရန် လျှောက်ထားရာ ဘုရားရှင်ကိုယ်တိုင်လက်ခံလိုက်လေသည်။

ဤတွင်ကားကြီးစွာသော ရုတ်ရုတ်သဲသဲဖြစ်မှုများဖြင့် အိမ်ရှေ့မင်း၊ သူဌေးသူကြွယ်အပေါင်းတို့သည် မဟာဒုက်ထံ လိုက်ပါကြကာ အချင်းမဟာဒုက် ငါတို့အား သပိတ်တော်ကိုပေးလော့၊ သင့်အားဤမျှလောက်သော အသပြာ၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားကို ပေးကုန်အံ့ ဟု ပြောဆိုတောင်းယူကြကုန်သည်။

မဟာဒုက်ကား ထိုသူတို့ပေးကုန်သော ဥစ္စာတို့ကို စိုးစဉ်းမျှ အလိုမရှိပြီ။ မြတ်စွာဘုရားကိုပင့်ဆောင်ခွင့်ရ၍ ပျော်မဆုံး မော်မဆုံးပြီတည်း။ ဦးပုညရေးသော သူအိုမကြီး ဝတ္ထုမှ သူဆင်းရဲ သူအိုမကြီးနှင့်မခြားပြီ။

ဆွမ်းကိစ္စပြီးသော မြတ်စွာဘုရားက မဟာဒုက်၏ ကောင်းမှုကို အနုမောဒနာပြုလေသည်။ ကောင်းမှုတွင် အတူပါဝင်သော သိကြားမင်းလည်း ကုသိုလ်ချီးမြှောက်ခြင်းခံရသည်။ သိကြားမင်းသည် ကောင်းကင်မှ ရတနာခုနစ်ပါးဖြင့်ပြီးသော ရွှေမိုး၊ ငွေမိုးကြီးဖြင့် မဟာဒုက်ခြံဝင်းအတွင်း ရွာချစေကာ တစ်အိမ်လုံး ပြည့်စေလေသည်။  မြတ်စွာဘုရား၏  တရားတော်ကို  ကိုးကွယ်ဆည်းကပ်လျက်  အသက်ထက်ဆုံး ကောင်းမှုပြုလေသူ  မဟာဒုက်သည်  သက်တမ်းအဆုံးတွင် နတ်ပြည်၌ဖြစ်လေသည်။

မြတ်စွာဘုရား၏ ဟောကြားချက်ဖြစ်သော ဘဝ၌ ကောင်းမွန်စွာ နေထိုင်ခြင်း သီလသမာဓိပြည့်ဝခြင်း၊ ကောင်းမှုကုသိုလ်၌ အထုံအလေပါခြင်းတို့ကြောင့် မဟာဒုက်သည် ယခုကဲ့သို့ ကောင်းကျိုးချမ်းသာ ခံစားရသည်ဟူသော ဓမ္မအသိပေးနိုင်စွမ်းသဖြင့်လည်း ဗုဒ္ဓဘာသာမြန်မာတို့သည် မဟာဒုက်ကို မမေ့နိုင်ကြ၊ ဝါခေါင်လတွင်  ပို၍အမှတ်ရနေကြမည်ဖြစ်သည်။

ထို့ပြင် ရဟန်းတော်ငါးရာကို အကြောင်းပြု၍ မေတ္တသုတ်ကို ဝါတွင်းကာလ၌မြတ်စွာဘုရား ဟောတော်မူခြင်း၊ ရဟန်းတော်ငါးရာတို့ တောအုပ်သို့ ပြန်၍ ဝါခေါင်လ၌ ပစ္ဆိမဝါကပ်တော်မူခြင်း အကြောင်းများကို ထောက်၍  မေတ္တာအခါတော်နေ့အဖြစ် သတ်မှတ်သည်မှာ ဝါခေါင်လပြည့်နေ့ဖြစ်သည်။

ထိုမေတ္တာကမ္မဋ္ဌာန်းစီးဖြန်းသောသူသည် လောကုတ္တရာသီလရှိသည်ဖြစ်လျက် မဂ်ဉာဏ်အမြင်နှင့် ပြည့်စုံသည်ဖြစ်၍ ဝတ္ထုကာမတို့၌ တပ်မက်တွယ်တာမှုကို ပယ်ဖျောက်သည်ရှိသော် အမိဝမ်း၌ တစ်ဖန်ပဋိသန္ဓေနေခြင်းသို့ မရောက်ပေ ဟူသော မေတ္တသုတ် အဆီအနှစ်နှင့်တကွ ကုသိုလ်ကောင်းမှု၏ အကျိုးသက်ရောက်မှုတို့ကို ကတ္တရီခတ္တာပန်းများပွင့်သော နံကာဆန်းစ ဝါခေါင်လတွင် ပို၍ ပို၍ အမှတ်ရကာ လိုက်နာကျင့် သုံးအပ်ကြောင်း ရေးသားရပါသတည်း။  ။

ဘယ်လရီစန်းရီ