ယူကရိန်းပဋိပက္ခတွင် ကိုယ်စားစစ်ပွဲဆင်နွှဲ၍ ရုရှားကို တန်ပြန်ရန်ကြိုးပမ်းနေသည့် အမေရိကန်အစိုးရ၏ ကြိုးပမ်းချက် အောင်မြင်မည်လား
အမေရိကန်သည် ပဋိပက္ခဖြစ်ပွားနေသည့် ယူကရိန်းနိုင်ငံသို့ (၁၈) ကြိမ်မြောက် စစ်လက်နက် အကူအညီအဖြစ် အမေရိကန် ဒေါ်လာ တစ်ဘီလီယံ တန်ဖိုးရှိ ကာကွယ်ရေးပစ္စည်းများ ထပ်မံပေးပို့မည်ဟု ပင်တဂွန်စစ်ဌာနချုပ်က ယခုရက်သတ္တပတ်အတွင်း ထုတ်ပြန်လိုက်သည်။
ယခုတစ်ကြိမ်ထပ်မံ ပေးအပ်မည့် စစ်ရေးအကူအညီသည် အမေရိကန်က ယူကရိန်းသို့ ယခုနှစ်ဖေဖော်ဝါရီလမှစ၍ ထောက်ပံ့ပေးနေသည့် စစ်ရေး အကူအညီများအနက် အကြီးဆုံး လက်နက်အကူအညီ ဖြစ်လာမည်ဖြစ်သည်။ ယူကရိန်းသို့ စစ်လက်နက်များ ထပ်မံပေးပို့မည့် အစီအစဉ်ကို သမ္မတ ဂျိုးဘိုင်ဒင်က အတည်ပြုလိုက်ခြင်း ဖြစ်သည်။
အမေရိကန်အစိုးရသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလက ဂျိုးဘိုင်ဒင် သမ္မတအဖြစ် တက်ရောက်လာပြီးချိန်မှစ၍ စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၉ ဒသမ ၈ ဘီလီယံပေးအပ်ရန် သဘောတူထားပြီး ဖြစ်သည်။ ထို့ပြင် ကွန်ဂရက်က ယူကရိန်းသို့ စစ်ရေးအကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၄၀ ဘီလီယံအထိ ပေးအပ်ရန် ယခုနှစ်မေလတွင် ထပ်မံ အတည်ပြုထားပြီးဖြစ်သည်။
အမေရိကန်က ယူကရိန်းသို့ ထပ်မံပေးအပ်မည့် စစ်ရေး အကူအညီများတွင် သံချပ်ကာ ဆေးကုသရေး ယာဉ်အစင်း ၅၀ အပအဝင် တခြားဆေးဝါး ကုသရေးပစ္စည်းများ၊ ယခင်က ပေးပို့ထားပြီးဖြစ်သည့် အလျင်အမြန်ရွေ့လျားနိုင်သည့် အမြောက်စနစ်များ၊ Javelin အမျိုးအစား တင့်ဖျက်ဒုံးကျည်များ၊ ဖောက်ခွဲရေးပစ္စည်းများ၊ လူသတ်မိုင်းများ၊ အမြောက်ဆန်နှင့် လေယာဉ်ပစ် အမြောက်ဆန်များ ပါဝင်မည်ဖြစ်သည်။
အဆိုပါ လက်နက်ပစ္စည်းများသည် ယူကရိန်း၌တွေ့ကြုံနေရသည့် စစ်မြေပြင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်ဖြစ်သည်ဟု အမေရိကန်အစိုးရက ဆိုထားသော်လည်း စင်စစ်တွင် ယူကရိန်းအား လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခြင်းအားဖြင့် ရုရှား၏အင်အားကို တန်ပြန်နေခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။
ထို့ကြောင့် အမေရိကန်အစိုးရ အနေဖြင့် လက်ရှိအခြေအနေတွင် အပြောင်းအလဲ ဖြစ်ပေါ်စေရေးအတွက် ယူကရိန်းစစ်ဘက်၏ စစ်ရေးစွမ်းရည်ကို တိုးမြှင့်ပေးနိုင်ရန် မဟာမိတ်နိုင်ငံများနှင့် ဆက်လက် ပူးပေါင်း လုပ်ဆောင်မည်ဟု ပင်တဂွန် စစ်ဌာနချုပ်က ထုတ်ပြန်ထားခြင်းဖြစ်သည်။
အမေရိကန်က ထောက်ပံ့ပေးခဲ့သည့် အလျင်အမြန်ရွေ့လျားနိုင်သော အမြောက် စနစ်များသည် စစ်ပွဲတွင် အပြောင်းအလဲကို ဖြစ်ပေါ်စေခဲ့သည့် လက်နက်စနစ်များ ဖြစ်သည်ဟု ယူကရိန်းက ဆိုထားသော်လည်း လက်ရှိအချိန်ထိ ယူကရိန်းသို့ ပေးပို့ထားသည့် အဆိုပါအမြောက်စနစ် ၁၆ ခုအနက် ခြောက်ခုနှင့် တခြားလက်နက် ခဲယမ်းအများအပြားကို ရုရှားတပ်များက ဖျက်ဆီးပစ်လိုက်ပြီဖြစ်သည်။
အမေရိကန်နှင့် မဟာမိတ်နိုင်ငံများမှ ယူကရိန်းထံ ပေးပို့လိုက်သည့် လက်နက် ခဲယမ်းများအနက် ၃၀ ရာခိုင်နှုန်းခန့်ကိုသာ ရှေ့တန်းစစ်မြေပြင်၌ အသုံးပြုနိုင်သည့် အခြေအနေတွင် ရှိနေကြောင်း CBS သတင်းဌာနက လုပ်ဆောင်သည့် စုံစမ်းဖော်ထုတ်မှု တစ်ရပ်တွင် ဖော်ပြထားသည်။
အကြောင်းမှာ အမေရိကန်နှင့် အပေါင်းပါများက ပေးပို့သည့် လက်နက်များကို ယူကရိန်းတပ်များထံ ပို့ဆောင်ရာတွင် ယူကရိန်းနိုင်ငံရေး သမားများ၏ ရှုပ်ထွေးသည့် ခြယ်လှယ်မှုများကြောင့် ဖြစ်သည်ဟု လစ်သူရေးနီးယားနိုင်ငံမှ အကူအညီပေးရေး အဖွဲ့တစ်ခုမှ ဂျိုးနက်အိုမန်၏ ပြောကြားချက်ကို ကိုးကား၍ အဆိုပါသတင်းဌာနက ဆက်လက်ဖော်ပြထားသည်။
ထို့ကြောင့် နိုင်ငံသို့ ထောက်ပံ့ပေးအပ်သည့် လက်နက်များအား ယူကရိန်းတပ်ဖွဲ့က အသုံးပြုနိုင်၊ မပြုနိုင်ဟူသော အချက်သည် ယူကရိန်းနိုင်ငံရေး သမားများ၏ လက်ဝယ်တွင်ရှိနေသည်ဟု ဆိုနိုင်သည်။
သို့ဖြစ်၍ အမေရိကန်နှင့် မဟာမိတ်များက ပေးအပ်နေသည့် လက်နက်ခဲယမ်း အကူအညီများသည် ယူကရိန်းအတွက် ထင်သလောက် အကျိုးပြုနိုင်ခြင်း မရှိပေ။
အမေရိကန်သည် ရုရှား-ယူကရိန်း ပဋိပက္ခ မစတင်မီကတည်းကပင် ရုရှားတန်ပြန်ရေး ဆောင်ရွက်ချက်များ လုပ်ဆောင်နေခြင်းဖြစ်သည်။ အမေရိကန် ဦးဆောင်သည့် နေတိုးတပ်ဖွဲ့သည် ရုရှားနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အရှေ့ဥရောပတွင် စစ်အင်အားများကို တိုးမြှင့်ဖြန့်ကြက်လာခဲ့သည်။ ရုရှားနိုင်ငံမှ ထွက်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုကို ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် နောက်ပိုင်းတွင် စစ်လက်နက် အများအပြားကိုပါ ထပ်မံဖြန့်ကြက်လာသည်။ ထိုအချိန်မှစ၍ အင်အားကြီး နိုင်ငံများကြား တင်းမာလာခြင်း ဖြစ်သည်။
ရုရှားအစိုးရက နိုင်ငံအား ခြိမ်းခြောက်စေမည့် စစ်အင်အား တိုးချဲ့မှုနှင့် စစ်ရေးလှုပ်ရှားမှုမျိုး လုပ်ဆောင်ခြင်းမပြုရန် ထပ်တလဲလဲ သတိပေးခဲ့သော်လည်း အမေရိကန်က လျစ်လျူရှု၍ ရှေ့တိုးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု လည်း ဆိုနိုင်သည်။
ရုရှားနိုင်ငံဘက်မှ ကြည့်မည်ဆိုပါက အမေရိကန် ဦးဆောင်သည့် နေတိုးတပ်ဖွဲ့၏ လုပ်ဆောင်ချက်များသည် ရုရှားအား ခြိမ်းခြောက်သကဲ့သို့ဖြစ်နေသည်။ ထိုအချိန်မှာပင် ယူကရိန်းနိုင်ငံက နေတိုးတပ်ဖွဲ့သို့ ဝင်ရောက်ရန် ဆန္ဒရှိနေသည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။ လက်ရှိတွင် နေတိုးတပ်ဖွဲ့ဝင် မဖြစ်လာနိုင်သေးသော်လည်း အကယ်၍ ယူကရိန်းသာ နေတိုးတပ်ဖွဲ့ဝင် ဖြစ်လာမည်ဆိုပါက ရုရှားအနေဖြင့် နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများ၏ ဝိုင်းရံပိတ်ဆို့မှုကိုခံရမည့် အခြေအနေတွင် ရှိနေသည်။ ထိုအချက်ကို ရုရှားက မလိုလားပေ။ ထိုသို့မလိုလာခြင်းကြောင့် ရုရှားနှင့် ယူကရိန်းတို့ကြား ပဋိပက္ခဖြစ်ပွား လာရခြင်းဖြစ်သည်။
ပဋိပက္ခဖြစ်ပွားနေစဉ်အတွင်း ယူကရိန်းထံ လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခြင်းသည် လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခကို အမြန်ဆုံး အဆုံးသတ်နိုင်စေရန် အထောက်အကူပြုမည် မဟုတ်ဘဲ ပိုမိုရှည်ကြာစေမည်ဖြစ်သည်ဟု ရုရှားက သတိပေးထားသည်။ သို့သော် အမေရိကန်က သတိပေးချက်ကို ဆက်လက်လျစ်လျူရှုနေဆဲပင်ဖြစ်သည်။ ယခုလည်း ဂျိုးဘိုင်ဒင် ဦးဆောင်သည့် အမေရိကန်အစိုးရသည် ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများ ထပ်မံပေးပို့ရန် သဘောတူညီထားပြီး ဖြစ်သည်။
အမေရိကန်၏ အကြောင်းပြချက်မှာ ယူကရိန်းလက်နက်ကိုင် တပ်များ၏ ကာကွယ်ရေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဖြစ်သည်ဟု ဆိုထားသော်လည်း စင်စစ်တွင် လက်ရှိဖြစ်ပွားနေသည့် ရုရှား-ယူကရိန်းပဋိပက္ခတွင် ယူကရိန်းကို ထောက်ပံ့ခြင်းအားဖြင့် ပြိုင်ဘက်အဖြစ် ရပ်တည်နေသည့် ရုရှားအား တန်ပြန်နေခြင်းပင်ဖြစ်သည်။ အဆိုပါအချက်ကို ရုရှားအစိုးရက မလွဲမသွေ သတိထားမိမည်မှာ ဧကန်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် ယူကရိန်းအား လက်နက်ခဲယမ်း အကူအညီပေးခြင်းဖြင့် ကိုယ်စားစစ်ပွဲဆင်နွှဲ၍ ရုရှားကိုတန်ပြန်ရန် ကြိုးပမ်းနေသည့် အမေရိကန်အစိုးရ၏ ကြိုးပမ်းချက်မှာ အောင်မြင်မည့် အလားအလာ နည်းပါးလျက်ရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
ဇေယျဘုန်း
Ref: WSJ, RT, Washington Post