အဆီစားလို့အသားမဖြစ်ဘဲ ဦးနှောက်ကျုံ့ပြီး မှတ်ဉာဏ် ကျဆင်းခြင်းကိုသာ ဖြစ်စေနိုင်

အဆီစားလို့အသားမဖြစ်ဘဲ ဦးနှောက်ကျုံ့ပြီး မှတ်ဉာဏ် ကျဆင်းခြင်းကိုသာ ဖြစ်စေနိုင်

ကျွန်တော်တို့အများစုက ဟင်းဆိုရင်ဆီပြန်လေးမှ စားချင်ကြသူတွေချည်းပါပဲ။ ဆီပြန်ဟင်းမစားရရင်လည်း အဆီပါဝင်မှုများတဲ့ စားသောက်ဖွယ်ရာတွေကို စားလေ့ရှိကြပြန်ပါတယ်။

ဒါကြောင့် ဒီကနေ့တင်ပြပေးသွားမယ့် ကျန်းမာရေးအတွက် သိမှတ်ဖွယ် အကြောင်းအရာကတော့ အဆီစားလို့ အသားမဖြစ်ဘဲ ဦးနှောက် ကျုံ့ခြင်းနဲ့ မှတ်ဉာဏ်စွမ်းရည်လျော့ကျခြင်းတို့ကိုသာ ဖြစ်စေနိုင်တယ်ဆိုတဲ့ အကြောင်းပါပဲ။

တရုတ်နဲ့သြစတြေးလျနိုင်ငံတို့မှ သုတေသနပညာရှင်များက မကြာသေးခင်ကပဲ သူတို့ရဲ့တွေ့ရှိချက် အသစ်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

အဲဒီသုတေသနမှာ ဖော်ပြထားတာက အဆီဓာတ် ပါဝင်မှု များပြားတဲ့ ဟင်းတွေကို စားသုံးခြင်းအားဖြင့် အဝလွန်ပြီး ခါးတုတ်လာစေရုံသာမက မှတ်ဉာဏ်စွမ်းရည်ကိုပါ ထိခိုက်ပျက်စီးစေတယ်ဆိုတဲ့ အကြောင်းပါပဲ။

သုတေသီတွေက သူတို့ရဲ့ သုတေသနအတွက် ကြွက်များကို အသုံးပြု စမ်းသပ်ခဲ့တာဖြစ်ပြီး အဆီဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို သီတင်းပတ် ၃၀ ကြာကျွေးမွေးကာ စောင့်ကြည့်ကြပါတယ်။

ရလဒ်ကတော့ အဲဒီကြွက်တွေမှာ ဆီးချိုရောဂါဖြစ်ခြင်း၊ မှတ်ဉာဏ်စွမ်းရည် လျော့ကျခြင်း၊ စိုးရိမ်ကြောင့်ကြမှု၊ စိတ်ဓာတ်ကျမှုတို့ စတင်ဖြစ်ပေါ်ခြင်းနဲ့ အယ်ဇိုင်းမားရောဂါကို ပိုဆိုးလာစေခြင်းတို့ ဖြစ်စေနိုင်တယ် ဆိုတာကိုတွေ့လိုက်ရပါတယ်။

ဒါ့အပြင် ဦးနှောက် လုပ်ဆောင်မှု ပြောင်းလဲခြင်းကြောင့် ကိုယ်တွင်းဇီဝ ဖြစ်စဉ်အားနည်း သွားတဲ့အတွက် မှတ်ဉာဏ်စွမ်းဆောင်ရည် လျော့ကျလာတဲ့ ကြွက်တွေဟာ  ကိုယ်အလေးချိန် မြင့်တက်လေ့ရှိတယ်လို့လည်း သုတေသန ပညာရှင်များက တွေ့ရှိကြပါတယ်။

အခုသုတေသနကို လုပ်ဆောင်သူတွေကတော့ တရုတ်နိုင်ငံမှ အာရုံကြော သိပ္ပံပညာရှင် ပါမောက္ခ ရှင်ဖူကျိုးနဲ့ တောင်သြစတြေးလျ တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ လာရီဆာဘိုဘရော့စကာယာတို့ ဖြစ်ပြီး သူတို့ရဲ့တွေ့ရှိချက်ကိုတော့ Metabolic Brain Disease ဆိုတဲ့ ဆေးပညာ ဂျာနယ်ထဲမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

အထူးသဖြင့်တော့ အဆီစားသုံးမှုများပြီး အဝလွန်လာတဲ့ အခါမျိုးနဲ့ နောက်ဆက်တွဲ ဆီးချိုရောဂါဖြစ်လာတဲ့ အခါမျိုးတို့မှာ ဗဟိုအာရုံကြော စနစ်ကြီးကို နှောင့်ယှက်လာတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ကစဉ့်ကလျားဖြစ်မှုကို ပိုဆိုးစေပြီး  မှတ်ဉာဏ်စွမ်းရည်တွေ ကျဆင်းလာတာဖြစ်တယ်လို့ တွဲဖက်ပါမောက္ခ လာရီဆာဘိုဘရော့စကာယာက ပြောပါတယ်။

ပညာရှင်များက သုတေသန လုပ်ရာမှာ အသက်သီတင်းပတ် ရှစ်ပတ်သားရှိ ကြွက်များကို အုပ်စုနှစ်ခုခွဲပြီး အုပ်စုတစ်ခုကို စံချိန်မီ အစားအစာများကျွေးကာ တခြားအုပ်စုကိုတော့ အဆီပါဝင်မှုများတဲ့ အစားအစာများကျွေးပါတယ်။

ပြီးတဲ့အခါ ကြွက်တွေရဲ့အစာစားသုံးမှု၊ ခန္ဓာကိုယ် အလေးချိန်နဲ့ သွေးတွင်းသကြားဓာတ် ပမာဏတို့ကို အချိန်အပိုင်းအခြား တစ်ခုသတ်မှတ်ပြီး ပုံမှန်တိုင်းတာ စစ်ဆေးပါတယ်။  ဒါ့အပြင် သွေးတွင်းသကြားဓာတ်နဲ့ အင်ဆူလင်ခံနိုင်ရည်တို့ကို စမ်းသပ်ခြင်းနဲ့ မှတ်ဉာဏ်စွမ်းဆောင်ရည် တို့ကိုပါ စစ်ဆေးပါတယ်။

ဒီလိုစမ်းသပ်စစ်ဆေးမှုတွေ လုပ်တဲ့အခါမှာတော့  အဆီပါဝင်မှုများတဲ့ အစားအစာ စားသုံးသူကြွက်များဟာ စံချိန်မီအစားအစာ စားသုံးသူကြွက်များထက် ကိုယ်အလေးချိန်တက်ခြင်း၊ အင်ဆူလင် ဓာတ်မတိုးခြင်းနဲ့ ပုံမှန် မဟုတ်တဲ့ပြုမူခြင်းတို့ကို စတင်လုပ်ဆောင် လာတာတွေ့ရပါတယ်။

မျိုးရိုးဗီဇအရ အဆင့်မြှင့်တင်ထားတဲ့ အယ်ဇိုင်းမား ရောဂါရှိသူကြွက်များကတော့ မှတ်ဉာဏ်များ သိသိသာသာ ပျက်စီးကာ ဦးနှောက်အတွင်း ရောဂါကြောင့်ဖြစ်တဲ့ ပြောင်းလဲမှုတွေ များစွာဖြစ်ပွားလာတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အဝလွန်သူတွေဟာ စိတ်ကျရောဂါဖြစ်နိုင်ခြေ ၅၅ ရာခိုင်နှုန်း တိုးလာပြီး ဆီးချိုရောဂါပါ ယှဉ်တွဲလိုက်မယ် ဆိုရင်တော့ အဲဒီရောဂါဖြစ်နိုင်ခြေနှစ်ဆ ပိုများလာပါတယ်လို့ တွဲဖက်ပါမောက္ခ လာရီဆာဘိုဘရော့ စကာယာက ပြောပါတယ်။

“ကျွန်တော်တို့ရဲ့သုတေသနပြု လေ့လာမှုက  တစ်ကမ္ဘာလုံး အတိုင်းအတာ အနေနဲ့ အဝလွန်မှုဖြစ်ပွားခြင်း ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းဖို့ အတွက် ဘယ်လောက်အထိ အရေးကြီးလဲဆိုတာ  မီးမောင်းထိုးပြ နေပါတယ်။ အဝလွန်ခြင်း၊ အသက်အရွယ် အပိုင်းအခြားနဲ့ ဆီးချိုရောဂါရှိခြင်းဆိုတဲ့ အခြေအနေတို့ကို ပေါင်းစပ်လိုက်မယ်ဆိုရင် မှတ်ဉာဏ်စွမ်းဆောင်ရည် လျော့ကျခြင်း၊ အယ်ဇိုင်းမားရောဂါ ဖြစ်ပွားခြင်း၊ စိတ်ကျန်းမာရေး အခြေအနေဖောက်ပြန်ခြင်းတို့ ပိုမိုဖြစ်ပွားစေနိုင်တာတော့ အသေအချာပါပဲ” လို့ တွဲဖက်ပါမောက္ခ လာရီဆာဘိုဘရော့စကာယာက ဆိုထားပါတယ်။

ဒီအတွက်ကြောင့်  အဆီစားလို့ အသားမဖြစ်ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ မိမိတို့ရဲ့ ကျန်ရှိနေသေးတဲ့ လူ့သက်တမ်း တစ်လျှောက်မှာ ကျန်းကျန်းမာမာနဲ့ ဆက်လက်ရှင်သန်နေထိုင်လိုတယ်၊ ဘဝတစ်လျှောက် ရရှိခဲ့တဲ့ အမှတ်တရများစွာကို အိုမင်းသွားသည့်တိုင် မမေ့မလျော့ဘဲ အမြဲတမ်းအမှတ်ရနေစေလိုတယ် ဆိုရင် အဆီပါဝင်မှုများတဲ့ အစားအစာများ အစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများကိုသာ သင့်တင့်မျှတအောင် စားသုံးကြပါလို့ တိုက်တွန်း ရေးသားလိုက်ရပါတယ်။