ဘာစီလိုနာအသင်းဘဏ္ဍာရေး အကျပ်အတည်းများကို ကူညီရန် လာမည့် ဘောလုံးရာသီတွင် လုပ်ခလစာမယူဘဲ ကစားပေးမည်ဖြစ်ကြောင်း အသင်းထံ ပီကေး အသိပေး
ဘာစီလိုနာအသင်းဝါရင့် ခံစစ်ကစားသမား ပီကေးက လက်ရှိ ဘာစီလိုနာအသင်း တွေ့ကြုံနေရသည့် အသင်းဘဏ္ဍာရေး အကျပ်အတည်းများကို ကူညီရန် လာမည့် ဘောလုံးရာသီတွင် လုပ်ခလစာမယူဘဲ ကစားပေးမည်ဖြစ်ကြောင်း အသင်းထံ အသိပေးခဲ့သည်။
အသက် ၃၅ နှစ်အရွယ် ပီကေးသည် ပြီးခဲ့သည့် ဘောလုံးရာသီက ဘာစီလိုနာအသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးထားသူဖြစ်ပြီး ပြီးခဲ့သည့် ဘောလုံးရာသီကလည်း အသင်းဘဏ္ဍာရေး အကျပ်အတည်းများကြောင့် လုပ်ခလစာ လျှော့ယူခဲ့သူဖြစ်သည်။
၂၀၂၂-၂၀၂၃ ဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲ စတင်ကျင်းပရန် ရက်ပိုင်းသာ လိုတော့ပြီး ဘာစီလိုနာ အသင်းအနေဖြင့် အသင်းဘဏ္ဍာရေး အကျပ်အတည်းများကြောင့် အသစ်ခေါ်ယူထားသော ကစားသမားများကို ကစားသမားစာရင်း မှတ်ပုံတင်နိုင်ခြင်း မရှိသေးသည့်အတွက် အသင်းမှ ကစားသမားများကို လုပ်ခလစာ လျှော့ယူခြင်း သို့မဟုတ် ရောင်းချခြင်းများ ပြုလုပ်ပြီးမှသာ ကစားသမားသစ်များကို ကစားသမား စာရင်းမှတ်ပုံတင်ပြီး အသုံးပြုနိုင်မည်ဖြစ်သည်။
ပီကေးသည် လက်ရှိအချိန်တွင် အသင်းထံမှ လုပ်ခလစာအကြွေးများ ရရှိရန် ကျန်ရှိနေသော်လည်း လာမည့်ဘောလုံးရာသီတွင် လုပ်ခလစာမယူဘဲ ကစားပေးမည်ဟု အသိပေးခဲ့ကြောင်း သိရသည်။