အောင်မြင်တိုးတက်မှုရရှိရေး စွမ်းရည်မြင့်မားနည်းလမ်းများ

အောင်မြင်တိုးတက်မှုရရှိရေး စွမ်းရည်မြင့်မားနည်းလမ်းများ

မြန်မာတို့သည် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်သို့ နှစ်ကူးပြီး မဟာသင်္ကြန်ရေသဘင်ပွဲကိုပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။ နှစ်သစ်သို့ ရောက်ရှိခဲ့ကြသည်။

ယခု ဝါခေါင်လဆိုလျှင် နှစ်တစ်နှစ်၏သုံးပုံတစ်ပုံကာလသို့ရောက်ရှိချိန်တွင်   ဘဝ၏တိုးတက်မှု၊ အောင်မြင်မှုနှင့် ဆုံးရှုံးနစ်နာမှုများရှိနေကြပြီ ဖြစ်သည်။

အောင်မြင်မှု၊ တိုးတက်မှုနှင့်ဆုံးရှုံးမှုများကို အမှုမဲ့အမှတ်မဲ့မနေကြဘဲ အလေးထားလေ့လာ သုံးသပ် အဖြေရှာကြပါလျှင် နှစ်ကုန်ဆုံးချိန်၌ အောင်မြင်မှု အသီးအပွင့်များကို ခံစားရရှိကြမည် ဖြစ်သည်။

လူတိုင်းလူတိုင်းသည် ဘဝတိုးတက်အောင်မြင်လိုကြသည်။ ချမ်းချမ်းသာသာ နေထိုင်လိုကြသည်။

သာယာသောလူ့ဘောင်ဘဝတွင်    တင့်တောင့်တင့်တယ်နေလိုကြသည်။ ဤသည်မှာလူ့သဘာဝဖြစ်သည်။ မည်သူမျှ ဆင်းရဲပင်ပန်းစွာ မနေလိုကြပါ။

သို့သော် လူတို့သည် မိမိရောက်ရှိသောဘဝတွင်သာ ပျော်ပျော်ပါးပါး နေထိုင်လိုကြသည်။ တိုးတက်ကြီးပွားရန် ဇွဲလုံ့လဖြင့် ကြိုးပမ်းအားထုတ်မှုကိုမူ လုပ်ကိုင်ဆောင်ရွက်သူ နည်းပါးကြသည်။ အမြင့်သို့ရောက်လိုကြသည်။

ရောက်အောင်တက်မည့်လှေကားထစ်လည်းရှိကြသည်။ သို့သော် မတက်လိုကြ။ ရောက်သည့်နေရာမှာပင် သက်သောင့်သက်သာနေလိုကြသည်။ ရှေ့သို့လည်းမရောက်။ ချမ်းသာသုခလည်း မခံစားကြချေ။

မူလနေရာမှာပင်  လိမ်ဖည်လိမ်ဖည်ဖြင့် ဘဝကို ဖြတ်သန်းရင်း ဘဝနေဝင်ချိန်ခရီးသို့ ရောက်ရှိသွားကြသည်။

စာရေးသူကား    ဘဝတိုးတက်အောင်မြင်ရေး နည်းလမ်းများဖြင့် စိတ်ချမ်းမြေ့စွာ လျှောက်လှမ်းနိုင်ရေးအတွက်  အားမာန်ပါသောနည်းလမ်းများကို ရွေးချယ်၍ တင်ပြလိုပါသည်။

အလုပ်နှင့်အာရုံစူးစိုက်မှု

အောင်မြင်မှု၏အဓိပ္ပာယ်ဖွင့်ဆိုမှုမှာ   အခြေခံအကျဆုံး အရင်းအမြစ်တစ်ခုသာ   ပါဝင်နေသည်။ အောင်မြင်မှု နယ်ပယ်သည်ကား ကျယ်ဝန်းလှသည်။ အလုပ်၏နယ်ပယ်သည်လည်း ကျယ်ဝန်းလှသည်။

လူသည် အရာရာအားလုံးတွင် အောင်မြင်မှုမရနိုင်သလို အရာရာအားလုံးတွင်လည်း အောင်မြင်အောင် မစွမ်းဆောင်နိုင်ကြပါ။

နယ်ပယ်တစ်ခုခုကိုတော့ အောင်မြင်စွာ စွမ်းဆောင်နိုင်ဖို့အတွက် ထိုနယ်ပယ်နှင့် ပတ်သက်သော အလုပ်များကို အာရုံအပြည့်အဝစိုက်ပြီး   အကောင်းဆုံးလုပ်ဆောင်ကြရမည်ဖြစ်သည်။

လူတစ်ယောက်ဟာ   မည်သည့်အလုပ်ကိုပဲ လုပ်ကိုင်နေပါစေ သူလုပ်နေတဲ့အလုပ်မှာ အပြည့်အဝ မဆောင်ရွက်နိုင်သေးရင် အဲဒီအလုပ်မှာ မအောင်မြင်နိုင်သေးပါဘူးဟု ဆိုလိုရင်းဖြစ်သည်။

ဒီနေရာမှာတော့  အလုပ်နှင့်အောင်မြင်မှုဟာ တစ်ထပ်တည်းကျသည်။  အောင်မြင်မှုလိုချင်သူတိုင်းဟာ မိမိအလုပ်ကို အပြည့်အဝအာရုံစိုက်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြမည် ဆိုပါလျှင် အောင်မြင်မှုပန်းတိုင်ကိုလှမ်းကိုင်နိုင်ကြမှာ ဖြစ်သည်။ အောင်မြင်မှုရရှိမည် ဖြစ်သည်။ 

စာရေးသူ ဆက်လက်တင်ပြလိုသည့်နည်းလမ်းကောင်းမှာ တွန်းအားနှင့်တိုးအားဖြစ်သည်။  လူသားတိုင်း အောင်မြင်လိုကြသည်။ သို့သော် အောင်မြင်ရေး နည်းလမ်းကောင်းများကို မသိသဖြင့် အောင်မြင်မှုနှင့် ဝေးကွာကြရသည်။  ဤသည်ကို  ဘဝ၏အားဆေးတစ်ခွက်အဖြစ် မီးမောင်းထိုးပြထားသည်။

တွန်းအားနှင့် တိုးအား လူသည် အောင်မြင်ကျော်ကြားပြီး အစစအရာရာ အဆင်ပြေအောင်မြင်ကျော်ကြားသော ဘဝတစ်ခုကို  ပိုင်ဆိုင်ချင်ကြသည်။  လိုလားကြသည်။ 

သို့သော်လည်း လူတိုင်းသည် အဲ့ဒီဘဝမျိုးမရောက်ကြပါ။ ဘာ့ကြောင့် မရောက်ကြတာလဲဟုဆိုပါက အဖြေက ရှင်းသည်။  

(၁) ကြောက်လန့်ခြင်း  

(၂) ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိခြင်း

(၃) ကိုယ်စွမ်းကိုယ်စကိုသံသယဖြစ်ခြင်း

(၄) တွန့်ဆုတ်ခြင်းဆိုသော အကြောင်းတရားလေးပါးတို့ အားနည်းသောကြောင့်ဖြစ်သည်။    အဆိုပါ အကြောင်းတရားလေးပါးတို့နှင့်    ပြည့်စုံသော လူတစ်ယောက်သည် အောင်မြင်မှုလမ်းမပေါ်တွင် အောင်မြင်စွာ   လျှောက်လှမ်းနိုင်မည်ဖြစ်သည်။  

အမှန်တကယ်လည်း လျှောက်လှမ်းနိုင်မည်ဖြစ်သည်။

အဲဒီအကြောင်းတရား လေးပါးစလုံးဟာ အောင်မြင်ချင် စိတ်ဖြစ်အောင် တွန်းအားပေးသလို  အောင်မြင်အောင်   လုပ်ဆောင်ဖြစ်အောင်လည်း တိုးအားဖြစ်သည်။  

တကယ်တော့ အောင်မြင်သောဘဝတစ်ခုဖြစ်အောင် ဖန်တီးခြင်းဆိုတာ တွန်းအားလည်းဖြစ်သည်။

တိုးအားလည်းဖြစ်သည်။ အား မရှိလျှင် ဘယ်အရာမှ ပြီးမြောက်အောင် ဆောင်ရွက်၍မရပါ။  မအောင်မြင်နိုင်ခြင်း ဖြစ်သည်။ စာရေးသူ ထပ်မံတင်ပြလိုသော တိုးတက်အောင်မြင်ရေးနည်းလမ်းတစ်ခုမှာ စိတ်ဓာတ်နှင့်ထိန်းချုပ်ခြင်းဖြစ်သည်။ လူတစ်ယောက်၏စိတ်သည် ကောင်းသည့်နေရာတွင် မပျော်ဝင်ဘဲ မကောင်းသည့် နေရာတွင် ပျော်ဝင်တတ်သည်။ သင်ခန်းစာယူဖွယ်ဖြစ်သည်။

စိတ်ဓာတ်နှင့် ထိန်းချုပ်ခြင်း

စိတ်သည်  မကောင်းမှုတွင်ပို၍ပျော်ပါသည်။ မကောင်းမှုဆိုသည်မှာ သူတစ်ပါးကိုလည်း ထိခိုက်ပျက်စီး စေသကဲ့သို့  မိမိကိုလည်း  ထိခိုက်ပျက်စီး စေသည်။ လူသည်  ကောင်းတာကို လုပ်ဖို့ထက် မကောင်းတာကို ပြုလုပ်ဖို့ ပိုပြီးစိတ်ဝင်စားကြသည်။

အားသန်ကြသည်။ ပျော်ပါးကြသည်။

ဒီလိုပါပဲ။ လူသည် များသောအားဖြင့် မိမိဘ၀ တိုးတက်အောင်မြင်အောင် ပြုလုပ်ဖို့ထက် မိမိဘဝနိမ့်ကျအောင် ပြုလုပ်တတ်မိကြသည်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ မိမိဘဝနိမ့်ကျပျက်စီးသွားအောင် ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာတော့ မည်သူမျှ မလုပ်ဆောင်ကြပါ။ မိမိရဲ့လုပ်ဆောင်ချက်တွေထဲမှာ ကိုယ်ကမကောင်းတဲ့ အရာများ ပါဝင်သွားပြီး တဖြည်းဖြည်း အဲ့ဒီမကောင်းသောအရာတွေမှာ ကိုယ်ကပါလိုက်ပါ ပျော်ဝင်သွားခြင်း ဖြစ်သည်။

အောင်မြင်ချင်သူတိုင်းဟာ မိမိစိတ်ကို မကောင်းသောနေရာမှာ မပျော်ဝင်အောင် ထိန်းသိမ်းပြီး ကောင်းသော နေရာတွင် ပျော်ဝင်အောင် ထိန်းချုပ်နိုင်စွမ်းရှိရမည်ဖြစ်သည်။ မိမိ၏စိတ်ကို ထိန်းချုပ်နိုင်မှုဆိုသည်မှာ အဆင့်မြင့်မားသောစိတ်ဓာတ်နှင့် လုပ်ရပ်များကို မွေးမြူကြရမှာဖြစ်ပြီး အနိမ့်ဆုံးပြောရလျှင် မကောင်းသော စိတ်ဓာတ်နှင့် လုပ်ရပ်များကို ဖယ်ရှားရမည် ဖြစ်သည်။

စာရေးသူ ဆက်လက် တင်ပြလိုသော တိုးတက် အောင်မြင်ရေး နည်းလမ်းကောင်းတစ်ခုမှာ အမြင့်ပျံငှက်ဖြစ်သည်။ လူတိုင်းအမြင့်မှာနေချင်သည်။ တိုးတက်ကြီးပွားလိုသည်။ ချမ်းသာလိုသည်။ သို့သော် အမြင့်သို့ ပျံမတက်ကြပါ။ အမြင့်မှာနေချင်လျှင် အမြင့်သို့ရောက်အောင် ပျံတက်ကြရမည်ဖြစ်သည်။ ဤသည်မှာ ဘဝအတွက် တွန်းအား အားဆေးတစ်ခွက်ဖြစ်သည်။

အမြင့်ပျံငှက်

အောင်မြင်မှုဆိုတာ ထိပ်ဆုံးမှာပဲရှိသည်။ ထိပ်ဆုံးကိုရောက်ဖို့ ဆိုတာဟာ ထိပ်ဆုံးကို သွားချင်စိတ်လည်းရှိရမည်။  ထိပ်ဆုံးသွားမယ့်လမ်းမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေလည်း ရင်ဆိုင်ကျော်လွှားရမှာဖြစ်သည်။

သူများတွေက အချိန်ကို ဖြုန်းတီးနေတဲ့အချိန်မှာ  ကိုယ်က အချိန်ကိုစနစ်တကျ အသုံးပြုကြရမှာ ဖြစ်သည်။ သူတစ်ပါးက အနားယူနေပေမယ့် ကိုယ်က အနားမယူရဘူး။ ဘာကြောင့်လဲဆိုတော့ သူတစ်ပါးက ကိုယ်မဟုတ်လို့ဘဲဖြစ်သည်။   ကိုယ်ရောက်ချင်တဲ့နေရာကို  ကိုယ်တိုင်သွားမှရောက်မှာ ဖြစ်သည်။  ခရီးကြမ်းပေမယ့် အမြင့်မှာနေချင်ရင်တော့  အမြင့်ရောက်အောင် ပျံတက်ရမှာပဲ။ ဒါမှကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်ရှိမှာ ဖြစ်သည်။  

စာရေးသူ   ဆက်လက်တင်ပြလိုသည့် တိုးတက်အောင်မြင်ရေးနည်းလမ်းကောင်းကတော့ လူနှင့် အစွမ်းအစဖြစ်သည်။ လူတစ်ယောက်လျှင် အစွမ်းအစက  အရေးကြီးသည်။  အစွမ်းအစရှိသော  လူတစ်ယောက်သည် အရာရာကိုအောင်မြင်သည်။ တိုးတက်သည်။  အစွမ်းအစရှိအောင် ဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်း  အားဆေးတစ်ခွက်အဖြစ်  ဆက်လက်တင်ပြလိုက်ပါသည်။ 

လူနှင့် အစွမ်းအစ

အစွမ်းအစရှိသောလူတိုင်းသည် လုပ်ငန်းတိုင်းတွင် အောင်မြင်တိုးတက်ကြသည်။  သို့သော် အစွမ်းအစ ရှိသူတိုင်းတော့  အောင်မြင်တိုးတက်ကြမည်မဟုတ်ပါ။  အစွမ်းအစရှိပါလျက်နှင့် ဘာ့ကြောင့်  မအောင်မြင် တာလဲဟု ဆိုလျှင် အဖြေကရှင်းပါသည်။ အစွမ်းအစများကို  စနစ်တကျအသုံးချနိုင်သော စွမ်းအားမရှိသောကြောင့်ဖြစ်သည်။ အစွမ်းအစများကို စနစ်တကျ အသုံးချလိုပါက (၁)စည်းကမ်းရှိခြင်း၊ (၂)စာနာခြင်း၊ (၃)အဆင်းရဲခံခြင်း၊  (၄)လေ့ကျင့်ခြင်း၊ (၅)အများကောင်းကျိုးကိုရှေးရှုခြင်းတို့ဖြစ်သည်။ အစွမ်းအစကတော့ရှိပါသည်။  မိမိအလုပ်ကိုစနစ်တကျ လေ့ကျင့်ပျိုးထောင်ခြင်း မရှိကြလျှင်  အစွမ်းအစတို့သည် အလကားပင်ဖြစ်သည်။  တကယ်တမ်းကြတော့  လူများသည် အစွမ်းအစတွေနဲ့ မွေးဖွားလာကြတာပဲ ဖြစ်သည်။ လူတွေဟာ  မိမိရဲ့အစွမ်းအစကို  မဖော်ထုတ်နိုင်ခြင်း၊ အစွမ်းအစကို စနစ်တကျဖြစ်အောင် အသုံးမချနိုင်ခြင်းတို့ကြောင့် မအောင်မြင်ကြခြင်းဖြစ်သည်။

သို့ဖြစ်ရာ   အောင်မြင်တိုးတက်မှုရရှိလိုလျှင်  နည်းလမ်းကောင်းများကို စနစ်တကျ အသုံးချတတ်ရမည် ဖြစ်သည်။ စည်းကမ်းမဲ့နမော်နမဲ့ အမှတ်တမဲ့  ဆောင်ရွက်ကြလျှင် တိုးတက်မှုပန်းတိုင်နှင့် လွဲချော်နေမည်သာ ဖြစ်သည်။ ယခုအခါ မြန်မာနှစ်သစ်သို့ ကူးပြောင်းရောက်ရှိကျော်လွန်လာသည်မှာ လေးလခန့်ရှိပြီဖြစ်သည်။  အနာရှိလျှင်  ဆေးရှိသည် ဆိုသော ဆိုရိုးစကားအတိုင်းပင် ယခုအောင်မြင်တိုးတက်ရေး  နည်းလမ်းကောင်းများ ရှိနေပြီဆိုလျှင်  အဘယ်မှာ  မအောင်မြင်နိုင်အံ့နည်း။ 

အနှစ်ချုပ်တင်ပြရလျှင် အောင်မြင်တိုးတက်မှုရရှိရေး စွမ်းရည်မြင့်မားနည်းလမ်းများကို  အခြေခံရယူပြီး လူတိုင်းကိုယ်စီ အလုပ်လုပ်ကြပါ။ စိတ်ကောင်းစေတနာကောင်းမွေးမြူကြပါ။ တစ်ဦးနှင့်တစ်ဦး ကူညီစာနာ စောင့်ရှောက်ကြပါ။ စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်မှုနှင့်အတူ  မြန်မာ့ယဉ်ကျေးမှုအား လေးစားလိုက်နာ စောင့်ထိန်းသူများဖြစ်ကြလျှင် ခေတ်မီဖွံ့ဖြိုးတိုးတက်သောစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ လှမ်းချီနိုင်မည် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။   ။

မော်ကျွန်း-မြင့်အောင်