သင်လေဖြတ်နိုင်သလား
လေဖြတ်ခြင်းအကြောင်းအရာများကို တော်တော်လေးဖတ်ရှုလေ့လာဖူးလျှင် သို့မဟုတ် ပတ်ဝန်းကျင်၊ အိမ်နီးချင်း သိကျွမ်းသူတစ်ဦးဦး အကောင်းကြီးကနေ လေဖြတ်သွားသည်ကို တွေ့ရလျှင် သင့်ကိုယ်သင် ငါလေဖြတ်နိုင်သလားဟု စိုးရိမ်တွေးတောမိမည်မှာအမှန်ပင်ဖြစ်လေသည်။ ကျွန်ုပ်စာရေးသူကိုယ်တိုင်လည်း ဤကဲ့သို့ပင် မကြာခဏတွေးမိပါသည်။
အချို့ပုဂ္ဂိုလ်များသည် လေဖြတ်နိုင်သည့်လက္ခဏာ၊ ဥပမာ သွေးတိုး၊ နှလုံး စသည်တို့မရှိသည့် အပြင်ထုံခြင်း၊ ကျင်ခြင်း စသည်များကို သိပ်ပင်မသိရဘဲ လေဖြတ်သွားသောကြောင့်ဖြစ်ပါသည်။
ဥပမာပေးပါရစေ။ ထိုသူသည် အရပ်အမောင်း ကလည်းကောင်းသည်။ ငယ်စဉ်က အားကစားလုပ်ခဲ့သဖြင့် ကိုယ်နေဟန်ထား အချိုးအစားကျသည်မှာ အသက် ၅၀ ကျော်သည့်တိုင်မကျ။ ကားရှိသော်လည်း နံနက်တိုင်းလမ်းလျှောက်ထွက်သည်။ တစ်ခါတစ်ရံပြေးသည်။ တစ်ပတ်လျှင်နှစ်ရက် Golf ကွင်းသွားပြီး ဂေါက်ရိုက်သည့်အပြင် ဂေါက်ရိုက်နည်းပြအဆင့်ထိ ကျွမ်းကျင်သည်။
တစ်ခါတစ်ရံ သူ့အိမ်ရှေ့မြက်ခင်းပြင်တွင် ဂေါက်တံကို လေထဲတွင်လွှဲပြီးလေ့ကျင့်နေဟန်မှာ အချိုးကျလှသဖြင့် မျက်စိထဲတွင် ယနေ့အထိမြင်ယောင်နေမိသေးသည်။
ကြက်ဥတွေ အစားများသလား။ အဆီအအိမ့်တွေအစားများသလား မထင်နှင့်။ ကိုလက်စထရောနှင့် (Cholesterol) အဆီပိုများအကြောင်းကို သူကပင် ရှင်းပြလိမ့်ဦးမည်။ ရှောင်လည်းရှောင်သည်။
တောင်ဆင်းတောင်တက်လုပ်ခြင်းသည် နှလုံးကျန်းမာရေးအတွက် အလွန်ကောင်းသည်။ နှလုံးလေ့ကျင့်ခန်း ဖြစ်သည်ဆိုကာ မြို့ထဲတွင် တောင်တက်စရာ မရှိသဖြင့် သူ့မိတ်ဆွေတစ်ဦးနေထိုင်သော လေးထပ်မှ တိုက်ခန်းသို့ မကြာခဏ သွားတတ်ပြီး လည်ပတ်လေ့ရှိသည်။
ဤမျှ ကျန်းမာရေးကောင်းသူ၊ ကျန်းမာရေးနှင့်အညီ နေထိုင်ပြုမူသူ၊ သွေးတိုး၊ နှလုံးရောဂါဆိုဝေး။ ထောင့်စုံမှ အပြစ်ကင်း ကျန်းမာသူမှာ တစ်နေ့တွင် လေဖြတ်သွားသည် ဆိုသောအခါ ကြားရသူတိုင်းအံ့သြသွားကြပါသည်။
ဖြစ်ရပုံမှာ ထိုသူသည် ကျန်းလည်းကျန်းမာ၊ ဝမ်းလည်းမှန်သဖြင့် တစ်နေ့လျှင်နှစ်ကြိမ် အိမ်သာတက်လေ့ရှိသည်။ နံနက်အိပ်ရာထ ရေအဝသောက်ပြီးသည်နှင့် တစ်ကြိမ် အိမ်သာတက်သည်။ နောက်နေ့လယ်ထမင်းကြီးစားပြီး တစ်နာရီခန့်ကြာလျှင် တစ်ကြိမ်အိမ်သာတက်လေ့ရှိသည်။ ဤသည်မှာ နှစ်ပေါင်း များစွာကြာပြီဖြစ်သော သူ၏ အလေ့အကျင့်ပင်ဖြစ်သည်။ ညစာကိုတော့ သူကသိပ်မစားသဖြင့် ညစာစားပြီး ဝမ်းသွားလေ့မရှိဟု ဆိုသည်။
ထိုနေ့ နေ့လယ်နှစ်နာရီခန့်က သူသည် ထုံးစံအတိုင်း ဖတ်စရာစာအုပ်တစ်အုပ်ယူပြီး အိမ်သာဝင်သွားသည်။
သူသည် အိမ်သာတက်ရင်း စာဖတ်လေ့ရှိရာ နာရီဝက်ခန့်ကြာတတ်သည်။ အိမ်သူအိမ်သားများကလည်း အမှုမဲ့အမှတ်မဲ့နေရာမှ အိမ်သားတစ်ဦးအိမ်သာသွားချင်သဖြင့် အိမ်သာရှေ့ရောက်သွားသောအခါ တံခါးကပိတ်နေသည်။ အတော်ကြာကြာစောင့်ပြီး နောက်တစ်ခေါက်ထပ်သွားသော အခါမှာလည်း အိမ်သာတံခါး
ကမဖွင့်သေးသဖြင့် အနားကပ်သွားပြီး တံခါးခေါက်ကြည့်သည်။ အတွင်းမှ တုံ့ပြန်သံမကြားရ။ နောက်ထပ် ခပ်ပြင်းပြင်းခေါက်သည်။ ထိုအခါမှ အတွင်းမှအသံသဲ့သဲ့နှင့် ညည်းသံလိုလိုကြားရသည်။
ဤတွင်မှ အိမ်သားများအားလုံးကိုခေါ်ပြီး နောက်ဆုံးအိမ်သာတံခါးကိုဖျက်ဆီးကာ အတွင်းမှလူကို ဆွဲထုတ်ကြရသည်။ လေဖြတ်သွားပြီး ပါးစပ်မှဝူးဝါးဝူးဝါးနှင့် ပြောသည်။ စကားမပီသတော့။ ကျန်းမာရေး အလွန်ကောင်းသူဖြစ်၍ သတိတော့မလစ်၊ တစ်ကိုယ်လုံးအေးစက်နေသည်။ အိမ်သာထဲတွင် သူလဲနေသည်မှာ တစ်နာရီခန့်ကြာခဲ့ပြီကိုး။
အားလုံးဝိုင်းပွေ့ချီကြသည်။ ရန်ကုန်မြို့တွင် အကောင်းဆုံးဆေးရုံကြီးတစ်ခုသို့ ပို့ကြသည်။ စက်ကိရိယာများ ဓာတ်မှန်များဖြင့် ချက်ချင်းအဖြေရှာကြသည်။ အဖြေများထွက်လာသောအခါ ဘယ်တုန်းကမှ သွေးတိုးမရှိသောသူ့မှာ ရုတ်တရက်သွေးပေါင်တက်ပြီး ဦးနှောက်မှ ပင်မသွေးကြောမကြီးတစ်ခု ပေါက်သွားပြီဟု ဆိုသည်။
ဦးနှောက်သွေးကြောမကြီးတစ်ခု ပေါက်သွားပြီ ဆိုသည်နှင့် သွေးထောက်ပံ့မှုမရသော ဦးနှောက် အစိတ်အပိုင်းအချို့ သေသွားခဲ့ပြီဖြစ်သည်။ စကားမပြောနိုင်၊ မျက်စိအမြင် မကြည်မလင်ဖြစ်သည်။ တစ်ခါတစ်ရံ သတိလစ်သွားသည်။ ဆေးရုံမှ အထူးကြပ်မတ်ကုသည်။ အစာကို ပိုက်မှသွင်းသည်။ ပေါက်သွားသောသွေးကြောပိတ်စေရန် နောက်ဆုံးပေါ် ဆေးများသွင်းကြသည်။
နဂိုမူလက အလွန်ကျန်းမာရေး ကောင်းသူဖြစ်သဖြင့် သေရွာပြန်၊ ဆေးရုံမှတစ်လအကြာတွင် ဆင်းခဲ့နိုင် သော်လည်း လေဖြတ်သည့်ခန္ဓာကိုယ်တစ်ခြမ်းမှာ မလှုပ်နိုင်၊ ထူပေးမှထနိုင်သည်။ စကားမပီ၊ ပြောတာဘာမှန်းမသိ။ အိပ်ရာထဲမှာပင် အိုးထိုး၍ ဝမ်းသွားရတော့သည်။
ထိုပုဂ္ဂိုလ်ကြီးကိုကြည့်ပြီး သူ့အတွက်ရော ပြုစုရသည့်သူ့မိသားစုအတွက်ပါ အလွန်စိတ်မကောင်းဖြစ်ရသည်။ သူသည် တစ်ချိန်က ကျွန်ုပ်၏ ဆေးခန်းသို့ လာပြဖူးသည်။ ရောဂါမဟုတ်ပါ။ လက်စွယ်ငုပ်ရာမှ ပြည်တည်ပြီး လက်သန်းတစ်ချောင်းလုံးရောင်နေသောကြောင့်ဖြစ်သည်။ တိုင်းရင်းဆေးဝါလေးနှင့် လက်ဖက်အစိုရောနယ်ပြီး အုံပေးလိုက်ရာ နောက်တစ်ရက်တွင်ကောင်းသွားကြောင်း လာပြောသည်။ အခကြေးငွေလည်း မယူလိုက်ပါ။
သူတို့မိသားစုနှင့် ခင်မင်ရင်းစွဲရှိဖူးသဖြင့် မပင့်မခေါ်သော်လည်း သူတို့အိမ်သွားလည်ပြီး သူဘာကြောင့် လေဖြတ်ရသလဲဆိုတာကိုလေ့လာမိသည်။
ဤကဲ့သို့ ဒေါင်ဒေါင်မြည်တဲ့အိုးမှ အက်သွားရသည့် အကြောင်းရင်းက ဘာလဲ . . .၊
သူတို့အိမ်သို့ အခေါက်ခေါက်အခါခါသွားသည်။
သူလေဖြတ်ပုံ အိမ်သာထဲမှာလဲကျနေပုံတို့ကို သိလိုသဖြင့် သူဖြစ်ခဲ့သည့်အိမ်သာခန်းအထိ သွားကြည့်သည်။ သူတို့အိမ်မှာ အိမ်သာနှစ်လုံးတောင်ရှိသည်။ တစ်လုံးက ဘိုထိုင်၊ တစ်လုံးက ရိုးရိုးအထိုင်။
သူက ဘိုထိုင်မသွားတတ်။ အားမရသဖြင့် ရိုးရိုးအိမ်သာပဲထိုင်လေ့ရှိသည်။ ဤမှာပင် ချို့ယွင်းချက် တစ်ခုတွေ့ရသည်မှာ သူက အိမ်သာသွားတိုင်း ဆောင့်ကြောင့်ထိုင်ပြီး စာဖတ်လေ့ရှိခြင်းပင်ဖြစ်သည်။
စာဖတ်ကောင်းနေလျှင် ကြာသည့်အခါကြာသွားတတ်လေသည်။ ကျွန်ုပ်၏လူနာများထဲတွင် အချို့က အိမ်သာထိုင်လျှင် ဆောင့်ကြောင့်ထိုင်လျှင် ခြေနှစ်ဖက်ကျင်ထုံပြီး ပြန်အထတွင် မူးတတ်ကြောင်း ပြောသည်ကို သတိရမိပါသည်။ လူနာပြောသောစကားများသည် တစ်ခါတစ်ရံ ဆရာများကိုပြန်၍ပညာပေးတတ်သည်။
ဖြစ်ပုံက ဆောင့်ကြောင့်ထိုင်သောအခါ တံကောက်ကွေးအတွင်းတွင် ရှိသော သွေးကြောအဖွဲ့ (တံကောက်သွေးအိမ်) ကို ပိတ်ထားသကဲ့သို့ ဖြစ်သဖြင့်-
၁။ သွေးသည် ခြေဖျားသို့ဆင်းသွားပြီး သွေးပြန်ကြောမှ အပေါ်သို့ ပြန်ပေးသောအခါ တံကောက်ကွေးတွင် ပိတ်မိနေသည်။
၂။ နှလုံးမှ ပေါင်၊ ပေါင်မှ တံကောက်၊ တံကောက်မှ ဆင်းလာသော သွေးစီးကြောင်းမှာ ဆောင့်ကြောင့် ထိုင်ထားသဖြင့် တံကောက်တွင်ပိတ်သွားသည်။
၃။ ပိတ်သောသွေးသည် အထက်သို့ပြန်ဆောင့်သဖြင့် ပြောင်းပြန်တွန်းအားတစ်ခု နှလုံးဆီသို့ ရိုက်ခတ် လာသည်။
၄။ နှလုံးက သွေးစီးကြောင်းပိတ်မှန်းသိသဖြင့် ပိုညှစ်သောအခါ သွေးပေါင်တက်လာသည်။
၅။ သွေးပေါင်တက်သောဒဏ်ကို မခံနိုင်သောကြောင့် ဦးနှောက်အတွင်းမှ သွေးကြောပေါက်သွားသော အခါ လူသတိလစ်လဲကျသွားလေသည်။
ကျန်းမာရေး မည်သို့ပင်ကောင်းစေကာမူ အသက်အရွယ်ကြီးရင့်သောအခါ သွေးကြောများသည် မာကြွပ်ဆတ်ပြီး ဖိအားကိုသိပ်မခံနိုင်တော့ပါ။ ပလတ်စတစ်ပိုက်များ နှစ်ကြာဟောင်းလာလျှင် ကြွပ်ဆတ်ပြီး ကွဲအက်သကဲ့သို့ ဖြစ်သည်။
ထို့ကြောင့် ကျွနု်ပ်တို့သည် ထိုပုဂ္ဂိုလ်ကြီးကဲ့သို့ ကျန်းမာရေးကောင်းနေသူပင် အနေအထိုင်မတတ်လျှင် လေဖြတ်နိုင်ကြောင်း သတိပြုစရာမှတ်သားစရာဖြစ်လေသည်။ သူ့ဖြစ်စဉ်မှ သတိပြုစရာ အချက်မှာ အိမ်သာကြာကြာထိုင်ခြင်းနှင့် ဆောင့်ကြောင့် ထိုင်ခြင်းကြောင့် တံကောက်သွေးအိမ်ကြောပိတ်ခြင်းဖြစ်ရာ ဘယ်အကြောင်းကြောင့်နှင့်မျှ ကြာကြာဆောင့်ကြောင့်ထိုင်ခြင်း မပြုမိအောင် ရှောင်ကြဉ်ကြရန်ဖြစ်သည်။
ဆောင့်ကြောင့်ထိုင်ခြင်းကြောင့် ကြာလျှင်လေဖြတ်နိုင်သည်။ ဦးနှောက်သွေးကြောပေါက်နိုင်သည်ဟု အမြဲမှတ်ပါလေ။
သတိချပ်နိုင်ကြပါစေ။ ။
ကြည်လွင်မြင့်(မုဒြာ)