နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား
နေပြည်တော် ဩဂုတ် ၁၂
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများ၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများ ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွန်ကြားရေးမှူးချုပ်များ၊ အကဲဖြတ်ပညာရှင်များ နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ ဖြစ်တည်ပေါ်ပေါက်လာမှုနှင့် နှစ်ကာလများစွာ အရှည်တည်တံ့မှုဟူသော သမိုင်းကြောင်းများသည် ဖြစ်တည်ပေါ်ပေါက်လာခဲ့သည့် နိုင်ငံ၏ လုံခြုံရေး၊ စီးပွားရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုရေးရာ အခန်းကဏ္ဍများအပြင် စည်းလုံး ညီညွတ်မှုသည်လည်း ဆက်စပ်လျက်ရှိကြကြောင်း၊ ယဉ်ကျေးမှုဟူသည့် အခန်းကဏ္ဍကို ထပ်မံခွဲခြမ်းစိတ်ဖြာလျှင် ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုနှင့် စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုတို့ ပါဝင် လျက်ရှိသည်ကို တွေ့မြင်သိရှိနိုင်ကြောင်း။
ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ဖြစ်သည့့် ယူနက်စကိုအဖွဲ့ကလည်း ရုပ်ပိုင်းဆိုင်ရာ ဒြပ်ရှိယဉ်ကျေးမှု နှင့် စိတ်ပိုင်းဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုဟု သတ်မှတ်ထား ကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း၌ ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုပေါင်းမြောက်များစွာ သည် သမိုင်းနှင့်ချီကာ တည်ရှိနေခဲ့ပြီးဖြစ်ကြောင်း။
မိမိတို့ မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်ကြသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း၊ နေထိုင်ရာရေမြေဒေသသဘာဝကိုလိုက်၍ ဘာသာစကားများနှင့် ယုံ ကြည်သက်ဝင်သည့် ဓလေ့ထုံးတမ်းများကွဲပြားမှုများရှိသကဲ့သို့၊ တူညီသည်များလည်း ရှိကြ ကြောင်း၊ အားလုံးအတွက် “ဘုံ” သဘောဆောင်သည့် တူညီမှုသည် မိမိနိုင်ငံ၊ မိမိလူမျိုး၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို အတူတကွ မြတ်နိုးထိန်းသိမ်းမှုဆိုသည့့် အခြေခံစိတ် ဓာတ်ပင်ဖြစ်ကြောင်း။
နိုင်ငံအတွင်း စုစည်းနေထိုင်ကြသည့် တိုင်းရင်းသားတို့၏ ရိုးရာဂီတကို ဖန်တီးသော အခြေခံတူရိယာများသည် “ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်” ဆိုသည့် မြန်မာတို့၏ မူလတူရိယာငါးပါးတွင် တစ်ထပ်တည်းပါဝင်တူညီနေကြသကဲ့သို့ တိုင်းရင်းသား များ၏အက အခြေခံမူအားလုံးသည်လည်း “ခေါင်း၊ ခါး၊ ခြေ၊ လက်” ဆိုသည့့် မြန်မာနိုင်ငံ သားအားလုံး၏ အကအခြေခံစနစ်တွင် တစ်ထပ်တည်း အခြေတည်လျက်ရှိနေကြောင်း။
၁၉၉၃ ခုနှစ်တွင် စတင်ခဲ့သည့့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည် ၂၀၁၆ ခုနှစ်တွင်ရပ်တန့်ခဲ့ကြောင်း၊ အကျိုးဆက်အားဖြင့် မျိုးဆက် သစ် လူငယ်လူရွယ်များအကြား မြန်မာ့ရိုးရာအမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ တိမ် ကောစပြုလာခြင်း၊ ထိန်းသိမ်းပြန့်ပွားနိုင်သည့်ပညာရှင်များလျော့ပါးလာခြင်း၊ ရိုးရာယဉ် ကျေးမှုနှင့် ဖီလာဆန့်ကျင်သည့် လှုပ်ရှားမှုများ ခေါင်းထောင်လာရုံမျှမက ရိုးရာယဉ်ကျေးမှု၏ အမွေအနှစ်အချို့ကို ပညာရှင်ကြီးများ စိတ်မချမ်းမသာဖြစ်ရသည်အထိ ထိပါး သွေးတိုးစမ်း ခြင်းများရှိလာကြောင်း၊ အနုသုခုမယဉ်ကျေးမှုနှင့် မိရိုးဖလာဓလေ့ထုံးတမ်းများသည် အပြန် အလှန် အမှီသဟဲပြု၍ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ရိုးရာယဉ်ကျေးမှုအနုသုခုမများ မှေး မှိန်သွားသည့့်အခါ နေ့စဉ်ဖြတ်သန်းရသည့်လူမှုဘဝများတွင် အပြန်အလှန်လေးစားမှု၊ ကြီး သူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားဆိုပြီး အလေးထားကြသည့် မိရိုးဖလာ ဂါရဝတရားများပါ ကွယ်ပျောက်လုနီးပါးဖြစ်လာခဲ့ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏တာဝန်ဝတ္တရားများကို လွှဲပြောင်းတာဝန်ယူစဉ် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များချမှတ်ပြီး စနစ်တကျ ဆောင်ရွက်နေကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကချမှတ်ထားသည့် ဦးတည် ချက်၉ရပ်၏ လူမှုရေးဦးတည်ချက်များတွင် “တိုင်းရင်းသား လူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” ဆိုသည့် ဦးတည်ချက်ကို တိကျစွာ ထည့်သွင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
ထို့ကြောင့် မကျင်းပနိုင်ခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ် ဆောင်ရွက်နေသည့် ဦးတည်ချက်နှင့်အညီ (၂၃) ကြိမ်မြောက်အဖြစ် ယခင်ကာလများကဲ့သို့ ခန့်ညား ထည်ဝါစွာ ပြန်လည်ကျင်းပနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
၂၀၂၂ ခုနှစ်၊ မေ ၅ ရက်က ကျင်းပသည့့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “နိုင်ငံတော်အနေဖြင့် မကြာမီကာလတွင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ခမ်းခမ်းနားနားစည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည့်အတွက် တာဝန်ရှိသူများအနေဖြင့် ကဏ္ဍပေါင်းစုံမှ ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်နိုင်ရေးနှင့် ပြိုင်ပွဲများတွင် တရားမျှတမှုရှိအောင် ကြိုတင်စီမံဆောင်ရွက် ထားရှိရန်” ဟု လမ်းညွှန် မှာကြားခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို တာဝန်ယူ ကျင်းပဆောင်ရွက်ကြမည့် လုပ်ငန်းကော်မတီနှင့် ကော်မတီ၊ ဆပ်ကော်မတီများတွင် တာဝန်ယူဆောင်ရွက်ကြရသူများအနေဖြင့် ရရှိထားပြီးဖြစ်သည့့် အတွေ့အကြုံ အရည်အချင်းများကို အခြေတည်ပြီး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်နိုင်ပြီး၊ ထူးချွန် ထက်မြက် ထိုက်တန်သူများကို ထိုက်တန်သည့်အလျှောက် ချီးမြှင့်နိုင်ရန် ဝိုင်းဝန်းပံ့ပိုးကြိုးပမ်းကြရမည်ဖြစ်ကြောင်း။
ယခုနှစ် ကျင်းပမည့် (၂၃)ကြိမ်မြောက် ပြိုင်ပွဲကြီးတွင် ယခင်နှစ်များနည်းတူ အဆို ဘာသာရပ်အနေဖြင့် ပြိုင်ပွဲအမျိုးအစား(၃)ခု၊ အက ဘာသာရပ်အနေဖြင့် ပြိုင်ပွဲအမျိုး အစား (၈)ခု၊ အရေး ဘာသာရပ်အနေဖြင့် ပြိုင်ပွဲအမျိုးအစား(၁)ခုနှင့် အတီး ဘာသာရပ် အနေဖြင့်ပြိုင်ပွဲအမျိုးအစား (၁၃)ခုတို့ကို ထည့်သွင်းကျင်းပရန် စီစဉ်ထားကြသည်ကို သိရ ကြောင်း။
အကပြိုင်ပွဲတွင် တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲအနေဖြင့် မွန်ရိုးရာအကကို စုပေါင်းပါဝင်ယှဉ်ပြိုင်ကြရမည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်း ရင်းသားညီအစ်ကို မောင်နှမများအချင်းချင်း တစ်ဦး၏ ယဉ်ကျေးမှုအနုသုခုမပညာ၊ သီဆို တီးမှုတ်မှု၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုနှင့် ဓလေ့ထုံးတမ်းများကို တစ်ဦးက လေ့လာသိရှိခွင့်၊ လေးစားလိုက်နာ ဆောင်ရွက်ခွင့်ရရှိမည် ဖြစ်ကြောင်း၊ ဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး၏ ကောင်းမြတ်သည့် အစဉ်အလာတစ်ရပ်လည်းဖြစ်ကြောင်း။
မြန်မာ့အနုသုခုမသဘင်၏ နှုတ်မှုစွမ်းရည်ပညာရပ် အတတ်ပညာဖြစ်သည့် “ကွက်စိပ်” ပညာရပ်သည်လည်း တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်နေကြောင်း၊ ကွက်စိပ် ပြိုင်ပွဲကိုလည်း အစဉ်အလာမပျက် ဆက်လက်ထည့်သွင်း ယှဉ်ပြိုင်သွားဦးမည်ဟု သိရကြောင်း၊ အမြင့်သဘင်ဟု တင်စားသတ်မှတ်ခဲ့ကြသည့် မြန်မာ့ရုပ်သေးကြိုးဆွဲပညာ သည် ဒေသတွင်းသာမက နိုင်ငံတကာအထိ ထိုးဖောက်နိုင်ခဲ့သည့့် အနုပညာရပ်ဖြစ်ကြောင်း၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကြောင့် ရုပ်သေးပညာရှင် မျိုးဆက်သစ်ပေါင်း များစွာ ကို လက်ဆင့်ကမ်း မွေးထုတ်ပေးနိုင်ကြောင်း၊ နိုင်ငံတကာစိတ်ဝင်စားမှုနှင့်အတူ နိုင်ငံခြား ဝင်ငွေ ရှာဖွေနိုင်သည့် အတိုင်းအတာတစ်ခုအထိ ထိုးဖောက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း။
အထူးအားဖြင့် ယခု(၂၃)ကြိမ်မြောက်တွင် ဇာတ်သဘင်ပြိုင်ပွဲအဖြစ် ထည့်သွင်း ယှဉ်ပြိုင်မည့် “ရာမာယဏ” ဇာတ်တော်ကြီးသည် အစဉ်အလာကြီးမားသည့် ဇာတ်တော်ကြီး ဖြစ်ကြောင်း၊ ရာမာယဏဇာတ်တော်ကြီးကို မြန်မာသက္ကရာဇ် ၁၁၂၅ ခုနှစ်၊ ဆင်ဖြူရှင်မင်းလက်ထက်မှစ၍ နန်းတွင်းရာမဇာတ်အဖြစ် စတင်ကပြခဲ့သည်ကို မှတ်သား သိရှိရကြောင်း၊ ရာမာယဏဇာတ်တော် ကြီးကို မြန်မာ့သဘင်၏ အနှစ်သာရဖြစ်သည့် ဆို၊ ငို၊ ပြော ပညာရပ်များ၊ မဟာဂီတဝင် တေးသီချင်းများ၊ ဇာတ်ပို့ဆိုင်း တီးချက်များဖြင့် ပါဝင် ယှဉ်ပြိုင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း။
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ ပြိုင်ပွဲကြီး၏ ဂုဏ်သိက္ခာနှင့်လျော်ညီစွာ ထည်ဝါခန့်ညားစွာ ကျင်းပနိုင်ရေးအတွက် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား ကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲ ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆုချီးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် အခြားအုပ်ချုပ် ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များတွင် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအနေဖြင့် ပွင့်လင်းစွာဆွေးနွေးပြီး ပူးပေါင်းညှိနှိုင်းဆောင်ရွက် နိုင်ရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဦးတည်ချက်များ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ ဖွဲ့စည်းထားရှိမှုများနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဦးစီးကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း က ပြိုင်ပွဲကျင်းပရေးနှင့်ပတ်သက်သည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများနှင့် အကဲဖြတ်ပညာရှင် များက (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။