ရန်ကုန်၊ ဘောလုံး
မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံး အသင်းအနေဖြင့် နိုင်ငံတကာပြိုင်ပွဲများအတွက် လာမည့် နှစ်ဆန်းပိုင်းမှသာ စခန်းသွင်း လေ့ကျင့်နိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန် ရှိသူတစ်ဦးကပြောသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်တွင် COVID-19 ရောဂါအခြေအနေကြောင့် ပြီးခဲ့သည့် မတ်လအတွင်းက ကာလတိုသာ လေ့ကျင့်နိုင်ခဲ့ပြီး လက်ရှိတွင် လေ့ကျင့်မှုများ ရပ်နားထားရသည်။ မူလက ယခုနှစ်ကုန်ပိုင်းတွင် စုစည်းလေ့ကျင့်မှုများ ပြန်လည်ပြုလုပ်ရန်ရည်မှန်းထားသော်လည်း COVID-19 ရောဂါကြောင့် လာမည့်နှစ် ဇန်နဝါရီလအတွင်း၌သာ အစောဆုံးလေ့ကျင့်နိုင်ဖွယ်ရှိသည်။
“လက်ရွေးစင်အသင်း လေ့ကျင့်ဖို့ကို အရင်ကတော့ ဒီနှစ်ကုန်ပိုင်းလောက် မှန်းထားပေမယ့် အခု COVID-19 ရောဂါအခြေအနေကြောင့် မလွယ်နိုင်သေးဘူး။ လက်ရွေးစင် ကစားသမားရွေးလိုက်ပြီဆို ရင် လိုအပ်တဲ့ကျန်းမာရေး စစ်ဆေးမှုတွေ၊ Quarantine ထားတာတွေလည်း လုပ်ရဦးမယ်။ ဒါကြောင့် လာမယ့်နှစ်ဆန်းပိုင်းလောက် စနိုင်ဖို့များပါတယ်။ နိုင်ငံတကာပြိုင်ပွဲတွေကတော့ လာမယ့် နှစ်မတ်လလောက်ကစပြီး ဇွန်လအထိ ယှဉ်ပြိုင်ရမှာပါ” ဟု ၎င်းကပြောသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) သည်လာမည့်နှစ် နိုင်ငံတကာ ရက်သတ္တပတ်အဖြစ် ၂၀၂၁ ခုနှစ် မတ် ၂၂ ရက်မှ ၃၀ ရက်အထိ၊ မေ ၃၁ ရက်မှ ဇွန် ၁၅ ရက်အထိ၊ သြဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၇ ရက်အထိ၊ အောက်တိုဘာ ၄ ရက်မှ ၁၂ ရက်အထိ၊ နိုဝင်ဘာ ၈ ရက်မှ ၁၆ ရက်အထိ ငါးကြိမ် သတ်မှတ်ထားကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ယခုနှစ်အတွင်း ရွှေ့ဆိုင်းခဲ့သည့်ပြိုင်ပွဲများအနက် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှ ဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲစဉ်များကို ၂၀၂၁ ခုနှစ် မတ်လနှင့် ဇွန်လအတွင်း ပြန်လည်ကျင်းပဖွယ်ရှိကြောင်း နိုင်ငံတကာ မီဒီယာတချို့က ဖော်ပြထားသည်။
ထို့ပြင် အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF)သည် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဧပြီ ၁၁ ရက်မှ မေ ၈ ရက်အထိ ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ကိုရဲ