မောင်လေးရေ ထပါတော့   ညီမလေးရေ ထပါတော့

မောင်လေးရေ ထပါတော့   ညီမလေးရေ ထပါတော့

“မောင်လေးရေ ထပါတော့ ရောင်နီလာလှပေါ့..ညီမလေးရေ ထပါတော့ ရောင်နီလာလှပေါ့ ...”တေးသံရှင်အန်တီတင်တင်မြရဲ့ တစ်ကျော့နှစ်ကျော့ တေးကိုသီဆိုတဲ့ သီချင်းလေးထဲက  သံစဉ်အပိုင်းအစလေးများက စာရေးသူနားထဲသို့ တိုးဝှေ့ဝင်ရောက်ခဲ့ပါတယ်။ တေးရေးဆရာက သီချင်းလေးကို သူ့အဓိပ္ပာယ်နှင့်သူ သီကုံးရေးစပ်ခဲ့တာပါ။ သို့ပေသိ ထိုတေးသွား သံစဉ်လေးတစ်ခုက စာရေးသူရဲ့ အတွေးအာရုံထဲမှာ အခြားဖြစ်ရပ်တစ်ခုနှင့် နှိုင်းယှဉ်လို့ သွားရောက်မြင်ယောင်မိပါတယ်။ ဒါကတော့ ဝါဒမှိုင်းအသွယ်သွယ်ကြောင့် ဥပဒေပြင်ပကို ရောက်ရှိသွားကြတဲ့ လူငယ်မျိုးဆက်သစ်များနဲ့ CDM ဝန်ထမ်းများ ဥပဒေဘောင်ထဲ ပြန်လည်ဝင်ရောက်လာရေး ကိစ္စရပ်ပါပဲ။ သူတို့တွေအတွက် ဖြစ်ပေါ်လာတဲ့ ခံစားချက်တစ်ခုကို စာရေးသူက “မောင်လေးရေထပါတော့ ညီမလေးရေ ထပါတော့”ဟုအမည်တပ်ပြီး ဆောင်းပါးလေးတစ်ပုဒ် ပုံဖော်ရေးစပ်လိုက်ရပါတယ်။

လက်ရှိနိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေနဲ့ ပြည်တွင်းပြည်ပ အသီးသီးမှာရှိနေကြတဲ့ ကျောင်းသား၊ကျောင်းသူများ၊ လူငယ်လူရွယ်များနှင့် CDM ဝန်ထမ်းများကို ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေး အသိပေး ထုတ်ပြန်ခြင်းများ ရှိနေသလို  PDF အပါအဝင်  အဖွဲ့အစည်း အမျိုးမျိုးအမည်ခံပြီး လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ဝင်လိုသူများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းများလည်း စဉ်ဆက်မပြတ် ရှိနေပါတယ်။ ဒါ့အပြင် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များကို  ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်မှုများကိုလည်း ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှာ တပ်မတော်က တာဝန်ယူဆောင်ရွက် ပေးလျက်ရှိပါတယ်။ နိုင်ငံတော်ပိုင် သတင်းစာတွေမှာ တရားဝင် ထုတ်ပြန်ကြေညာချက်တွေထုတ်ပြန်ပြီး တရားဝင်ချပြခြင်းဟာ  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီရဲ့ စေတနာမေတ္တာ တရားတွေကို ဖွင့်ဟနေခြင်းပဲဖြစ်တယ်ဆိုတာ အဝေးရောက်မောင်မယ်များ တထစ်ချ ယုံကြည်ကြဖို့ လိုပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဘုရင့်တပ်မတော်မှ Lt.Gen.Apichet Suesa ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံရာမှာလည်း ဒီအကြောင်းအရာနဲ့ စပ်လျဉ်းပြီး ဆွေးနွေးခဲ့ပါသေးတယ်။ ဒါတွေကတော့  နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုများနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာအောင် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများ...၊ မြန်မာ့တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိရန်ရည်ရွယ်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေး ကမ်းလှမ်းဖိတ်ခေါ်ပြီး တွေ့ဆုံဆွေးနွေးနေမှု အခြေအနေများ၊  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ထားသည့် ပြည်တွင်း၊ ပြည်ပရှိ အချို့သော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်နှင့် CDM ဝန်ထမ်းများအား ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေး အသိပေး ထုတ်ပြန်ထားမှုကို ထိုင်းတပ်မတော်မှလည်း ၎င်းတို့၏နယ်စပ်ဒေသများမှ မြန်မာနိုင်ငံသို့ အလွယ်တကူပြန်လည် ဝင်ရောက်နိုင်ရေး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာပဲ တွေ့ဆုံဆွေးနွေးခဲ့ပြီးပါပြီ။ အဝေးရောက်မောင်မယ်များကို ပြောချင်တာကတော့ ဒါတွေဟာ အိပ်မက်မဟုတ်ပါဘူး။

အမေ့အိမ်ပြန်လာချင်နေသူတွေ အတွက် ပြန်လာချင်စိတ်တစ်ခုနဲ့သာ ရုန်းထလိုက်ရင် အိမ်ပြန်ရောက်ပါပြီဆိုတာ လက်ရှိ ပကတိတရားက ညွှန်းဆိုပြီးသားပါ။

၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ (၁၇)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲမှာလည်း သူရိယနေဝန်းဂျာနယ်က ကိုမိုးဟိန်းကလည်း အကြောင်းအမျိုးမျိုးကြောင့် ဥပဒေပြင်ပ ရောက်နေကြတဲ့မောင်မယ်တွေ အမိမြေဆီ ပြန်လာခဲ့ဖို့   ပြည်ထောင်စုဆိုတဲ့ အမိမြေကိုပြန်လာတဲ့လမ်းမှာ အနိုင်တွေ အရှုံးတွေ မလိုကြောင်း၊ သူကိုယ်တိုင်ပင် အိမ်ပြန်မှန်ခဲ့သူဖြစ်ကြောင်း၊ ထိုခေတ်ထိုကာလက အိမ်ပြန်မရောက်နိုင်သူတွေ ရှိခဲ့ကြောင်းကို သတင်းစာရှင်းလင်းပွဲက တစ်ဆင့်   ဖွင့်ဟခဲ့ပြီးပါပြီ။

အဝေးရောက်မောင်မယ် တစ်တွေသိစေရမှာက ကိုမိုးဟိန်း ဆိုတာ တစ်ချိန်က မောင်မယ်တို့လို သမိုင်းညစ်နွံထဲမှာ နစ်မွန်းခဲ့သူ ဆိုတာပါပဲ။ သူကိုယ်တိုင် ရုန်းထခဲ့လို့ ယနေ့အိမ်ပြန်ရောက်ခဲ့တယ်ဆိုတဲ့  ပကတိ အရှိတရားကို တွေးမြင်ကြည့်ကြပါစို့။

အဝေးရောက်မောင်မယ်များလိုပဲ တစ်ချိန်ကသူတို့တစ်တွေ အိမ်ရဲ့အဝေးကို ရောက်သွားခဲ့ကြဖူးပါတယ်။ ၁၉၈၈ ဆိုတဲ့ သမိုင်းညစ်တစ်ခုကို ပြန်ဆန်းစစ်ရင် ဒီအကြောင်းတွေကို  အတိတ် သမိုင်းညစ်အဖြစ် ပြန်မြင်တွေ့ရပါတယ်။ ညစ်သည်ဖြစ်စေ ဖြူစင်သည် ဖြစ်စေ  ကိုယ့်မြေပေါ်မှာ အကြောင်းကြောင့် အကျိုး ဖြစ်လာတာမှန်သမျှ အမိမြန်မာပြည်ဖွားအားလုံးက သမိုင်းအဖြစ် လက်ခံချင်ချင် လက်မခံချင်ချင် လက်ခံခဲ့ရတာပါပဲ။ ၁၉၈၈ ခုနှစ်မှာ ဗမာပြည် ကွန်မြူနစ်ပါတီဝင်တွေ၊ လက်ယာအင်အားစုများ ဖြစ်တဲ့ ပြည်ပအသံလွှင့် ဌာနအချို့တွေ၊ ပြည်ပစာနယ်ဇင်းသမား အချို့နဲ့ ပြည်ပရောက်အစိုးရ ဆန့်ကျင်သူများ ပူးပေါင်းပြီး မြန်မာနိုင်ငံကို  အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ ထိုခေတ် ထိုကာလက ကျောင်းသားလူငယ်များကို အသုံးချပြီး     မြေပေါ်မြေအောက် လှုပ်ရှားမှုများအဖြစ် ဖန်တီးခဲ့ကြပါတယ်။

ပြည်တွင်းက ကျောင်းသားလူငယ်များကို နယ်စပ်ဒေသများသို့ ထွက်ပြေးအောင် နည်းမျိုးစုံသုံးပြီး လှုံ့ဆော်ခဲ့ကြတယ်။ ကျောင်းသားလူငယ်တွေ နယ်စပ်ဒေသ ရောက်ပြီဆိုတာနဲ့ သူတို့ကိုဗန်းပြပြီး နိုင်ငံရပ်ခြား တိုင်းပြည်တွေဆီက  ငွေကြေးရှာပုံတော် လုပ်ကြတော့တာပါပဲ။

ဒီလိုလှုံ့ဆော်တဲ့နေရာမှာ   ပြည်ပြေးအဖွဲ့အချို့က ရန်ကုန်ကိုလာပြီး စည်းရုံးလှုံ့ဆော်တာတွေလည်း ရှိပါတယ်။ ငွေကြေးတွေ တစ်ပါတည်း ထောက်ပံ့ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးရာမှာ ကူညီခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ မြေပေါ်မြေအောက် နိုင်ငံရေး အန်တုမှုတွေကို ပြည်ပရှိ  သံရုံးများ၊  မီဒီယာများနဲ့ စည်းဝါးရိုက်ပြီး ကြံစည် လုပ်ကိုင်ခဲ့ကြတာ သူတို့ပါ။

လူငယ်သဘာဝအရ လူငယ်တွေဟာ တက်ကြွတယ်။ အမှန်တရားကိုမြတ်နိုးတယ်။ စိတ်အားထက်သန်မှုရှိတယ်။ စွန့်စားလိုစိတ် ရှိတယ်။ ဒီလိုစိတ် အခြေခံကောင်းတဲ့ လူငယ်တွေကို အမှောင့်တရား အမျိုးမျိုးနဲ့ ဖျက်ဆီးပြီး တိုင်းပြည်အခြေအနေ အမှန်ကို သိခွင့်မပေးဘဲ လမ်းမှားကိုရောက်အောင် တွန်းပို့ခဲ့တာ အတိတ်သမိုင်း ဇာတ်လမ်းထဲက ဗီလိန်ဇာတ်ကောင်ကြီးတွေပါ။ လူငယ်တွေဆိုတာ နိုင်ငံ့အကျိုးကို ဘယ်လိုအကျိုးရှိအောင် ဆောင်ရွက်ရတယ်ဆိုတာထက်  ဆူပူအကြမ်းဖက်မှု ဆိုတာ ဘယ်လိုလုပ်ဆောင်ရတယ် ဆိုတာကိုပဲ ဦးတည်သိမ်းသွင်း လမ်းပြခဲ့ကြသူတွေပါ။ ဒါဟာ အမိမြေရဲ့အနာဂတ်ကို ရည်ရွယ်ချက်ကြီးကြီးနဲ့ ရိုက်ချိုးဖျက်ဆီးခဲ့တဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။    သို့သော် ယနေ့ထိ ဒီလုပ်ရပ်တွေ အကင်းမသေသေးပါဘူး။ ဖျက်ဆီးလွယ်၍ ယုံလွယ်နေကြတုန်းပါပဲ။

ယနေ့လူမှုကွန်ရက်တွေမှာ တောထဲရောက် လူငယ်အချို့ရဲ့ လက်တွေ့ခံစားနေရတဲ့ ခံစားချက် Video Click လေးတွေကို  စာရေးသူကြည့်ဖြစ်ပါတယ်။

အကြမ်းဖက် ကိစ္စရပ်တွေရဲ့နောက်ကွယ်က ကြိုးကိုင်နေတဲ့ NUG အမည်ခံ အကြမ်းဖက် အဖွဲ့အစည်းမှ  နိုင်ငံခြားထွက်ပြေး တိမ်းရှောင် နေကြသူတွေဟာ”မျောက်ပြဆန်တောင်း” ဆိုသလို လူငယ်တွေရဲ့ အသက်နဲ့ဘဝတွေကို စတေးပြီး  အလှူခံနေကြပေမယ့်  ရရှိလာတဲ့အလှူခံငွေတွေဟာ လက်တွေ့မှာတော့ သူတို့တွေရဲ့ မိသားစုတွေအတွက် နိုင်ငံခြားမှာ ချမ်းချမ်းသာသာ နေထိုင်နိုင်ရေးနဲ့ သူတို့သားသမီးတွေ ပညာရေးအတွက် သုံးစွဲနေကြတာ တွေ့ရမှာပဲဖြစ်ပါတယ်။   ဝါဒမှိုင်းတွေ၊ အကြောက်တရားတွေ၊ နည်းလမ်းအမျိုးမျိုးနဲ့ သိမ်းသွင်းခံထားရတဲ့ စတေးခံလူငယ်တွေကတော့ တောတွင်းတစ်နေရာမှာ အငတ်ငတ်အပြတ်ပြတ် ဒုက္ခအဖုံဖုံနဲ့ တွေ့ကြုံနေရပြီး ဒီဘက်လည်း ကြည့်ပေး၊ လှူပေးကြပါဦး၊ ရှိပြီးသားဘက်တွေပဲ လှူမနေနဲ့ဦး စသဖြင့် ရင်ဖွင့်သံတွေ မြင်တွေ့ကြားသိ ရပါတယ်။ စိတ်မကောင်းစရာပါပဲ။ အဝေးရောက်မောင်မယ်များနဲ့ စာဖတ်သူတွေကို တစ်ခုတော့ မျှဝေပေးချင်ပါသေးတယ်။ ဒါကတော့ ပြည်ပအထောက်အပံ့ဟု ဆိုတာပါပဲ။ ပြည်ပအထောက်အပံ့ ဆိုတာ Moral (စိတ်ဓာတ်)၊ Military (စစ်ရေး)၊ Money and Material (ငွေနှင့်ပစ္စည်း)ဆိုတဲ့ ''M'' သုံးလုံးကိုအခြေခံပြီး ပြည်ပနိုင်ငံတွေက ဖန်တီးကြတာပါ။   Moral (စိတ်ဓာတ်)ဆိုတဲ့နေရာမှာ ထိုခေတ်ပဋိပက္ခတွေကြောင့် မြန်မာတွေကြား ဖြစ်ပေါ်နေတဲ့ သွေးကွဲနေတဲ့စိတ်ကို အခြေခံပြီး မြန်မာတို့ရဲ့ ယခုစိတ်ဓာတ်မျိုးကို ထောက်ခံကြောင်း ဆိုတဲ့စကားမျိုး၊ Military လို့ ဆိုတဲ့နေရာမှာ ၎င်းတို့အနေနဲ့ မြန်မာနိုင်ငံတွင်းမှာ ကြီးမားတဲ့ စစ်ရေးမြှုပ်နှံထားခြင်း မရှိဘူး၊  သူတို့ပြည်ပနိုင်ငံသားတွေ  အခြေချနေထိုင်ခြင်း မရှိဘူးဆိုတာပဲ။ ဒီအချက်ကို နားလည်အောင် ချပြရရင် မြန်မာမှာစစ်ဖြစ်လို့ တိုက်ကြစတမ်းဆိုရင်  ဘယ်သူတွေသေကျေ ပျက်စီးကြမှာလဲ၊ ဘယ်နိုင်ငံရဲ့ သက်ရှိသက်မဲ့ ဒြပ်ရှိဒြပ်မဲ့တွေ ပျက်စီးကြမှာလဲဆိုတာကို တွေးကြည့်ရမှာပါ။ ဒီလို အခြေအနေနှစ်ရပ် အပေါ်မှာမှ Money and Material  ဆိုတဲ့ ငွေနဲ့ပစ္စည်းတွေကို အကူအညီ ပေးသွားတာပဲဖြစ်ပါတယ်။ ဒါဟာ  ပြည်ပအထောက်အပံ့ ဆိုတာပါပဲ။

အဝေးရောက် မောင်မယ်များဘက်က ပြန်ကြည့်မယ်ဆိုလည်း ထွက်ပြေးရတဲ့သူ သုံးမျိုးသုံးစား ရှိပါတယ်။

၁၉၈၈ ကတည်းကဆိုပါစို့။ ဖမ်းမှာကြောက်၍ ထွက်ပြေးသူတွေ၊ သူငယ်ချင်းအချင်းချင်း ခင်မင်၍သွားကြသူတွေ၊ မြို့ပေါ်ဆူပူလှုပ်ရှားမှုနဲ့ အချို့ကာလတွေမှာ ပြစ်မှု ကျူးလွန်ခဲ့သူတွေပါပဲ။ စာရေးသူနဲ့ ခင်မင်ခဲ့ရတဲ့ ညီငယ်တစ်ယောက်ဆိုရင် တပ်မတော်မှ တပ်မတော်ဆိုတဲ့သူမျိုး။ CDM အုံကြွမှုတွေဖြစ်တော့ လူအုပ်ထဲမှာ ဆိုင်းဘုတ်ကိုင်ပြီးကြွေးကြော်နေလေရဲ့။ မေးမြန်းကြည့်ရာမှာတော့ သူ့ကောင်မလေးက ဆန္ဒပြမှအဖြေပေးမယ်ဆိုလို့တဲ့လေ။ ဒါပါပဲ။အဖြေကဒါတွေပါပဲ။ ဒီလိုနဲ့ မြို့ပေါ်ဆူပူအုံကြွမှုတွေက တစ်ဆင့် လက်နက်ကိုင် သောင်းကျန်းသူ နယ်မြေအသီးသီးကို ရောက်သွားခဲ့ကြတော့တာပါပဲ။ အဲ့ဒီနယ်မြေတွေရောက်တဲ့ အခါမှာလည်း စစ်သင်တန်းတွေ တက်ရ၊ ဖောက်ခွဲရေးသင်တန်းတွေ တက်ရ။ မဝရေစာတွေစားရ။ အဖိနှိပ်ခံရ။ နှိပ်စက်ခံရ။ လူမျိုးရေးခွဲခြားခံရ။ ဖျားကြနာကြနဲ့ စတဲ့စတဲ့ဒုက္ခ အသွယ်သွယ်ကို  ခါးစည်းခံခဲ့ကြတာပါပဲ။  ဒါ့အပြင် ကျောင်းသားအဖွဲ့ကြားမှာ အုပ်စုဖွဲ့ဗိုလ်လုမှုတွေလည်း ကြုံတွေ့ကြတာပဲ။ တချို့သောင်းကျန်းသူ အဖွဲ့တွေက အိမ်ပြန်ချင်တဲ့ကျောင်းသားတွေကို ပြန်ပို့ချင်တယ်။ 

ကျောင်းသားသမဂ္ဂခေါင်းဆောင် ဆိုတဲ့သူတွေက မပြန်ခိုင်းကြဘူး။ အချို့သောင်းကျန်းသူ အဖွဲ့တွေက သူတို့အဖွဲ့အတွက် လူသစ်စုကြတယ်။ သူတို့အဖွဲ့ထဲ ဝင်ခဲ့သူ၊ မဝင်ခဲ့သူတွေကြားမှာ အစာရေစာကျွေးမွေးမှုက ကွာခြားသေးတယ်။ ခိုးပြီးထွက်ပြေးကြတယ်။ အစာရေစာငတ်ပြတ်မှု၊ တောခရီးလမ်း ကြမ်းတမ်းမှုတွေကြောင့် လမ်းခုလတ်ရွာတွေမှာ သူငယ်ချင်းအချင်းချင်းတွေ ထားခဲ့ကြရတယ်။ သေသည်လား ရှင်သည်လား ယနေ့အထိ မသိသူတွေ ဒုနဲ့ဒေးပါပဲ။ ဒါတွေဟာ ၁၉၈၈ ခုနှစ်က အဝေးရောက်မောင်မယ်များ ခံစားခဲ့ရတဲ့ အတိတ်သမိုင်းတွေပါပဲ။ ယနေ့အဝေးရောက် မောင်မယ်များလည်း  လက်တွေ့ ခံစားနေရလောက်ပြီလို့ စာရေးသူ တွေးမြင်မိပါတယ်။ မောင်မယ်တို့ကို အဝေးရောက်အောင် လှုံ့ဆော်သူတွေလို့ ဆိုတဲ့နေရာမှာ  သမိုင်းအထောက်အထား တစ်ခုနဲ့ ထင်ဟပ်ပြသပါရစေ။

၁၉၈၈ ခုနှစ်လောက်က ဒေါက်တာဘမော်ရဲ့သား ဇာလီမော်တို့ ဦးစီးတဲ့ မြန်မာနိုင်ငံဒီမိုကရေစီ အင်အားစုများ စည်းလုံးညီညွတ်ရေး တပ်ပေါင်းစုဟာ ဦးရဲထွန်းဆိုသူနဲ့ ချိတ်ဆက်ပြီး လူငယ်တွေကို အခုလိုမြေပေါ်မြေအောက် ဆူပူလှုပ်ရှားမှု အသွင်အမျိုးမျိုး ဖန်တီးခဲ့ပါတယ်။ ဦးရဲထွန်းသည် ယခင်ခေတ်တစ်ခုက လွှတ်တော်တရားရေး ဝန်ကြီးဟောင်း ဦးချန်ထွန်းရဲ့ သားဆိုတာ မှတ်တမ်းတွေအရ သိရပါတယ်။ သူဟာ အဲ့ဒီခေတ်က လူငယ်ကျောင်းသားတွေကို မြေပေါ်မြေအောက် လှုပ်ရှားမှုတွေပြုလုပ်ဖို့ ငွေကြေး အထောက်အပံ့တွေနဲ့ အားပေးအားမြှောက် ပြုခဲ့တာတွေ၊ လူငယ်တွေကို သောင်းကျန်းသူအဖွဲ့တွေနဲ့ ဆက်သွယ်နိုင်ဖို့ ကူညီခဲ့တာတွေ စတဲ့ ကိစ္စရပ်တွေမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ တစ်ယောက်ပါ။ သို့ပေသိ  ဦးရဲထွန်းသည်  သူ့သားနဲ့သမီးကို ၁၉၈၈ ခုနှစ် အရေးအခင်းမှာ မပါဝင်အောင် ရှောင်လွှဲပြီး အခြားသို့စေလွှတ်ခဲ့တယ်။ သားဖြစ်သူ ဥက္ကာမော်ထွန်းကိုတော့ ၁၉၈၈ ခုနှစ် နိုဝင်ဘာလမှာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ကတစ်ဆင့် နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ စီစဉ်စေလွှတ်ခဲ့ပါတော့တယ်။ ပထမတော့ ကနေဒါမှာ အလုပ်လုပ်ဖို့ စီစဉ်ပေးခဲ့တယ်။ နောက်ဆုံး ၁၉၈၉ ခုနှစ် မတ်လမှာ အစ္စရေးနိုင်ငံ LOD မြို့မှာရှိတဲ့ တဲရက်ကုမ္ပဏီမှာ အီလက်ထရွန်နစ် ပညာသင်အဖြစ် ရောက်အောင်ပို့ပေးခဲ့တယ်။ သူ့သား ဗန်ကောက်မှာ  အလုပ်အကိုင်ရဖို့စောင့်ရင်း တစ်လအကြာမှာ ၎င်း၏သားဖြစ်သူကို ထိုင်းနိုင်ငံရောက် ကျောင်းသားအဖွဲ့အစည်းများနဲ့ မတွေ့ဆုံစေအောင် ရှောင်ခိုင်းခဲ့ပါတယ်။ ဗန်ကောက်ကနေ မြန်မြန်ထွက်သွားဖို့ သူ့အဆက်အသွယ်တွေနဲ့  အကြိမ်ကြိမ် ဆက်သွယ်အကြောင်းကြားခဲ့ပါတယ်။ သမီးဖြစ်သူ ယူဇာမော်ထွန်းကိုလည်း မကသဖ (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဘဏ္ဍာရေး အဖွဲ့)မှာ အမည်စာရင်း ထည့်သွင်းထားပေမယ့် ရန်ကုန်မြို့ ကျောင်းသား၊ ကျောင်းသူများ ဆူပူလှုပ်ရှားမှု အုပ်စုထဲမှာမပါအောင် ရုံးခန်းထဲမှာ ခေါ်ထားလေ့ရှိကြောင်း ထိုခေတ်သတင်းစာ ရှင်းလင်းပွဲ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။  ဒါဟာ  အဝေးရောက်မောင်မယ်များကို လှုံ့ဆော်သူတွေရဲ့ အတွင်းစိတ်ပါပဲ။ ယခုမောင်မယ်များလည်း   ကိုယ်ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေကို ပြန်တွေးကြည့်မြင်ယောင်ကြည့်ကြပါ။ လက်ရှိအဝေးရောက်မောင်မယ်များရဲ့ မိဘတိုင်းလည်း ဒါကိုခံစား ကြည့်နိုင်ပါတယ်။

အမိမြေဆိုတဲ့  ပြည်ထောင်စုရင်ခွင်ကို  ပြန်ခိုလှုံသူတွေ စတင်ပြန်လာနေကြပါပြီ။ ဝါဒမှိုင်းတစ်ခု သို့မဟုတ် အကြောက်တရား တစ်ခုခုကြောင့် PDF ဖြစ်သွားခဲ့တဲ့ အဝေးရောက်မောင်မယ်တွေကို တပ်မတော်က ပြန်လည်လက်ခံပေးနေဆဲပါ။  ကျောင်းပြန်တက်ချင်ရင် ကျောင်းတွေ ပြန်ဖွင့်နေပါပြီ။ အမေ့အိမ်ပြန်ချင်သူတွေ အတွက် အမေတိုင်းက တံခါးဖွင့် ကြိုဆိုနေပါပြီ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ကလည်း လမ်းဖွင့် ကမ်းလင့်ကြိုဆိုလျက် ရှိနေပါတယ်။  ပြန်လာချင်သူများအတွက်   ပြန်လာချင်စိတ်တစ်ခုသာ အဓိက ခွန်အားဆိုတာကို ထပ်မံအသိပေးလိုပါတယ်။

“မောင်လေးရေ ထပါတော့..ရောင်နီလာလှပေါ့.. ညီမလေးရေထပါတော့ ရောင်နီလာလှပေါ့”ဆိုပြီး တစ်ချိန်က တေးသံရှင် အန်တီတင်တင်မြက ပန်းကောက်ဖို့ ညီငယ်နဲ့ညီမငယ်ကို တေးသွားလေးနဲ့နှိုးဆော်ခဲ့သလိုပဲ  စာရေးသူကလည်း  နိုင်ငံတော် ကိုယ်စား၊ မောင်မယ်တို့ရဲ့ မိဘများကိုယ်စား ဒီတေးသွားလေးကို သီဆိုရင်း မြန်မာဆိုတဲ့ အမိမြေပြည်ထောင်စုကြီးရဲ့ ငြိမ်းချမ်းရေး ရောင်နီတွေသန်းချိန်မှာ သမိုင်းညစ်ထဲက နိုးထပြီး တစ်ပါတည်း အိမ်ပြန်ခဲ့ကြပါတော့လို့သာ တိုက်တွန်း လိုက်ရပါတယ်။   ။

ကျော်တေဇ(ဉက္ကလာ)