ရှမ်းယူနိုက်တက်အသင်း ဧရာဝတီယူနိုက်တက်ကိုအနိုင်ရ
နေပြည်တော် သြဂုတ် ၁၃
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပသော ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်(၁) အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် (၈)ကို ယနေ့ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ ရှမ်းယူနိုက်တက် အသင်းနှင့် ဧရာဝတီယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားရာ ရှမ်းယူနိုက်တက်အသင်းမှ နန္ဒကျော်၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် ဧရာဝတီယူနိုက်တက်အသင်းကို အနိုင်ယူပြီး ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းကာ ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်၏ ရာသီဝက်ချန်ပီယံဖြစ်ရန် သေချာသွားခဲ့သည်။
ယနေ့ပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းမှာ ဇယားထိပ်က အသင်းပီပီ တိုက်စစ်ကိုဖွင့်ပြီး အနိုင်ရရှိရေး ဦးတည်ကစားသွားရာ ကျော်ဇင်လွင်၏ ထိုးဖောက်မှုကို အားပြုကစားသွားရာမှ ပထမပိုင်းပွဲ ကစားချိန် ၃၃ မိနစ်တွင် Mark Sekyi က ညာခြမ်းမှ ဖြတ်တင်ပေးသောဘောလုံးကို နန္ဒကျော်က ခေါင်းတိုက်ဂိုး သွင်းယူ နိုင်ခဲ့သည့်အတွက် ပထမပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို ၁ ဂိုးဂိုးမရှိဖြင့် ဦးဆောင်ကစားခဲ့သည်။
ဒုတိယပိုင်းတွင် နှစ်သင်းစလုံးဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ ရှမ်းယူနိုက်တက်အသင်းက နန္ဒကျော်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် ဧရာဝတီယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၇)အပြီးတွင် ဂိုးသွင်းအများဆုံး ကစားသမားများအဖြစ် ရန်ကျော်ထွေး ၇ ဂိုး၊ စိုးကျော်ကျော် ၆ ဂိုး၊ ကောင်းမြတ်သူ ၅ ဂိုးနှင့် လမင်းထွေး ၅ ဂိုးတို့က အစဉ်လိုက်ရပ်တည်လျက်ရှိသည်။
သြဂုတ် ၁၄ ရက်(ယနေ့)တွင် ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်(၁) အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၈)မှ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့သည် ညနေ ၃ နာရီတွင် သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်လွင်