မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ ယနေ့ကျင်းပမည်
ရန်ကုန် သြဂုတ် ၁၃
မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သိမ်ဖြူရိုးရာလက်ဝှေ့ခန်းမ၌ သြဂုတ် ၁၄ ရက်(ယနေ့)တွင်ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘောဒီးယား၊ နယူးဇီလန်၊ အာဂျင်တီးနား၊ ထိုင်းနှင့် အီရန်နိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်၌ပြုလုပ်သည့် ယှဉ်ပြိုင်ထိုးသတ်မည့် အားကစားသမားများ ဆေးစစ်၊ ဝိတ်တန်းချိန်ပြုလုပ်ပွဲမှ သိရသည်။
ကျွန်တော်ပြိုင်ပွဲမကစားရတာနှစ်နှစ်နီးပါးရှိပြီ။ ပထမဆုံးပြိုင်ပွဲပြန်ကစားရမယ်ဆိုတော့ ပြင်ဆင်မှုတွေ အများကြီး လုပ်ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ အဓိကအခက်အခဲကတော့ ပွဲဝေးတာပေါ့။ လက်ဝှေ့ဆိုတာ အမြဲတမ်းကစားနေမှ။ အခုဆိုအရင်အနေအထားရဖို့ကို အများကြီးလေ့ကျင့်နေရတယ်။ ပထမပြိုင်ဘက်က ပြောင်းသွားပါတယ်။ ယခုပြိုင်ဘက်ကို You Tube နဲ့ သူကစားထားတဲ့ ပြိုင်ပွဲတွေကို ကြည့်ထား ပါတယ်။ ပြိုင်ဘက်ရဲ့အားသာချက်၊ အားနည်းချက်တွေကိုကြည့်ပြီး လေ့ကျင့်ထားပါတယ်။
ဒီပွဲမှာ ကျွန်တော်အကောင်းဆုံးလုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်ဟု အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းက ပြောသည်။
ကျွန်တော်ဝီဂျစ်နဲ့ တွေ့ဆုံတာသုံးကြိမ်ရှိပြီ။ ယခုပွဲနဲ့ဆိုလေးကြိမ်မြောက် တွေ့ဆုံပွဲဖြစ်ပါတယ်။ သုံးပွဲစလုံးသရေ ဖြစ်ခဲ့တယ်။
ဒီတစ်ပွဲမှာပြတ်သားတဲ့ နိုင်ပွဲအဖြေနဲ့ချေပြလိုက်ပါ့မယ်။ လေ့ကျင့်မှုတွေပြင်ဆင်ထားပါတယ်။ ပရိသတ်ကြီး အားပေးကြပါဦးလို့ ပြောချင်ပါတယ်ဟု ပထမတန်းချန်ပီယံ စိုးလင်းဦးကပြောသည်။
ဒီပြိုင်ပွဲက မြန်မာ့ရိုးရာလက်ဝှေ့ကို ကမ္ဘာနဲ့ပိုပြီးတော့သိအောင် ချိတ်ဆက်ပေးတဲ့ပြိုင်ပွဲတစ်ခုပါ။ ကျွန်တော်တို့မှာ အေးဂျင့်တွေရှိပါတယ်။ အဲဒီအေးဂျင့်တွေနဲ့ ကျွန်တော်တို့ညှိရပါတယ်။ ပြီးရင်ကစားသမားတွေရဲ့ ထိုးသတ်ခဲ့တဲ့ဗီဒီယိုတွေကိုပြန်ကြည့်ရပါတယ်။ ပြန်ကြည့်ပြီးတော့မှ လက်ရည်တူတဲ့သူနဲ့ရွေးတာပါ။ လာမယ့်နှစ် မေလ ကမ္ဘောဒီးယားမှာ ဆီးဂိမ်းလုပ်လို့ရှိရင် ခွန်ခမာပါပါတယ်။ ခွန်ခမာချန်ပီယံကို ဒီနှစ်ခေါ်ထိုးတယ်ဆိုတာက ကျွန်တော်တို့ဘက်ကထိုးမယ့် ကလေးကလည်း ဆီးဂိမ်းအတွက်ရွေးထားတဲ့ ကလေးဖြစ်နေတဲ့အတွက် ခွန်ခမာတိုက်ခိုက်ရေးသမားတွေက ဘယ်လိုအချက်တွေမှာ အားသာတယ်။ ဘယ်လိုအချက်တွေမှာအားနည်းတယ်ဆိုတာ သိအောင်လို့ ကျွန်တော်တို့ဒီပွဲမှာ ဖိတ်ခေါ်တာဖြစ်ပါတယ်ဟု မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်အလုပ်အမှုဆောင် ဦးဝဏ္ဏကပြောသည်။
ကျွန်တော်တို့ တွဲဆိုင်းခြောက်ဆိုင်းကို အကောင်းဆုံးရွေးချယ်ပါတယ်။ တွဲဆိုင်းငါးဆိုင်းကတော့ မြန်မာ့ ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲဖြစ်ပြီး နောက်ဆုံးတွဲဆိုင်းကတော့ ဆီးဂိမ်းအတွက် အမျိုးသမီးကစားသမား ရွေးချယ်တဲ့ပွဲ ဖြစ်ပါတယ်ဟု ဦးဝဏ္ဏက ဆက်လက်ပြောသည်။
အဆိုပါ ပြိုင်ပွဲ၏ ၆၀ ကီလိုတန်းတွင် SKYNET ရွှေအောင်လံရှင် စောဘဟိန်း(မြန်မာ)နှင့် ခွန်ခမာ ချန်ပီယံသီရက် (ကမ္ဘောဒီးယား)၊ ၆၃ ဒသမ ၅ ကီလိုတန်းတွင် SKYNET ရွှေအောင်လံရှင် အဲမွီ(မြန်မာ)နှင့် ကစ်ဘောက်ဆင်ချန်ပီယံ ဂျိတ်အော်လီဗာ(နယူးဇီလန်)၊ ၆၇ ကီလိုတန်းတွင် SKYNET ရွှေအောင်လံရှင် မင်းထက်အောင်(မြန်မာ)နှင့် ကစ်ဘောက်ဆင်ချန်ပီယံအလံရောနီ(အာဂျင်တီးနား)၊ ၇၀ ကီလိုတန်းတွင် ပထမတန်းချန်ပီယံနှင့်ဒဂုံအောင်လံရှင် စိုးလင်းဦး(မြန်မာ)နှင့်မွေထိုင်းလက်ဝှေ့ချန်ပီယံ ဝီဂျစ်(ထိုင်း)၊ ၈၀ ကီလိုတန်းတွင် မြန်မာလက်ဝှေ့အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်း(မြန်မာ)နှင့် မွေထိုင်းချန်ပီယံ ဟန်တိုလီမာနီ(အီရန်)တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး အထူးအမျိုးသမီး စိန်ခေါ်ပွဲအဖြစ် အဖွဲ့ချုပ်လက်ရွေးစင် မေသဇင်ထူးနှင့် သံသာငြိမ့် (AMT2)တို့ ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးကို သြဂုတ် ၁၄ ရက်(ယနေ့)မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သိမ်ဖြူရိုးရာလက်ဝှေ့ခန်းမ၌ ကျင်းပမည်ဖြစ်ပြီး SKY NET Sports 4 နှင့် SKYNET Sports HD ရုပ်သံလိုင်းများတွင် Live ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
ဝန်းရံခ