ကော်ဖီ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ ပြည်ပမှ လွယ်ကူစွာ တင်သွင်းနိုင်ရန် တင်ပြထား

ကော်ဖီ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ ပြည်ပမှ လွယ်ကူစွာ တင်သွင်းနိုင်ရန် တင်ပြထား

ပြည်တွင်း၌ ကော်ဖီထုတ်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများကို    ပြည်ပမှ   လွယ်ကူစွာ တင်သွင်းနိုင်ရန် သက်ဆိုင်ရာသို့ တင်ပြထားကြောင်း မြန်မာနိုင်ငံကော်ဖီ အသင်း ဒုတိယဥက္ကဋ္ဌ  ဦးမင်းလှိုင်၏ ပြောကြားချက်အရ သိရသည်။

ပြည်ပသို့ စပါယ်ရှယ်ကော်ဖီနှင့် ကော်မာရှယ်ကော်ဖီများ တင်ပို့လေ့ရှိရာ စပါယ်ရှယ်ကော်ဖီများ ထုတ်လုပ်ရာတွင် ထုတ်လုပ်မှုလုပ်ငန်း အဆင့်ဆင့်၌ အသုံးပြုရသည့်ပစ္စည်းများကို ပြည်ပနိုင်ငံများမှ တင်သွင်းရခြင်း ဖြစ်ကြောင်း သိရသည်။

“ကော်ဖီတင်တဲ့    ဂုန်နီအိတ်ကအစ ပြည်ပက တင်သွင်းရတာပါ။ ကော်ဖီထုတ် လုပ်တဲ့အခါ  အသုံးပြုရတဲ့ ပါဝင်ပစ္စည်းတွေ အကုန်လုံးကို တင်သွင်းရတာပါ။ အဲဒါတွေတင်သွင်းဖို့ ငွေကြေးအခက်အခဲရှိလို့ ရုရှားနဲ့   ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ  သက်ဆိုင်ရာကို တင်ပြခဲ့တာပါ” ဟု ဦးမင်းလှိုင်ကပြောသည်။

ကော်ဖီစိုက်ပျိုးသူများ ကော်ဖီတိုးမြှင့် ထုတ်လုပ်နိုင်ရန်နှင့် စက်ပစ္စည်းများ တိုးမြှင့်တပ်ဆင်နိုင်ရန်လည်း အခက်အခဲရှိနေကြောင်း၊ ထို့ပြင် ကော်ဖီစိုက်ပျိုး ထုတ်လုပ်တင်ပို့သူများသည် ရရှိလာသည့် နိုင်ငံခြားငွေဖြင့် ကော်ဖီထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား ပြန်လည်တင်သွင်းရသည့်အတွက်  အခက်အခဲရှိကြောင်း သိရသည်။

လက်ရှိတွင် ပို့ကုန်တင်ပို့ရာမှ ရရှိသည့် ရငွေပမာဏ၏   ၆၅  ရာခိုင်နှုန်းအား မြန်မာကျပ်ငွေဖြင့် လဲလှယ်ရပြီး ကျန် ၃၅ ရာခိုင်နှုန်းကို ပို့ကုန်တင်ပို့သူက သုံးစွဲလာသောကြောင့် ယခင်လများကထက် အဆင်ပြေလာနိုင်ကြောင်း သိရသည်။

ပြည်တွင်းမှ ကော်ဖီစေ့များကို ပြည်ပသို့ တင်ပို့ရာတွင် ကော်ဖီရာသီသိမ်းသည့် ဧပြီနှင့်မေလ နောက်ပိုင်းမှစ၍  နိုဝင်ဘာလအထိ  တင်ပို့ရလေ့ရှိပြီး  ယင်းကာလအတွင်း ကော်ဖီ ထုတ်လုပ်သည့်လုပ်ငန်း အဆင့်ဆင့်အား ဆောင်ရွက်ကြကြောင်း၊ မြန်မာ့ကော်ဖီကို ဆွစ်ဇာလန်၊ တရုတ်၊ ထိုင်း၊ အမေရိကန်၊ ဒူဘိုင်း၊ ဗြိတိန်၊ အိုက် စလန်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် ဂျာမနီ နိုင်ငံတို့သို့ တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။