မွန်ပြည်နယ်ဝန်ကြီးချုပ် ဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

    မွန်ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်များ   ကြံ့ခိုင်စေရန်နှင့် အရည်အချင်းပြည့်ဝသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယခုနှစ် မွန်ပြည်နယ် ဝန်ကြီးချုပ်ဖလား  အခြေခံပညာကျောင်းပေါင်းစုံ  ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၁၃ ရက်က မော်လမြိုင်မြို့ ကျောင်းအားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးအသင်းများက  ကွင်းအတွင်း နေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံး အားကစားပြိုင်ပွဲ ကျင်းပရခြင်းမှာ  မျိုးဆက်သစ် အားကစားသမားများ ထွက်ပေါ်လာစေရန်၊ ကျောင်းသား လူငယ်များ ဘောလုံး အားကစားနည်းကို စိတ်ဝင်စားလာစေရန်၊ တိုင်းဒေသကြီး၊ ပြည်နယ်ဘောလုံး ပြိုင်ပွဲများတွင် မွန်ပြည်နယ်ဘောလုံးအသင်း အောင်မြင်မှု ရရှိစေရေးအတွက် အထောက်အကူဖြစ်စေရန်ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း၊ ဘောလုံးအားကစား အဆင့်အတန်း မြင့်မားလာစေရေး အတွက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအပြင် အခြေခံပညာကျောင်းများပါ မကျန်   ဘောလုံးအားကစားပြိုင်ပွဲများ ကျင်းပကြရန်   လိုအပ်ကြောင်း ပြောကြားသည်။

မွန်ပြည်နယ် လက်ရွေးစင်ဘောလုံး အသင်းသည် မြန်မာ့ဘောလုံးအားကစား သမိုင်းတစ်လျှောက် အောင်မြင်မှုများ ရရှိခဲ့ကာ ပြီးခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၁၉ နှစ်အောက်  အမျိုးသား ဘောလုံးပြိုင်ပွဲတွင် မွန်ပြည်နယ်အသင်းက ဒုတိယဆု ရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍   ပြိုင်ပွဲဝင် အားကစားသမားများက အားကစားအဓိဋ္ဌာန်ရွတ်ဆို ခဲ့ကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ ခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပထမနေ့ပွဲစဉ်အဖြစ် အမှတ်(၁၃) အခြေခံပညာအထက်တန်း ကျောင်းအသင်းနှင့် အခြေခံပညာ အထက်တန်းကျောင်း (မုဒွန်း)အသင်းတို့ ယှဉ်ပြိုင် ကစားနေမှုကို ကြည့်ရှုအားပေး ခဲ့ကြသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း  ၃၁  သင်း  ဝင်ရောက် ယှဉ်ပြိုင်ပြီး သြဂုတ် ၁၃ ရက်မှ စက်တင်ဘာ ၁၀ ရက်အထိ ကျင်းပလျက် ရှိကြောင်း  သိရသည်။