မိုးမြေပဲစိုက်ပျိုးသည့် မြို့နယ်တချို့၌ မြေပဲအသစ်များ စတင်ထွက်ပေါ်ချိန် ဈေးကောင်း ရရှိနေ

မိုးမြေပဲစိုက်ပျိုးသည့် မြို့နယ်တချို့၌ မြေပဲအသစ်များ စတင်ထွက်ပေါ်ချိန် ဈေးကောင်း ရရှိနေ

    မိုးမြေပဲစိုက်ပျိုးသည့် ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်တချို့၌ မြေပဲအသစ်များ   စတင်ထွက်ပေါ်ချိန်  ဈေးကောင်းရရှိနေကြောင်း  မြေပဲစိုက်ပျိုးရောင်းချသူများ၏ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် ရက် ၉၀ သက်တမ်းရှိသည့် မိုးမြေပဲများမှာ မင်းလှ၊ ရမည်းသင်း၊ နတ်မောက်နှင့် မြို့သစ် စသည့်မြို့နယ်များမှ ထွက်ရှိခြင်းဖြစ်ပြီး လတ်တလောတွင် မြေပဲအစိုတစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ ကျော်အထိ  ဈေးနှုန်းရရှိနေကာ  မြေပဲအခြောက် တစ်ပိဿာလျှင် ငွေကျပ် ၆၅၀၀ ကျော်အထိ ဈေးနှုန်း ရရှိနေကြောင်း သိရသည်။  

“ဒီနှစ်က  မိုးတော့များတယ်။  ဒါပေမဲ့ အပင်ကောင်းပြီး အထွက်နှုန်းလည်း မဆိုးဘူး။ ဒီနှစ်က ဆီကြိတ်တာလည်း များတယ်ဆိုတော့ မြေပဲဆန်ဈေးကလည်း ကောင်းပြီးသားပါ”ဟု  ပဲခူးတိုင်းဒေသကြီး  မင်းလှမြို့နယ်မှ  မြေပဲစိုက်ပျိုးသူ ဦးထွန်းလင်းကပြောသည်။

ယခင်က   မြေပဲစတင်ထွက်ပေါ်ချိန် တစ်တင်းလျှင် ငွေကျပ် ၁၅၀၀၀ မှ ၁၆၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းရရှိခဲ့ရာ ယခုနှစ်တွင် ပိုမိုဈေးကောင်း ရရှိခြင်းဖြစ်သည်။

မိုးမြေပဲစိုက်ပျိုးရာတွင် သက်တမ်း ရက် ၉၀ ရှိသည့် ဗီယက်နမ်မျိုး၊ မကွေး ၁၅ မျိုး  စသည့်မျိုးများ  စိုက်ပျိုးလျက်ရှိပြီး တစ်ဧကလျှင် တင်း ၇၀ မှ ၈၀ ဝန်းကျင်အထိ ထွက်ရှိကြောင်း၊ လက်ရှိတွင် မြေပဲဆွတ်ခနှုန်းထားမှာ တစ်တင်းလျှင် ငွေကျပ် ၂၀၀၀  မှ  ၃၀၀၀  အထိရှိနေပြီး  ဒေသအလိုက် အနည်းငယ်ကွာဟမှု ရှိနိုင်ကြောင်း သိရသည်။

မြေပဲကို လယ်ယာကိုင်း ကျွန်းမြေများတွင် မိုးရာသီ(မိုးမြေပဲ)၊ ဆောင်းရာသီ (ဆောင်းမြေပဲ)နှင့် ကြားကာလ(စကမြေပဲ)များအဖြစ် စိုက်ပျိုးလေ့ရှိကြကြောင်း၊ မိုးဦးတွင်စိုက်ပျိုးသည့် မြေပဲများကို မေနှင့်ဇွန်လများတွင် အပြီးစိုက်ပျိုးလေ့ရှိကာ သက်တမ်းသုံးလမှ သုံးလခွဲအတွင်း နုတ်သိမ်းရလေ့ရှိကြောင်း၊  မြေပဲကို  မန္တလေးတိုင်း ဒေသကြီး၊    စစ်ကိုင်းတိုင်းဒေသကြီးနှင့်   မကွေးတိုင်းဒေသကြီး တို့၌ အဓိက စိုက်ပျိုးကြကြောင်း သိရသည်။