မုံရွာခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ်၌ ကွမ်းရွက်စိုက်ခင်း ဧက ၄၁၀၀ ကျော် စိုက်ပျိုးထား

မုံရွာခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ်၌ ကွမ်းရွက်စိုက်ခင်း ဧက ၄၁၀၀ ကျော် စိုက်ပျိုးထား

    စစ်ကိုင်းတိုင်းဒေသကြီး   မုံရွာခရိုင် အတွင်းရှိ  မြို့နယ်လေးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကွမ်းရွက်စိုက်ခင်း  ၄၁၉၂ ဧက စိုက်ပျိုးထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး  စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မုံရွာခရိုင်အတွင်း၌   မြို့နယ်အလိုက် ကွမ်းရွက်စိုက်ပျိုးမှု အနေဖြင့် မုံရွာမြို့နယ်အတွင်း၌  ၁၀၄၃ ဧက၊ ချောင်းဦးမြို့နယ် အတွင်း၌  ၆၄၀ ဧက၊ ဘုတလင်မြို့နယ် အတွင်း၌  ၇၄ ဧက၊ အရာတော်မြို့နယ် အတွင်း၌  ၂၄၃၅ ဧက စိုက်ပျိုးထားသည်။

“ကွမ်းရွက်ကို အဓိကအားဖြင့် စားသုံးရန် အတွက် စိုက်ပျိုးကြတာများပါတယ်။ ဆေးမြီးတိုအဖြစ်လည်း အသုံးပြုကြသလို မြန်မာတိုင်းရင်းဆေးများ ဖော်စပ်ရာမှာလည်း အသုံးပြုကြတယ်။ စိုက်ပျိုးမှု အနေနဲ့က သန့်ရှင်းမှုကိုကြိုက်တယ်။ ခြံနဲ့စိုက်ပျိုးရတာဖြစ်တဲ့ အတွက်  ကုန်ကျစရိတ် အနည်းငယ်မြင့်တယ်။ ကျေးလက်ဒေသက မြန်မာလူမျိုးတွေရဲ့ နေအိမ်တွေမှာ  လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေကို ကွမ်းအစ်နဲ့ တည်ခင်း ဧည့်ခံတာကလည်း ရိုးရာတစ်ခုလိုပဲ ဖြစ်ပါတယ်” ဟု မုံရွာမြို့နယ် ကော်ရပြကျေးရွာမှ ကွမ်းစိုက်တောင်သူ ဦးခင်မောင်က ပြောသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကလည်း ကွမ်းရွက် စိုက်ခင်းများကို မုံရွာခရိုင် အတွင်းရှိ မုံရွာမြို့နယ်အတွင်း၌  ၁၀၄၃ ဧက၊ ချောင်းဦးမြို့နယ်အတွင်း၌  ၆၄၀ ဧက၊ ဘုတလင်မြို့နယ်အတွင်း၌ ၇၄ ဧက၊ အရာတော်မြို့နယ်အတွင်း၌ ၂၄၃၆ ဧက စိုက်ပျိုးထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။