ကသာခရိုင်အတွင်း စက်မှုကုန်ကြမ်းသီးနှံ ကြံဧက ၁၂၀၀၀၀ ကျော် စိုက်ပျိုးထား
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ်၌ စက်မှုကုန်ကြမ်းသီးနှံ ကြံ ၁၂၇၂၃၁ ဧက စိုက်ပျိုးထားကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ကသာခရိုင်အတွင်း၌ မြို့နယ်အလိုက် ကြံစိုက်ပျိုးထားရှိမှု အနေဖြင့် ကသာမြို့နယ် အတွင်း၌ ၆၁၃၃၄ ဧက၊ အင်းတော်မြို့နယ် အတွင်း၌ ၁၀ ဧက၊ ထီးချိုင့်မြို့နယ်အတွင်း ၌ ၆၅၈၅၀ ဧကနှင့် ဗန်းမောက်မြို့နယ် အတွင်း၌ ၃၇ ဧက စိုက်ပျိုးထားသည်။
“ကသာခရိုင်အတွင်းမှာတော့ နှစ်စဉ် ဧက ၁၂၀၀၀၀ ကျော်စိုက်ပျိုးကြပါတယ်။
ကြံမှာက စားတဲ့ကြံအမျိုးအစားနဲ့ ချက်တဲ့ ကြံအမျိုးအစားဆိုပြီး နှစ်မျိုးစိုက်ကြပါတယ်။ ဒေသကထွက်ရှိတဲ့ ချက်ကြံတွေကိုဒေသတွင်းမှာ ရှိတဲ့ သကြားစက်ရုံနှစ်ရုံကို အဓိကထား ပို့ကြပါတယ်။ တချို့တောင်သူတွေကတော့ သကာရည်ချက် လုပ်ကြပြီး အခြားတိုင်း ဒေသကြီးတွေဆီကို တင်ပို့ရောင်းချကြတယ်။ ကြံရဲ့သက်တမ်းက စိုက်ချိန်ကနေ ခုတ်တဲ့အချိန်အထိဆိုရင် တစ်နှစ်သက်တမ်းရှိတယ်” ဟု စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် စိုက်ပျိုးရာသီကလည်း ကသာမြို့နယ်အတွင်း၌ ၆၁၇၁၁ ဧက၊ အင်းတော်မြို့နယ်အတွင်း၌ ၃၆ ဧက၊ ထီးချိုင့်မြို့နယ်အတွင်း၌ ၆၅၈၅၀ ဧကနှင့် ဗန်းမောက်မြို့နယ်အတွင်း၌ ၃၇ ဧက စုစုပေါင်း ၁၂၇၆၃၄ ဧကကို စိုက်ပျိုး ထားနိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။