မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ ကျင်းပ
ရန်ကုန် သြဂုတ် ၁၄
မြန်မာ့ရိုးရာ လက်ဝှေ့ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲကို ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ သိမ်ဖြူ ရိုးရာလက်ဝှေ့ခန်းမ၌ ယနေ့နေ့လယ်ပိုင်းတွင် ကျင်းပရာ ထွန်းထွန်းမင်းနှင့် အဲမွီတို့ အလဲထိုးဖြင့်အနိုင်ရရှိပြီး ကျန်ပွဲစဉ်များ အားလုံး အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ် ခဲ့ကြသော်လည်း ပူးတွဲသရေဖြင့်သာ ပြီးဆုံး ခဲ့ကြကြောင်း သိရသည်။
၈၀ ကီလိုတန်းပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်း(မြန်မာ)နှင့် မွေထိုင်းချန်ပီယံ ဟန်တိုလီမာနီ(အီရန်)တို့ြိုင်ပွဲ၌ ပွဲစလျှင်စချင်း ထွန်းထွန်းမင်းက သူ့ပုံစံအတိုင်း လက်သီးတွဲလုံးရော ခြေကန်ချက်များဖြင့် ဖွင့်ကစားခဲ့ရာ ပထမအချီ ၉ စက္ကန့်အရောက် ထွန်းထွန်းမင်း၏လက်သီး ဟန်တိုလီမာနီ၏ မျက်နှာအား ထိမှန်ကာ ဟန်တိုလီမာနီယိုင် လဲကျသွား၍ အမှတ်စဉ် ရေတွက်ခံရပြီး အနားတောင်းခံရသည်။ ပထမအချီ၏ လက်ကျန်မိနစ်များအား ဆက်ကစားရာ ၂၈ စက္ကန့်အရောက်တွင် ထပ်မံ၍ မျက်နှာအထိုးခံရပြီး ဟန်တိုလီမာနီ အမှတ်စဉ် ရေတွက်ခံရပြန်ကာ ဆက်လက်မယှဉ်ပြိုင် နိုင်တော့ဘဲ ပထမအချီ ၃၇ စက္ကန့်တွင် ထွန်းထွန်းမင်း အလဲထိုးဖြင့် အနိုင်ရရှိသည်။
၆၃ ဒသမ ၅ ကီလိုတန်းပြိုင်ပွဲတွင် အဲမွီး (မြန်မာ)နှင့် ဂျိတ်အော်လီဗာ(နယူးဇီလန်)တို့ ပွဲစဉ်တွင် ယှဉ်ပြိုင် ထိုးသတ်ကြရာ အဲမွီးက အလဲထိုးဖြင့် အနိုင်ရရှိသည်။
၆၀ ကီလိုတန်းပြိုင်ပွဲတွင် စောဘဟိန်းနှင့် သီရက်(ကမ္ဘောဒီးယား)တို့ ပွဲစဉ်တွင် ခေါင်းတိုက်ချက်များ၊ ဒူးပျံများသုံး၍ အပြန်အလှန် ထိုးသတ်ကြသော်လည်း ပူးတွဲသရေဖြင့်သာ အဆုံးသတ်ခဲ့ကြသည်။ ၆၇ ကီလိုတန်းပြိုင်ပွဲတွင် မင်းထက်အောင်(မြန်မာ)နှင့် အလံ ရောနီ(အာဂျင်တီးနား)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ ပူးတွဲသရေဖြင့်သာ ပွဲပြီးဆုံးခဲ့သည်။
အလားတူ ၇၀ ကီလိုတန်းပြိုင်ပွဲတွင် စိုးလင်းဦး(မြန်မာ)နှင့် ဝီဂျစ်(ထိုင်း)တို့ ယှဉ်ပြိုင်ထိုးသတ်ကြရာ ပူးတွဲသရေဖြစ်ခဲ့ရသည်။ စိုးလင်းဦးနှင့် ဝီဂျစ်တို့၏ တွေ့ဆုံမှု သမိုင်းတွင် လေးကြိမ်မြောက် သရေကျခဲ့ခြင်း လည်းဖြစ်သည်။
အမျိုးသမီး ပြိုင်ပွဲဖြစ်သည့် မေသဇင်ထူး နှင့် သံသာငြိမ့်တို့ ပွဲစဉ်တွင် ပူးတွဲသရေဖြင့် သာ အဆုံးသတ်ခဲ့ရသည်။
ထို့နောက် မြန်မာ့ရိုးရာ လက်ဝှေ့ကမ္ဘာ့ ချန်ပီယံပြိုင်ပွဲအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်း ဒေသကြီးဝန်ကြီးများ ကြည့်ရှုအားပေးခဲ့ကြ ပြီး ဆုများပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။