ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ တတိယနေ့ပွဲစဉ်များ ဆက်လက် ကျင်းပ

ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ တတိယနေ့ပွဲစဉ်များ ဆက်လက် ကျင်းပ

နေပြည်တော်  သြဂုတ်  ၁၄

၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲကို ယနေ့မွန်းတည့် ၁၂ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ တတိယနေ့ပွဲစဉ်များအား ဆက်လက်ကျင်းပသည်။ 

ယနေ့ ဂျူဒိုပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား(-၅၅)ကီလိုတန်း ရှုံးထွက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗိုလ်လုပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ကြရာ ပထမဆုကို ကချင်ပြည်နယ်အသင်းမှ မောင်ဖြိုးသက်ဇော်၊  ဒုတိယဆုကို ဧရာဝတီတိုင်းဒေသကြီး အသင်းမှ မောင်မျိုးမင်းအောင်၊ တတိယဆုကို တနင်္သာရီတိုင်းဒေသကြီး အသင်းမှ မောင်သူရကျော်နှင့် ပူးတွဲတတိယဆုကို ချင်းပြည်နယ်အသင်းမှ မိုင်နီထွန်းကျော်တို့က လည်းကောင်း၊ အမျိုးသား(-၆၀)ကီလိုတန်း ရှုံးထွက်ပြိုင်ပွဲများကို ယှဉ်ပြိုင် ကစားခဲ့ကြ ပြီးနောက် ဗိုလ်လုပွဲ ပွဲစဉ်များကို ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမဆုကို ရှမ်း ပြည်နယ်အသင်းမှ စိုင်းဖွန်လောင်၊ ဒုတိယဆု ကို ကချင်ပြည်နယ်အသင်းမှ မောင်မိုးကျော် ကျော်၊ တတိယဆုကို ရခိုင်ပြည်နယ်အသင်းမှ မောင်နိုင်နိုင်ဝင်းနှင့် ပူးတွဲ တတိယဆုကို ကရင်ပြည်နယ်အသင်းမှ မောင်ထက်ကိုဝင်း တို့ကလည်းကောင်း၊ အမျိုးသား (-၆၆)ကီလို တန်းရှုံးထွက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစား ခဲ့ကြပြီးနောက်  ဗိုလ်လုပွဲ  ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ကြရာ ပထမဆုကို ရှမ်းပြည်နယ်အသင်းမှ မောင်ဟိန်းမင်းထက်၊ ဒုတိယဆုကို စစ်ကိုင်းတိုင်းဒေသကြီး အသင်းမှ မောင်လှိုင်မင်းခန့်၊ တတိယဆုကို မွန်ပြည်နယ်အသင်းမှ မောင်နိုင်ဌေးနှင့် ပူးတွဲ တတိယဆုကို ပဲခူးတိုင်းဒေသကြီးအသင်းမှ  မောင်အောင်လှိုင်ဘုန်းတို့က လည်းကောင်း  အသီးသီး အနိုင်ရရှိသည်။

ထို့ပြင် အမျိုးသမီး(-၄၅)  ကီလိုတန်း ဗိုလ်လုပွဲ  ပွဲစဉ်များအား  ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမဆုကို ကချင်ပြည်နယ်အသင်း မှ မတင်ဇာမြင့်၊ ဒုတိယဆုကို မန္တလေးတိုင်း ဒေသကြီးအသင်းမှ မအေးချမ်းမိုး၊ တတိယဆုကို ကရင်ပြည်နယ် အသင်းမှ မနန်းစန္ဒာစိုး နှင့် ပူးတွဲတတိယဆုကို ပဲခူးတိုင်းဒေသကြီး အသင်းမှ မသဲစုပုံတို့က လည်းကောင်း၊ အမျိုးသမီး(-၄၈) ကီလိုတန်းဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင် ကစားခဲ့ကြရာ ပထမဆုကို ကချင် ပြည်နယ်အသင်းမှ မဘန်တောမ်၊ ဒုတိယဆုကို ကရင်ပြည်နယ်အသင်းမှ နန်းသက် ထားပျို၊ တတိယဆုကို ရှမ်းပြည်နယ်အသင်း မှ မအေးအေးလွင်နှင့် ပူးတွဲတတိယဆုကို မန္တလေးတိုင်း ဒေသကြီးမှ မအေးချမ်းဖြိုးတို့က လည်းကောင်း၊ အမျိုးသမီး(-၅၂) ကီလို တန်းဗိုလ်လုပွဲ ပွဲစဉ်များအား ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမဆုကို ကချင်ပြည်နယ်အသင်း မှ မပိုးအိလွင်၊ ဒုတိယဆုကို ရန်ကုန်တိုင်း ဒေသကြီးအသင်းမှ မအေးပပဖြိုး၊ တတိယဆုကို မွန်ပြည်နယ်အသင်းမှ မမေသက်ပိုင် နှင့် ပူးတွဲတတိယဆုကို ချင်းပြည်နယ်အသင်းမှ မစန္ဒာဝင်းတို့က လည်းကောင်း၊ အမျိုးသမီး (-၅၇) ကီလိုတန်းဗိုလ်လုပွဲ  ပွဲစဉ်များအား ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမဆုကို ဧရာဝတီ တိုင်းဒေသကြီးအသင်းမှ မသဲသိမ့်သိမ့်သူ၊ ဒုတိယဆုကို ကချင်ပြည်နယ်အသင်းမှ မခေါ်မိုင်၊ တတိယဆုကို ကယားပြည်နယ် အသင်းမှ မဘောမိုနှင့် ပူးတွဲတတိယဆုကို ရှမ်းပြည် နယ်အသင်းမှ မသက်နှင်းခိုင်တို့ကလည်း ကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ  အုပ်ချုပ်သူ/နည်းပြ များနှင့် အားကစားသမားများ တက်ရောက် ကြည့်ရှု အားပေးသည်။